သတင်း

မြစ်ကြီးနားလေကြောင်းလိုင်းရပ်ထားတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ

မြစ်ကြီးနားမြို့ရဲ့ လေကြောင်းခရီးစဉ်အားလုံး ယာယီရပ်နားလိုက်တာ ခုဆို  ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ည  နာရီခွဲဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ ဒီပေါက်ကွဲမှုအပေါ်  KIA/PDF ရဲအကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်လာပြီး ပြင်းထန်တဲ့တုံးပြန်မှုလုပ်ဆောင်သွားမယ်လို့ဆိုကာ လေကြောင်းခရီးစဉ်အားလုံးရပ်နားထားတာဖြစ်ပါတယ်။

မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ ကချင်ဒေသဟာ အာဏာသိမ်းပြီးနောက် ကုန်းလမ်းဖြစ်တဲ့ ရန်ကုန်မန်းလေးမြစ်ကြီးနားဗျူဟာလမ်းမကြီးရှိပေမယ့ စစ်ရေးအခြေနေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေရှိနေတဲ့အတွက် လေကြောင်းလိုင်းကိုအဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် ခုလို လေယာဉ်ခရီးစဉ်အားလုံးရပ်နားလိုက်တဲ့ မြစ်ကြီးနားကနေ မန်းလေးရန်ကုန်ဆင်းမယ့် ခရီးသည်တွေ၊ ဆေးကုရက်ချိန်းထားသူ၊အရေးပေါ် ဆေးကုသဖို့ သွားရမယ့် လူနာတွေ၊ ပြည်ပကနေ ပြန်လာရမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား၊သူတွေ အဖက်ဖက်ကနေ ပိုပြီးခက်ခဲကြပ်တည်းလာနေကြတာလည်းဖြစ်ပါတယ်။

ခုလိုလေကြောင်းခရီးစဉ်အားလုံး ရပ်နားထားတဲ့အပေါ်  ခရီးသွားရေးတင်မကဘဲ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် ထိခိုက်မှုများစွာ ရှိနေပြီး အချိန်ကြာမြင့်စွာ ဆက်ပိတ်ပင်ထားမယ်ဆိုရင် ဒေသစီးပွားရေး ကျဆင်းနိုင်သလို လူထုရဲ့ နေ့စဉ်ဘဝလည်း ပိုမို ခက်ခဲလာနိုင်ပါတယ်။

ဒီအခြေအနေအပေါ် မြို့ခံတွေ ဘယ်လိုမြင်ကြလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲဆိုတာကို  KNG ကို မေးမြန်းထားပါတယ်။

မြစ်ကြီးနားမြို့နေ အမျိုးသားလူငယ်တစ်ဦး

လေကြောင်းလိုင်းတွေ အကုန်ပြန်ပိတ်သွားတော့ အကုန်လုံးက ညီးနေကြတယ်။ ဘာမှ မလုပ်တတ်သလို ဖြစ်သွားတယ်။ အကုန်လုံးက လေယာဉ်တစ်မျိုးနဲ့ဘဲ သွားနေတာကို လေယာဉ်ပြန် ပိတ်သွားတော့ ဘယ်မှမသွားတတ် မလုပ်တတ်နဲ့ အကုန်လုံးက။ ဘယ်လိုပြောရမလဲ ဟိုးအောက်ကို ပြန်ရောက်သွားသလို။ လေယာဉ်က ဘယ်အချိန်ပြန်ဖွင့်မလဲမသိတော့ အကုန်လုံးက အာရုံနှောက်ကုန်တာ။ ပြီးတော့ လောလောဆယ် မြစ်ကြီးနားမှာ ဖြစ်နေတာက အကုန်ကြောက်ပြီး စိုးရိမ်နေတယ်။ မြစ်ကြီးနားမှာ ဘယ်အချိန်တိုက်ပွဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ အကုန်လုံးက ကြောက်ပြီး နေနေရတယ်

ကိုးရီးယားသွားဖို့ ပြင်ဆင်နေတဲ့ လူငယ် အမျိုးသမီးတစ်ဦး

ကားနဲ့ သွားမယ်ဆိုရင် မလုံခြုံဘူးလေ။ လေယာဉ်နဲ့ဘဲ သွားရမှာ  အခုကျွန်မတို့ဆို ကိုးရီးယားသွားရတော့မှာ ရန်ကုန်တက်ရတော့မှာကွာ ခုလို လေယာဉ်တွေ ပိတ်သွားတော့ ကျွန်မတို့က ဘယ်လိုမှ လုပ်လို့မရနေဘူးကွာ။ ဘယ်လိုမှ လုပ်လို့မရတဲ့အတွက် ကားနဲ့ သွားမယ်ဆိုရင်လည်း မလုံခြုံဘူး အရမ်းခက်ခဲတယ်။ သွားလာရေးလည်း ပိုခက်လာတယ်။ လေယာဉ်ကဆို ပစ္စည်းတွေ ပိုရင်လည်း အမြန်ရောက်တယ်။ ကားနဲ့ဆိုရင် အရမ်းကြာတယ်လေ နှစ်ပတ်သုံးပတ်ကြာတယ်။ အရမ်းမကောင်းဘူး လုံးဝမကောင်းဘူး။ လေယာဉ်က အမြန်ဖွင့်ရင်ကောင်းမယ်

မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦး

ကျွန်တော်ထင်တာက အဲလောက်အကြာကြီးတော့ သူတို့မပိတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း လေယာဉ်နဲ့ဘဲ သွားလာနေတော့ အဲလောက်ကြာအောင် ပိတ်ထားလို့ မရလောက်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီအတောအတွင်း ပြန်ဖွင့်မယ်လို့ ထင်တယ်။ သူတို့လည်း ခရီးသွားရမယ်ဆိုရင် လေယာဉ်နဲ့ဘဲ သွားရမှာပေါ့ ကားနဲ့မှ သွားလို့မရတာ။ ဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် သူတို့ ပြန်ဖွင့်လာမယ်လို့ထင်တယ်။

မြစ်ကြီးနားမြို့ခံ အမျိုးသမီး လူငယ်တစ်ဦး

အခက်အခဲက အရမ်းများတယ်။ တကယ်လို့ ကိုယ်ပြန်ချင်တဲ့အချိန် အရေးပေါ် အခြေအနေတွေဆိုရင် ဖြစ်လာတဲ့အချိန်တွေကြလို့ရှိရင် ပြန်လို့မရတာပေါ့နော။ ကားလမ်းနဲ့ ပြန်ပြန်မယ်ဆိုရင်လည်း ကားလမ်းက သိတဲ့အတိုင်းဘဲ ရက်သတ္တပတ် ကြာတယ်။ ဒါကြောင့် အခုလောလောဆယ် သွားလာနေတာက လေယာဉ်နဲ့ပေါ့။ လေယာဉ်နဲ့ဆိုရင် မြန်ရောမြန်တယ်၊ လုံလည်းလုံခြုံတယ်။ အခုလိုမျိုး ပိတ်လိုက်တယ်ဆိုရင်က ကျွန်မတို့ ပြည်သူတွေအတွက် အရမ်းဒုက္ခရောက်တယ်။ မြစ်ကြီးနားကနေ ရန်ကုန် သွားချင်တဲ့သူတွေအတွက်လည်း သူတို့ အလုပ်ကိစ္စတွေလည်း ရှိတယ်လေနော။ အရမ်းနှောင့်နှေးတယ် အရာရာ ပြတ်တောက်သွားသလို ဖြစ်တော့ အဆင်မပြေဘူး။

မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး

လေယာဉ်နဲ့ ခရီးသွားတာက ပိုက်ဆံသုံးနိုင်တဲ့ သူတွေဘဲဆိုတော့ ကျွန်တော်တို့ သာမန် လူလတ်တန်းစားတွေအတွက်တော့ လေဆိပ် ပိတ်တာဖြစ်ဖြစ် မပိတ်တာဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူး။ ဘာလို့ဆို ကျွန်တော်တို့ အများဆုံး သွားလာတာက တရုတ်ပြည်ဘက်က သွားလာတယ်။ မန္တလေးလမ်းဘက်က သွားလာတယ်။ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင်လည်း အရမ်းကြီး မပြောင်းလဲဘူး။ လေဆိပ်ပိတ်သွားတဲ့အတွက်ကြောင့် သာမန်ပြည်သူလူထုအတွက်တော့ ထိခိုက်နစ်နာတာ သိပ်မရှိဘူး။ ဒါပေမယ့် ရန်ကုန် မန္တလေးဘက်ကို သွားလာချင်တဲ့သူတွေလည်း ရှိမှာဘဲ လေယာဉ်နဲ့ဘဲ အများဆုံး သွားကြတာဆိုတော့။ ထိခိုက် နစ်နာတာက ရာခိုင်နှုန်းအဲသလောက် မရှိဘူး။  ကုန်ဈေးနှုန်းတွေလည်း ပုံမှန်ပါဘဲ။ ကုန်တွေက လေယာဉ်နဲ့လည်း အဓိက သယ်ယူတာမဟုတ်တော့

ဝိုင်းမော်မြို့ခံလူငယ်တစ်ဦး 

ကျနော့်အမြင့်ကတော့ ရှင်းပါတယ်။ စစ်တပ်က သူအသုံးလိုလို့ ဒါမှမဟုတ် KIA/PDF ကို ပြည်သူတွေအမြင်မှားအောင်လုပ်နေတာဖြစ်တယ်။ ပြောချင်တာက လက်နက်ကိုင်အချင်းချင်းတိုက်ချင်ရင် KIA/PDF ရှိတဲ့နေရာသွားတိုက်ကြပါ။ ဒါက အရပ်သားတွေအတွက် တကယ်လိုအပ်တဲ့လေကြောင်းလိုင်းပိတ်တာ လုံးဝမဖြစ်သင့်ဘူးလေ။ ပြီးတော့ လေယာဉ်ကလည်း ဒီတစ်စင်းပဲရှိတာလား တကယ်လုပ်ပေးချင်တဲ့ဆန္ဒမရှိလို့ပဲ စစ်တပ်ကမကောင်းကြံနေတာ အသိသာကြီးပါ။ ဒါကိုပြည်သူတွေအားလုံးလည်း သိပါတယ်

ဝိုင်းမော်မြို့ခံ အမျိုးသားတစ်ဦး

ဘာတဲ့ ဟိုနေ့က လေဆိပ်ပစ်ခတ်မှုအပေါ် ရှုတ်ချတဲ့ ဆန္ဒပြပွဲကလုပ်လိုက်သေးတယ်။ ဒါတွေလုပ်နေစရာမလိုဘူးလေ တကယ်ဆို လေယာဉ်ခရီးစဉ်တွေသူတို့လက်ထဲမှာပဲရှိတာ။ ဆန္ဒပြပွဲကလုပ်နိုင်တယ် လေယာဉ်လိုင်းပြန်ဆွဲဖို့ကျ အဲလောက်ထိခက်နေကြတာလားမသိဘူး။ တစ်ချို့ဆို ဆေးသွားကုရမယ့်သူတွေ အရမ်းခက်ကြတယ်။ ကုန်းလမ်းကလည်း ကြာ၊မသေချာ ပိုပိုခက်လာတယ် ကျနော်တို့ပြည်သူတွေအတွက် ဖြစ်နိုင်ရင်တော့ အမြန်ဖွင့်ပေးစေချင်တယ်။ 

Show More

Related Articles

Back to top button