ပန်ဆောင်မြို့ပြည်သူ့ဆေးရုံမှာဆရာဝန်မရှိတဲ့အတွက် ဒေသခံများဆေးကုသရာမှာအခက်တွေ့
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ၊ပန်ဆောင်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေကျန်းမာရေးဆေးကုသရာမှာ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
မြို့နယ်ခွဲအဆင့်ရှိတဲ့ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတာ ၃ နှစ်ကျော်နေပြီလို့သိရပြီး ခွဲစိပ်ရမယ့်လူနာနဲ့ကျန်းမာရေးဆိုးတဲ့လူနာတွေဟာ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအထိ သွားရောက်ကာဆေးကုသမှုခံယူနေရတယ်လို့ အသက် ၄၀ အရွယ်ပန်ဆောင်မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“အရင်ရှိတဲ့ဆရာဝန်က ၂၀၂၃ ခုနှစ်လောက်မှာပြောင်းသွားတာ အဲ့နောက်ပိုင်းကတည်းကနေ ဆရာဝန်မချပေးတော့ဘူး။ အခုထိဆရာဝန်မရှိဘူးဒီတိုင်းပဲအခြေနေမကောင်းတဲ့လူနာတွေ ပြီးတော့သူနာပြုတွေမနိုင်တဲ့လူနာတွေဆိုရင် အိန္ဒိယအထိသွားနေရတယ် အဆင်မပြေဘူးဗျာ အကုန်ကျလည်းများတယ်”လို့ ပြောပါတယ်။
လက်ရှိပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဒေသခံသူနာပြုဆရာမနှစ်ဦး၊ အထက်တန်းသူနာပြုနှစ်ဦး၊ အမျိုးသားကျန်းမာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း ၅ ဦးသာရှိပြီး ဆရာဝန်မရှိဘူးလို့သိရပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ အာရုနာချယ်ပြည်နယ်(Arunachal Pradesh) ထဲအထိသွားရောက်ပြီးဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

“သွားတာကတော့ တရားဝင်နယ်စပ်လမ်းနဲ့ပဲသွားကြတယ် ဒါပေမယ့် သူများနိုင်ငံမှာသွားကုတာဆိုတော့ကုန်ကျအရမ်းများတယ်။ လမ်းစရိတ်အပြင် ဟိုရောက်ရင် အခန်းခတွေပေးရတယ် နောက်ပြီးဒီကသွားတဲ့လူအများပိုင်းက ပုဂ္ဂလိကဆေးရုံတွေမှာပဲသွားကုကြတာ အစိုးရဆေးရုံမှာကဒီဘက်ကလာတဲ့လူနာကိုသိပ်ပြီးဂရုမစိုက်ဘူး။ တခါသွားကုဖို့သိန်းဆယ်ချီကုန်တယ်လေး”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။
ဒါ့အပြင် ဆေးကုသသွားသူတွေဟာ အိန္ဒိယ–မြန်မာနယ်စပ် နာမ်ပေါင်–ပန်ဆောင်လမ်းကနေတဆင့် အိန္ဒိယပြည်အထက်ပိုင်းထဲကိုသွားရောက်ဆေးကုသနေရတာကြောင့် လမ်းခရီးနဲ့ဆေးကုစရိတ်
ကြီးမားပြီး ငွေကြေးတတ်နိုင်တဲ့သူကသာ သွားရောက်ဆေးကုသနိုင်တယ်လို့သိရပါတယ်။
ခုလိုပြည်သူ့ဆေးရုံကြီးမှာဆရာဝန်မရှိတဲ့အတွက် ပြည်သူတစ်ချို့အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသဖို့ငွေကြေးမတတ်နိုင်ကြောင့် အသက်မသေဆုံး
သင့်ပဲ သေဆုံးနေရတဲ့လူနာတွေလည်းရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။
“မြို့ပေါ်ကပြည်သူတွေအတွက်ကအဲ့လောက်ကြီးမဟုတိဘူးရွာတွေဘက် ပြည်သူတွေအတွက်တော်တော်လေးခက်တယ် ရွာနေမြို့အထိခြေလျင်တက်လာရတယ်ဒီကနေတဆင့် အိန္ဒိယ နာမ်ပေါင်အထိသွားရတယ်အဲ့နေမှဆေးရုံကိုရောက်တာ အရေးပေါ်လူနာတွေဆိုရင်မရောက်နိုင်ဘူးဒီကြားမှာတင်နှစ်ရက်သုံးရက်မကကြတယ် ဆရာဝန်မရှိတာကတော့တော်တော်လည်းခက်ခဲပါတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။
ပန်ဆောင်မြို့နယ်ခွဲတစ်ခုလုံးမှာ ပြည်သူ့ဆေးရုံအဖြစ် ပန်ဆောင်ပြည်သူ့ဆေးရုံတစ်ခုတည်းသာရှိတဲ့အတွက် မြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေနဲ့ကျေးလက်ဒေသ ရွာပေါင်း ၂၀ ခန့်က ပြည်သူတွေ အားကိုးနေရတဲ့ဆေးရုံကြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် ပန်ဆောင်မြို့ကိုအုပ်ချုပ်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်တွေချပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။
ဒေသခံတွေပြောချက်အရ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ စစ်အာဏာသိမ်းနောက်ပိုင်းကတည်းက ဆေးဝါးတွေကိုအစိုးရကတိုက်ရိုက်ချမပေးတော့တာကြောင့် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်းနအိန္ဒယ နိုင်ငံကနေဝယ်ယူသုံးစွဲနေရတာကြောင့် ဆေးကုသစရိတ်လည်းမြင့်တက်နေကြောင်းသိရပါတယ်။
လေကြောင်းလိုင်းနဲ့ရေကြောင်းလမ်းမရှိတဲ့ ပန်ဆောင်ဒေသထဲကို ကချင်ပြည်နယ်ဘက်က မြစ်ကြီးနား–တနိုုင်း–နန်းယွန်းကားလမ်းသွားလို့ရသလို၊ စစ်ကိုင်းတိုင်းဘက်က ခန္တီးက–ဒုံဟီး–နန်းယွန်းကားလမ်းပိုင်းနဲ့ဝင်ရောက်
နိုင်ပေမယ့် အဲ့ဒီကားလမ်းပိုင်းတွေမှာ ၂၀၂၄ ခုနှစ်ကစပြီး ဆေးဝါးသယ်ယူခွင့်ကိုစစ်ကောင်စီကကန့်သတ်ထားတာလည်းဖြစ်ပါတယ်။
ပန်ဆောင်မြို့ဟာ အိန္ဒယ–မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်ပေမယ့် မြန်မာနိုင်ငံထဲက လမ်းပမ်းဆက်သွယ်ရေးအခက်ခဲဆုံးမြို့နယ်ခွဲတစ်ခုလည်းဖြစ်ပါတယ်။
By – Zaw Zaw



