မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ မနေ့က(မတ်လ၂၃ရက်) နေ့လည် ၁၂နာရီ ဝန်းကျင် မိုင်းနားကျေးရွာအုပ်စု မခေါတီရွာမှာ တွဲကားတစ်စီးနဲ့ စစ်ရှောင်သားအမိ ၂ ဦး စီးလာတဲ့ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်အရှိန်ပြင်းစွာ တိုက်မိခဲ့တဲ့အတွက် ဆိုင်ကယ်မှာပါလာတဲ့ စစ်ရှောင်ကလေးကတော့ ဦးခေါင်းကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ခုလိုပြောပါတယ်။
“သူ့အမေက ဆိုင်ကယ်မောင်းတာလေ ကလေးက ရှေ့မှာမတ်တပ်ရပ်ပြီး စီးတာ။ မျက်နှာချင်းဆိုင်တိုက်ကြတာဆိုတော့ ကလေးက တွဲကားရဲ့ ဇောင်းခုံနဲ့ ဆောက်လိုက်ပုံရတယ်”လို့ ဆိုပါတယ်။

ကလေးကတော့ ဦးခေါင်းပွင့်ထွက်ပြီး အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပေမယ့်လည်း မိခင်ဖြစ်သူကတော့ ပွန်းပဲ့ရုံကလွဲပြီး ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားတော့ မရှိဘူးလို့ ပြောပါတယ်။
သေဆုံးသူကတော့ ဝူယန်ကျေးရွာနေ အသက် ၅နှစ်အရွယ် မလဖိုင်ဆိုင်းဂျာဖြစ်ပြီး လတ်တလောစစ်ရေးအခြေအနေတွေကြောင့် မိသားစုနဲ့အတူ နောင်ချိန်း IDP CAMP မှာ နေထိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ဝိုင်းမော်မြို့မှာ တွဲကားတွေတိုက်မိပြီး သေဆုံးတဲ့ ဖြစ်စဉ်တွေနဲ့ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ ၄ဦးထိရှိခဲ့တာဖြစ်ပြီး မတ်လမှာတော့ ယာဉ်တိုက်မှုပေါင်း ၇၀ကျော်ပြီးပွားခဲ့ထဲမှာ သေဆုံးသူ နှစ်ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။
By – Hope




