ထီးချိုင့်ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် မြို့ပတ်လည်မှာ တပ်စွဲနေရာယူထား
စစ်ကိုင်းတိုင်း ကချင်အစပ်က ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း မြို့ရဲ့ပတ်ပတ်လည်ကို တပ်သားတွေကအထိုင်ယူနေရာချထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဧရာဝတီမြစ်ကမ်းနဘေးက ထီးချိုင့်မြို့ကို ၂ နှစ်နီးပါး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကဘဲ ပြန်လည်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
လက်တလောထီးချိုင့်မြို့ကိုထိန်းချုပ်လိုက်တဲ့ စစ်ကော်မရှင်တပ်တွေကတော့ ထီးချိုင့်မြို့ ကြက်သွန်ခင်းရွာ၊ ကုက္ကိုကုန်းရွာ၊ ရင်ကွဲတောင်၊ တိုင်းရင်းဆေးရုံနဲ့ ထီးချိုင့်မြို့ထဲမှာ ဖြန့်ကျက်နေရာယူထားတယ်လို့သိရပါတယ်။
“လက်တလောတော့ငြိမ်နေပါတယ်။ မြို့ကတော့သူတို့လက်ထဲမှာပဲ။ ရင်ကွဲတောင်က တောင်ရိုးကြီးသီးသန့် မဟုတ်ဘူး။ အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းနဲ့သွားလို့အဆင်ပြေအောင်၊ ကသာ ဘက်ကိုလည်းတိုက်ရိုက်သွားလို့ရအောင် ဆိုပြီး ဖောက်ထားတဲ့လမ်းပေါ့နော်။ ပြီးတော့ ခွေးတွေက မြို့တစ်မြို့လုံးကိုနေရာယူထားတဲ့ပုံစံမှာရှိတယ်။”လို့ မြေပြင်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လက်ရှိထီးချိုင့်မြို့အခြေနေကိုပြောပြပါတယ်။
မတ်လ ၁၀ ရက်နေ့ ထီးချိုင့်မြို့ရဲ့တစ်ဖက်ကမ်း မန္တလေးတိုင်းထဲက တကောင်းမြို့ကိုတော်လှန်ရေးအင်အားစုတွေလက်လွှတ်ခဲ့ရတဲ့နောက် တစ်ဆက်တည်းမှာဘဲ ထီးချိုင့်မြို့ကိုထိုးစစ်ဆင်လာပြီး ပြန်လည်ထိန်းချုပ်ခဲ့တာလို့ မြေပြင်က စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။
တကောင်းမြို့ကိုထိန်းချုပ်ပြီးတဲ့နောက် ထီးချိုင်မြို့ကိုဦးတည်လာချိန် ထီးချိုင့်မြို့ဧရာဝတီမြစ်ကူးတံတား၊ တကောင်းနီကယ်စက်ရုံတို့ကို စစ်ကောင်စီတပ်သား ဦးဆုံးထိန်းချုပ်ပြီးမှ ထီးချိုင့်မြို့ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းနဘေးမှာရှိတဲ့မြို့တွေကို ပြန်လည်ထိန်းချုပ်လာတာဟာ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက် လက်လွှတ်ခဲ့ရတဲ့မြို့တွေကိုပြန်လည်အရယူဖို့ကြိုးစားလာတာဖြစ်နိုင်တယ်လို့ ကချင်စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့နဲ့ ဧရာဝတီမြစ်ကြောင်းဟာ စစ်ရေးအရအချက်အချာကျကြောင်းကို အခုလိုပြောပြပါတယ်။
“အဲ့ဒီဧရာဝတီမြစ်ကမ်းနဘေးကနေရာတွေသာသူတို့ထိန်းနိုင်လို့ရှိရင် သူတို့ရဲ့ မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို တက်လာ မယ့် သင်္ဘောတွေက အတားအဆီးမရှိ သွားလာလို့ရတယ်။ ရိက္ခာပို့တာပဲဖြစ်ဖြစ်၊ ခဲယမ်းပို့တာပဲဖြစ်ဖြစ်၊ လူပို့တာပဲဖြစ်ဖြစ်ပေါ့ နော်။ အဲ့ဒီအနေအထားဆိုတော့ ဧရာဝတီမြစ်ဘေးနားတွေပေါ့နော် အရှေ့ခြမ်းရောအနောက်ခြမ်းရောပေါ့ အဲ့ဒီနေရာကို ပြန်ထိန်းချုပ်ဖို့အတွက်က စစ်ရေးအရ တော်တော်လေးအရေးပါတဲ့အထဲမှာပါတယ်လို့ သုံးသပ်မိတာပေါ့နော်။” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်တဲ့ မိုးတွင်းကာလတိုင်းကိုမြစ်ကြောင်းကို အသုံးချကာ မန္တလေးမြို့ကနေ ဗန်းမော်မြို့အထိ နှစ်စဥ်နှစ်တိုင်းလိုလို စစ်သင်္ဘောကြီးတွေနဲ့ လေကြောင်းအင်အားပါအသုံးပြုကာ စစ်လက်နက် ရိက္ခာများတင်ပို့လေ့ရှိတာဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလို ကချင်ပြည်နယ်ရဲ့ဝင်ပေါက်လည်းဖြစ်တဲ့ စစ်ကိုင်း– ကချင်အစပ်ကိုထိန်းချုပ်ဖို့ကြိုးစားလာတာနဲ့အတူ ကချင်ပြည်နယ်နဲ့စစ်ကိုင်းအစပ်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ် သူတွေကဆိုပါတယ်။
တစ်ဖက်မှာ လက်တလော စစ်ကောင်စီစစ်ကြောင်း ထီးချိုင့်မြို့ကိုဝင်ရောက်လာတဲ့နောက်ပိုင်း မြို့အနီးတစ်ဝှိုက်က ကျေးရွာတွေ အပါအဝင် ဧရာဝတီမြစ် အရှေ့ခြမ်းက ကျေးရွာပေါင်း ၂၀ လောက်က ပြည်သူတွေလည်း ဘေးလွှတ်ရာတွေမှာပြန်လည်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
By – အမိုး




