မော်လူးမြို့မှာ တစ်လအတွင်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၉ ဦးအပါအဝင် ၁၄ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လေဘိုရွာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၈ ဦးသေဆုံး၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မာန်ဟဲရွာ ပကဖရုံးလေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIAတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရပြီး ဇန်နဝါရီလ ၂ ရက်နေ့ ပဲခူးရွာက ပလဖရုံးလေကြောင်းတိုက်ခိုက်ခံရချိန်မှာတော့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
“တစ်လအတွင်းမှာကို ၃ ကြိမ် ပထမအကြိမ်က ပလဖစခန်းကိုပစ်တာ။ ဒါပေမဲ့ ပလဖစခန်းကို မထိဘဲ အရပ်သားကိုထိတာ။ ဒုတိယအကြိမ်ကလည်း မာန်ဟဲက ပကဖရုံးကိုကြဲတာ။ တတိယတစ်ကြိမ်ကတော့ လေဘိုရွာကိုကြဲတာ။ သူတို့က သတင်းတွေ အတိအကျထောက်လှမ်းလာတာ။ လေဘိုရွာဆိုရင်လည်း အရပ်သားရွာထဲကိုကြဲပေမဲ့ အဲ့နားတစ်ဝှိုက်ကတောတွေမှာက ကေအိုင်အေတွေလည်းရှိတယ်။ အဲ့လိုမျိုးပေါ့။”လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ လေဘိုရွာတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရတဲ့အရပ်သား ၈ ဦးထဲ ၇ ဦးကမိသားစုဝင်တွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်ခံရမှု ၃ကြိမ်မှာတော့ အရပ်သား ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို အရပ်သားနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။

မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကတည်းက တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသဖြစ်ပါတယ်။
လက်တလောမှာလည်း စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေအကြား မော်လူးမြို့မှာ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာ မရှိသလို အကြောင်းမဲ့တည်နေရာကိုသိလို့ တိုက်ခိုက်တာလို့ အထက်ဖော်ပြပါမော်လူးဒေသခံအမျိုးသားတစ်ဦးကဆိုကြပါတယ်။
“လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာက တိုက်ပွဲလည်းမရှိပါဘူး။ လေဘိုရွာဆိုရင် အရင်တုန်းကလည်းလေကြောင်း တိုက်ခိုက်ခံရတာမရှိခဲ့ဘူး။ အခုမှဘဲဖြစ်တာ။ ဘာကြောင့်ကြဲမှန်းတော့မသိပါဘူး။”လို့ ဆက်ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဖြစ်တဲ့ မာန်ဟဲနဲ့ပဲခူးကျေးရွာတို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ရုံးတွေအခြေစိုက်ထားတာ ကြောင့် အဲ့ဒီနေရာတွေကိုပစ်ခတ်ရင်း အရပ်သားတွေသေဆုံးခဲ့ရတာဖြစ်ပြီး လေဘိုကျေးရွာကတော့ တော်လှန်ရေးအင်အားစုတွေ အထိုင်ချတာမရှိပေမဲ့လည်း လေကြောင်းတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။
တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားတွေနေထိုင်ရာ ကျေးရွာနဲ့ ၃ မိုင်အကွာမှာသာ ဂိတ်စခန်းတွေအထိုင်ချ ခွင့်ရမယ်ဆိုတဲ့ စစ်ရေးအရသတ်မှတ်ချက်တွေရှိပါတယ်။
ဒါပေမဲ့ အဲ့ဒီအချက်ကို လိုက်နာခြင်းမရှိတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန်အရပ်သားတွေသေဆုံးခဲ့ရပြီး ဒေသခံတွေ အကြား ဝေဖန်မှုတွေရှိခဲ့သလို ပဲခူးကျေးရွာက အရပ်သားတွေကတော့ ကျေးရွာတွေအနီးတစ်ဝှိုက်ဂိတ်အထိုင်ချတာကို ဆန္ဒပြကန့်ကွက်ခဲ့ကြတာကြောင့် ပဲခူးရွာက ပလဖရုံးရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
By – အမိုး



