မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း ဂိတ်တွေမှာအခွန်လျော့ကောက်ပေးဖို့ကားသမားတွေပြော
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး တစ်စီးကိုကျပ်သိန်း ၄၀ နီးပါးအထိအခွန်ပေးဆောင်နေရတာကြောင့် အခွန်လျော့ပေါ့ကောက်ခံပေးဖို့ကားသမားတွေက ပြောပါတယ်။
မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေမှာကုန်ကား(ကားကြီး) တစ်စီးကိုအခွန်ကျပ်သိန်း ၄၀ ဝန်းကျင်၊ ကားသေး(အိမ်စီးကား) တစ်စီးကိုကျပ်သိန်း ၂၀ ကျော်အထိ အခွန်တွေအဆမတန်ပေးဆောင်နေရတာကြောင့် အခွန်တွေလျော့ပေါ့ကောက်ခံပေးစေလိုကြောင်း ယင်းလမ်းပိုင်းမှာမောင်းနေတဲ့ကို ဖိုးလုံး(အမည်လွဲ) က KNG ကိုပြောပါတယ်။
“မြစ်ကြီးနားမြို့အထွက်ကစကစရဲ့ဂိတ်တွေမှာကားကြီးတစ်စီးကို သိန်း ၃၀ နီးပါးကုန်တယ်။ မြစ်ကြီးနားမြို့ထဲကထွက်တာနဲ့ ပလန ဂိတ်မှာကားကြီးတစ်စီးရှစ်သိန်းပေးရတယ်။ နောက်ပြီးလမုန်ဇွတ်မှာ ၇သိန်းကနေရှစ်သိန်းပေးရတယ် နောက်ပြီးကျန်သေးတယ်တန်ဖရဲဂိတ်အဲ့မှာအဆိုးဆုံးပဲ ၁၀သိန်းကျော်ပေးရတယ်”လို့ သူကပြောပါတယ်။
ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဟာ ပလနဂိတ်၊လမုန်ဇွပ်ဂိတ်၊တန်ဖရဲဂိတ်၊ တန်ဂျာဂိတ်၊ ဆွမ်ပီယာန်ဂိတ်၊လုံရှာယန်ဂိတ်နဲ့ မူလာရှီးဒီဂိတ် ဂိတ်ပေါင်း ၇ ခုအထိရှိပြီးအဲ့ဒီဂိတ်တွေမှာ အခွန်ကျပ်သိန်း လေးဆယ်နီးပါး အထိပေးဆောင်နေရကြောင်း ကားသမားတွေကဆိုပါတယ်။
ကားသမားတွေပြောပြချက်အရ မြစ်ကြီးနားကနေ ပူတာအိုဘက်ကို ကုန်ဆည်တင်ပြီးတက်သွားတဲ့ကားတွေဟာ လမ်းပိုင်းထဲက စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းတပ်တွေရဲ့ဂိတ်တွေမှာ စုစုပေါင်းအခွန် ကျပ်သိန်း ၅၀ ကျော်ပေးဆောင်ရပြီး ကျပ်သိန်း ၄၀ နီးပါးက စစ်ကောင်စီရဲ့ဂိတ်တွေမှာပေးနေရတာကြောင့်လျော့ပေါ့ကောက်ခံပေးစေလိုကြောင်းကားသမားတွေကဆိုပါတယ်။
“တန်ဖရဲဂိတ်မှာက ဆယ့်နှစ်သိန်းဝန်းကျင်ပေးရတယ် ပြီးတော့ တန်ဂျာဂိတ်မှာက တစ်သိန်းခွဲ နှစ်သိန်းအထိပေးရတာရှိတယ် ဆွမ်ပီယာန်မှာလေး တစ်သိန်းခွဲကနေနှစ်သိန်းအထိပေးရတယ်နောက်ပြီးလုံရှာယာန်မှာ တစ်သိန်းပေးရတယ် မူလာရှီးဒီဂိတ်မှာကတော့ပုံမှန်မရှိဘူး သုံးသိန်းကနေ ငါးသိန်းအထိပေးရတယ်”လို့ ယင်းလမ်းပိုင်းမှာမောင်းနေတဲ့ နောက်ထပ်ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

ကားတိုင်းမှာ ဂိတ်ကြေးတွေအဆမတန်ပေးဆောင်ရတဲ့အပြင် မြို့တွင်း ယာဉ်ထိန်းရဲနဲ့တိုးတဲ့အခါတွေမှာလည်း ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ ပေးဆောင်နေရကြောင်းသိရပါတယ်။
“သူတို့ကောက်တဲ့ဂိတ်ကြေးနဲ့ကျနော်တို့လမ်းကြေးရှင်းရတာနဲ့က မကိုက်ဘူးဗျ သူတို့ကိုလုပ်ကျွေးနေရသလိုဖြစ်နေတာ ကားတစ်ကြောင်းဆွဲရင်သိပ်တောင်မကျန်ဘူး အလွန်ဆုံးကျန်မှာ ၁၀ သိန်း ၁၅ သိန်းလောက်ပဲဒါတောင် ကားပြင်ရတဲ့အခေါက်တွေဆိုရင်တစ်ပြားမှမကျန်တာတွေရှိတယ် ကားဘီးတစ်ဘီးပေါက်ရင်အနည်းဆယ်သိန်းပဲဆိုတော့သူတို့ဂိတ်ကြေးကမတရားကိုများနေတာဗျ”လို့ အထက်ဖော်ပြပါ ကိုဖိုးတုတ်(အမည်လွဲ)ကပြောပါတယ်။
အထက်ဖော်ပြပါစစ်ကောင်စီရဲ့ဂိတ်တွေမှာ ၂၀၂၅ နိုဝင်ဘာလောက်အထိ ကျပ်သိန်း ၃၀ နီးပါးလောက်ပဲအခွန်ပေးရပေမယ့် အဲ့ဒီနောက်ပိုင်းကနေစပြီးတဖြေးဖြေးအခွန်တိုးမြင့်ကောက်ခံလာရာ လက်ရှိမှာတော့ ကျပ်သိန်း ၄၀ နီးပါးအထိပေးဆောင်ရကြောင်းသိရပါတယ်။
“ဂိတ်တွေကတော့မတိုးလာဘူးပုံမှန်ပဲဒါပေမယ့်ဂိတ်ကြေးပဲတဖြေးဖြေးများလာတာအရင်ကအဲ့လောက်မပေးရဘူးမူလာရှီးဒီဂိတ်ဆိုရင် တစ်သိန်းခွဲ နှစ်သိန်းလောက်ပဲပေးရတာလေးအခုကအနည်းဆုံးသိန်းသိန်းပဲတခါတလေအဲ့ထက်များတယ်ကျန်တဲ့ဂိတ်တွေလည်းအဲ့လိုပဲ ဂိတ်ကြေးက မတရားကိုများနေတာ”လို့ နောက်ထပ် ကားသမားတစ်ဦးကပြောပါတယ်။
ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာ စစ်ကောင်စီဂိတ်တွေပြင် KIAပူးပေါင်းတပ်က အကောက်အခွန်ကောက်တဲ့ဂိတ်တစ်ခုရှိပြီး အဲ့ဒီမှာ ကျပ် သိန်း ၂၀ နီးပါးလောက်ပေးရတယ်လို့သိရပါတယ်။
“KIAကတော့ တိန်ယန်ဇွတ်မှာကောက်တယ် အဲ့မှာ ကားကြီးတစ်စီးကို ၁၅ သိန်း ကနေ ၁၈သိန်း၊ ၁၉ သိန်းအထိပေးရတယ်အဲ့တာပဲအဲ့ကနေတော့တောက်လျှောက်ဟိုဘက်ကတော့တစ်သောင်းနှစ်သောင်းပဲပေးရတယ်။ အဲ့ကနေ ဆွမ်ပီယန်၊တန်ဂျာက စစ်ကောင်စီဂိတ်ဖြစ်သွားပြီ”လို့ ကားသမားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ အခုလိုအခွန်တွေမတရားကောက်ခံနေတာကြောင့် ပူတာအို၊နောင်မွန်ဒေသဘက်တွေမှာ ဆန်စျေး၊စက်သုံးဆီစျေးနဲ့အခြေခံစားသောက်ကုန်၊လူသုံးကုန်စျေးတွေဟာ အခြားဒေသတွေထက် အဆမတန်မြင့်တက်နေကြောင်းသိရပါတယ်။
ပူတာအိုဒေသဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိပြီး ဝေးလှံခေါင်ဖျားဒေသဖြစ်သလို ကုန်စည်စီးဆင်းဖို့အတွက်လည်း ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းတစ်ခုသာရှိတာဖြစ်ပါတယ်။
အဲ့ဒီကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေကာ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်မေလ မှာသိမ်းပိုက်ခဲ့ပြီးယခုအချိန်ထိထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ပူတာအို–မြစ်ကြီးနားမြို့ဝင် မြို့ထွက်နေရာတွကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတာကြောင့် ယင်းလမ်းပိုင်းရဲ့ အဓိကအစိပ်အပိုင်းတွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲလို့ဆိုနိုင်ပါတယ်။
By – Zaw Zaw



