ကသာမြို့စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိဘူးလို့ပြော
စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ၃ လရှိလာပြီဖြစ်ပါတယ်။
ဒါပေမယ့် မတ်လ ၂၉ ရက်နေ့မှာတော့ ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကာကွယ်ရေးတပ်ဘက်က နောက်ဆုတ်သွားပြီဆိုတဲ့အကြောင်း လူမူကွန်ယက်ပေါ်မှာ သတင်းတွေထွက်ပေါ်လာတာပါ။
ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကသာကာကွယ်ရေးတပ်တွေကို KNG က မေးမြန်းရာမှာ ဒီသတင်းဟာမှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းနဲ့ စစ်ရေးအရ ခနတာနောက်ဆုတ်ထားရတဲ့အခြေနေမှာရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
“စစ်ရေးအရ ဆုတ်လိုက်တက်လိုက်ပါပဲ ဟိုလိုကြီးတပ်ဆုတ်သွားတာမရှိပါဘူး။ ဒါကသတင်းမှားသာဖြစ်တယ် ကျနော်တို့လည်း အဖက်ဖက်ကနေရင်းထားရတာလေ လွယ်လွယ်နဲ့နောက်ဆုတ်မလား မြို့သိမ်းတိုက်ပွဲရတဲ့အထိ တိုက်သွားမှာ”လို့ ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။
မတ်လ ၃၁ ရက်နေ့အထိ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို ကာကွယ်ရေးတပ်တွေရရှိထားတဲ့ နေရာတစ်ချို့ကို စစ်တပ်ကပြန်လည်ရယူထားတာကြောင့် ဝါဒဖြန့်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့ပေါ်ဟာ မြို့ပေါ် ရပ်ကွက် ၁၁ ခု မြို့နယ်အတွင်းကျေးရွာ ၂၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေအားလုံးနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာတော့ မြို့ပေါ်ရပ်ကွက်အချို့မှာ စစ်တပ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။
အဲဒီနောက် မတ်လ ၂၀ ရက်နေ့မှာတော့ ကသာမြို့မှာ စစ်တပ်ရဲ့ အဓိက တပ်ရင်းဖြစ်တဲ့ ခမရ– ၃၀၉ကို ကာကွယ်ရေးတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဟာ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းလေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် မြို့ထဲကျန်နေသေးတဲ့ပြည်သူတွေအနေနဲ့ဖြစ်နိုင်ရင် တိမ်းရှောင်ကြဖို့ ကာကွယ်ရေးတပ်က အကြိမ်ကြိမ်သတိပေးနေတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် မတ်လ ၂၉ ရက်ကစပြီး ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဟာ ပြည်သူတွေကို နေရပ်ပြန်လာဖို့ စစ်တပ်က တစ်ဖက်လှည့်နဲ့ခေါ်နေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်ပြောပါတယ်။
“ခုက တိုက်ပွဲကငြိမ်သွားတာမဟုတ်ဘူး ဖြစ်နိုင်ရင် ဒီလိုသတင်းတွေကို ပြည်သူယုံပြီး မြို့ထဲပြန်လာကြမှာစိုးရိမ်တယ် ဖြစ်နိုင်ရင်နေရပ်ပြန်တာတွေမလုပ်ဖို့ လိုတယ်”လို့ နောက်ထပ် ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။
စစ်ကိုင်း–ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ကသာမြို့ဟာ ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းကနေ ဝင်ရောက်နိုင်ပြီး စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်ပြီး တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော်(ABSDF)၊ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
By – Zaw Zaw




