ကချင်မှာ စစ်လက်နက်ပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်
ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။
ဒီထိခိုက်သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအပါဝင် လက်နက်ကိုင်တပ်တွေရဲ့စစ်လက်နက်ရမ်းသမ်းပစ်ခတ်တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အဓိကအားဖြင့် လေကြောင်းပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ ဖားကန့်၊ ဝိုင်းမော်နဲ့ မံစီမြို့နယ်တွေက အရပ်သားတွေရှိတဲ့ နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ စစ်ရှောင်စခန်းနဲ့ လူနေရပ်ကွက်တွေမှာ ထိမှန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ခုလို လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသူ ၂ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၂၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ပြည်သူလူထုတွေ ထိခိုက်သေဆုံးမှု မဖြစ်အောင် အကုန်လုံးမှာ တာဝန်ရှိပါတယ်။ စစ်ကောင်စီသာမက တော်လှန်ရေး အဖွဲ့အစည်းတွေမှာလည်း။ နှစ်ဖက်စလုံးက ပြည်သူလူထုကို မကာကွယ်ဘဲ ကိုယ့်စိတ်တိုင်းကျ ပစ်ခတ်နေမယ်ဆိုရင် ပြည်သူတွေ ထိခိုက်မှုတွေ ပိုရှိလာမယ်။ ဒါကြောင့် တော်လှန်ရေးဘက်ကရော စစ်ကောင်စီဘက်ကရော နီးစပ်ရာ ဒေသခံ ပြည်သူတွေကို အသိပေး ကာကွယ်တာမျိုး ပြုလုပ်ပေးရင်တော့ ထိခိုက်မှုတွေလည်း လျှော့နည်းလာမယ်လို့ မြင်ပါတယ်”လို့ Kachin Human Rights Watch အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့(Jacob)က ဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့လတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြို့နေရာတွေနဲ့ လူနေရပ်ကွက်၊လေယာဉ်ကွင်းလို နေရာမျိုးတွေမှာ လက်နက်ကြီး နဲ့ ဒရုန်းပစ်ခတ်မှုတွေကို ပိုမို တွေ့ရှိလာရတယ်လို့ သူကဆက်ပြောပါတယ်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ဖော်ပြချက်အရ ပြိီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ကချင်ဒေသတွင်းလေကြောင်းပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃၃ ဦးရှိတယ်ဆိုပါတယ်။
အဲဒီထဲမှာ ကလေး ၇ ဦး အမျိုးသမီး ၁၀ ဦးပါဝင်တယ်လို့ ဖော်ပြထားပြီး ဒါဟာ စစ်တပ်က ယခင်နှစ်တွေထက် ၂၀၂၅ မှာ အကြမ်းဖက်တိုက်ခိုက်မှုပိုလုပ်ဆောင်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးသူငယ် ၄၅ ဦးထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သေဆုံးသူအားလုံး စုစုပေါင်း (၂၂၄) ဦး ထိရှိခဲ့တာ ဖြစ်ပြီး အမျိုးသမီး (၁၀၇) ဦးနဲ့ အမျိုးသား (၁၁၇) ဦးအမျိုးသားသေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းဒေသနဲ့ မကွေးတိုင်းဒေသကြီးမှာ ထိခိုက်သေဆုံးမှု အများဆုံးလို့ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေဟာ ၂၀၂၅ဇန်နဝါရီလ ၁ရက်နေ့ကလည်း ၂၀၂၆ ဇန်နဝါရီ၁၅ရက်နေ့အတွင်း ကောက်ယူရရှိထားတဲ့ ဒေတာအချက်အလက်တွေ ဖြစ်ပြီး မြေပြင်အခြေအနေမှာတော့ သေဆုံးသူဦးရေဟာ ဒီထက်ပိုမို များပြားနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲလုပ်နေတဲ့ အချိန်ကာလအတွင်းမှာဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင် ခဲ့သလို ရွေးကောက်ပွဲပြီးသွားတဲ့ နောက်ပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၇၄) ဦးနှင့် အမျိုးသား (၈၀) ဦး စုစုပေါင်း (၁၅၄) ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈နှစ်အောက် ကလေး ၂၆ဦး ပါဝင်တယ်လို့လည်း သိရှိရပါတယ်။
By – Hope



