KIO၊ KNU၊ CNF၊ KNPP ၊ CRPH နှင့် NUG တို့ပါဝင်တဲ့ SCEF ဖွဲ့စည်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းကို အပြီးတိုင်အဆုံးသတ်ဖို့ နှင့် တော်လှန်ရေးကိုအရှိန်အဟုန်မြင့်တင်ဖို့ ရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ ကို ဖွဲ့စည်းလိုက်ပါတယ်။
မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ ဦးဆောင်ကောင်စီ (Steering Council for the Emergence of a FederalDemocratic Union – SCEF) ကို ဖွဲ့စည်းခဲ့တဲ့ အဖွဲ့တွေကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ CNF ၊ KNPP ၊ CRPH နှင့် NUG စတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့သိရပါတယ်။
ဦးဆောင်ကောင်စီကို ‘၁။ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင် ၂။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့် ၃။ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်’ တို့ကို အခြေခံပြီးတရားဝင်ဖွဲ့စည်း လိုက်တယ်လို့ ဦးဆောင်ပါဝင်တဲ့ အဖွဲ့တွေက ပူးတွဲထုတ်ပြန်ထားပါတယ်။
အခုလို ဦးဆောင်အဖွဲ့မျိုးထွက်ပေါ်လာဖို့ ရည်ရွယ်ပြီး NUG ၊ KNU, CNF, KNPP နှင့် KIO တို့ အဖွဲ့ ၅ ဖွဲ့ဟာအွန်လိုင်းမှတဆင့် ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်တဲ့ ကချင်တော်လှန်ရေးနေ့မိန့်ခွန်းတစ်ခုမှာ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောကြားခဲ့ဖူးပါတယ်။
ဦးဆောင်ကော်မတီအကြောင်းကို ထုတ်ပြန်တဲ့ မနေ့က ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်က “ကနဦးအနေနဲ့ စတင်ဆွေးနွေးခဲ့ကြတဲ့ ကျနော်တို့ အဖွဲ့ ၅ ဖွဲ့ နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) – အားလုံးပေါင်း ၆ ဖွဲ့ နဲ့အစပျိုးတာထွက်ဖို့ ဖြစ်လာခဲ့ပါတယ်။ မဏ္ဍိုင် ၃ ခုစုံစုံလင်လင် မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုင်သူအားလုံး ပါမနေသေးတာဟာအချိန်ရဲ့စိန်ခေါ်မှုနဲ့ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် မဏ္ဍိုင် ၃ ခုတိုင်းမှာ လိုအပ်တဲ့အဖွဲ့တွေကို လာမယ့် ရက် ၆၀ အတွင်းအမြန်ဆုံးပြင်ဆင်ဖြည့်စွက်နိင်ဖို့ ကြိုစားသွားမယ်လို့ ခူဦးရယ်က ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက နေပြည်တော်တွင် လွှတ်တော်ခေါ်ယူပြီး ဒုသမ္မတစာရင်းများ တင်သွင်းနေချိန် ယခုဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို တော်လှန်ရေး အဖွဲ့များကထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဆိုင်ရာ စုဖွဲ့မှုများတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် သိထာထင်ရှားစွာ ပါဝင်ခဲ့ခြင်း မတွေ့ရသော်လည်း ယခု ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကော်မတီတွင်ပါဝင်လာခြင်းမှာ ထူးခြားမှုဖြစ်တယ်လို့နိုင်ငံရေး လေ့လာသုံးသပ်သူများ ဆိုပါတယ်။

“ထုတ်ပြန်ချက်မှာတင် KIO နာမည်နဲ့ ပါဝင်လာတာက ထူးခြားမှုဖြစ်တယ်။ တရုတ်နိုင်ငံတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတကာ ဥရောပ၊ အိန္ဒိယ၊ အာဆီယံ စတဲ့ နိုင်ငံတွေရဲ့ အခြေအနေကို ကြည့်ပြီး လှုပ်ရှားလာတာလို့တစ်ဦးတည်း သုံးသပ်မိပါတယ်” လို့ ၂၀၂၁ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးအစုအဖွဲ့ တွေပါ်ပါဝင်ခဲ့တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက KNG ကို ပြောပါတယ်။
ဒါ့အပြင် အခု ဦးဆောင်ကော်မတီဟာ အသစ်ထွက်ပေါ်လာမည့် မင်းအောင်လှိုင်အစိုးရအတွက် သတိပေးချက်တစ်ခုဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် သပိတ်အင်အားစုများ၊ တော်လှန်ရေးအဖွဲ့များ နှင့်ရွေးကောက်ခံကိုယ်စားလှယ်များ အပြင် အရပ်ဖက်အဖွဲ့အစည်းတို့ ပါဝင်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ National Unity Consultative Council (NUCC) ကို ဖွဲ့စည်းခဲ့ကြသလို ထိုစဉ်ကကချင်ကိုယ်စားပြုအနေဖြင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ KPICT က ပါဝင်ပြီးNUG အစိုးရဖွဲ့စည်းမှုမှာလည်း ပါဝင်ခဲ့ပါတယ်။
ထို့နောက် NUCC မှ KPICT နှုတ်ထွက်သွားပြီးနောက် ယခု ၂၀၂၆ ခုနှစ် ဖက်ဒရယ်ဦးဆောင်ကော်မတီမတိုင်ခင်အထိ ပေါ်ပေါက်ခဲ့သော စုဖွဲ့မှုများတွင် KIO အနေဖြင့် တရားဝင်ထုတ်ပြန် ပါဝင်ခဲ့ခြင်းလေ့လာတွေ့ရှိ ရပါတယ်။
SCEF ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ပူးတွဲထုတ်ပြန်ချက်ကို KIO ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ The Kachinnet တွင် ဖော်ပြထားပါတယ်။
SCEF တွင် KIO ဦးဆောင်ပါဝင်မှုနှင့် ပတ်သက်ပြီး ရက်ပိုင်းတွင်းလူထုထံ ရှင်းလင်းတင်ပြသွားဖို့ ရှိကြောင်း KIO နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီ ဦးဆောင်ကောင်စီ SCEF ထုတ်ပြန်ကြေညာခြင်းအခမ်းအနားမှာ‘ကချင်လွတ်လပ်ရေးအဖွဲ (KIO) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု–ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ဒုဥက္ကဋ္ဌ နှင့် အဖွဲဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPPခေါင်းဆောင်များနှင့် အဖွဲဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲဝင်များ၊ရေးရာကော်မတီ၊ဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊ အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲဝင်များတော်လှန်ရေးခေါင်းဆောင်များ’ ပါဝင်တယ်လို့ ပူးတွဲ ထုတ်ပြန်ထားကြပါတယ်။




