တစ်ပတ်ခန့် တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဖားကန့် တိုက်ပွဲနေရာကို စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ လေကြောင်း ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် မရှီကထောင်အနောက်ဘက်ခြမ်း ထုံးဘိုကျေးရွာ ဆုတောင်းကုန်းအနီးတဝိုက်ကို ဖေဖော်ဝါရီ ၄ ရက် ဒီမနက်ပိုင်း ၈ နာရီဝန်းကျင်မှာတစ်ကြိမ်၊ ၁၁ နာရီခန့်မှာတစ်ကြိမ်၊ စုစုပေါင်း လေယာဉ်ဗုံး ၁၀ လုံးထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
“ဒီကနေ့ အစောပိုင်းက မရှီကထောင်ဆုတောင်းကုန်းနဲ့ ဆိုင်းတောင်ရွာဟောင်းဘက်ကို လာပစ်တယ်။ မနက်ပိုင်းမှာက ဂျက်လေယာဉ်နဲ့ လာပစ်ပြီးတော့ နေ့လည် ပိုင်းကတော့ Y- 12 လေယာဉ်နဲ့ တစ်ရက်လုံးဗုံးကြဲတိုက်ခိုက်သွားတယ်”လို့ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတဲ့ နေရာဖြစ်ပြီး မနက်ပိုင်း ပထမတစ်ကြိမ်မှာ ဂျက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့သလို ဒုတိယအကြိမ် ၁၁ နာရီလောက်မှာ Y – 12 လေယာဉ်နဲ့ ပြင်းပြင်းထန်ထန်လာရောက်တိုက်ခိုက်တယ်လို့ သိရပါတယ်။

မနက်ပိုင်း လေကြောင်းတိုက်ခိုက်နေတဲ့ အချိန်အတွင်း စစ်ကောင်စီတပ်တွေဟာ ဖားကန့် မရှီကထောင်ရပ်ကွက် အများပြည်သူသွားတဲ့ လမ်းဆုံနေရာမှာ သွားလာနေတဲ့ ပြည်သူတစ်ချို့ကို ဖမ်းဆီးပြီး လမ်းမပေါ် မှောက်ထားခိုင်းကာ လူသားဒိုင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဆိုင်းတောင်မရှီကထောင်ဘက် စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့စစ်ကြောင်းတွေဟာ တိုက်ပွဲအတွင်း အထိနာနေတဲ့အတွက် လေကြောင်းနဲ့ တုန့်ပြန်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံပြည်သူတွေပြောပါတယ်။
ဒီကနေ့ တစ်ရက်တည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် ဖားကန့် မှာ ဖွင့်လှစ်ထားတဲ့ King KTV အဆောက်အဦးပေါ် လေယာဉ်ဗုံးထိမှန်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆက်သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုကြောင့် ကလန်စာသင်ကျောင်းနဲ့ မော်မောလယန်အနီးရှိ မိုးကာကျေးရွာထဲမှာ လက်နက်ကြီးထိမှန်ပြီး လက်နက်ကြီးကျမှန်ပြီး အရပ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ ဖားကန့်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတဲ့ တစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိလာပြီလို့ KNG ကိုပြောပါတယ်။
ဖားကန့်မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ခုခံတိုက်ပွဲဆင်နွှဲနေရတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။
“ဖားကန့်မှာ ဖြစ်နေတဲ့တိုက်ပွဲက စစ်တပ်က ထိုးစစ်တိုက်ခိုက်လာတာကြောင့် KIA ဘက်က ခုခံတိုက်ခိုက်နေရတာဖြစ်ပါတယ်။ အဓိက စစ်တပ်ဘက်က ဆိုင်းတောင်ဘက်ကို ထိုးလာတယ်။ အခုသူတို့ရဲ့ စစ်ဗျူဟာကြည့်ရမယ်ဆိုရင် ဆိုင်တောင်ကိုပြန်ပြီး ထိန်းချုပ်ချင်လာလို့ဖြစ်တယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလကနေ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းအထိ ဖားကန့်တိုက်ပွဲ ၂ လကျော်ခန့်အကြာ ငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို ပြန်ပြီးထိုးစစ်ဝင်တာကြောင့် တိုက်ပွဲပြန်လည် ဖြစ်ပွားနေတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



