မြစ်ကြီးနားမှာ ဓားထိုးခံရပြီး သေဆုံးမှုထပ်မံဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဓားထိုးခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ထပ်မံဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရှိရပါတယ်။
ဓားထိုးမှုဖြစ်စဉ်ကတော့ မတ်လ ၁၀ရက် ည ၁၀ နာရီ ၁၄မိနစ်မှာ မြို့မရပ်ကွက် ရွှေဖြူဟိုတယ်ရှေ့နား အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဓားထိုးခံရပြီးနောက် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ဆေးရုံကြီးဆီ အမြန်ပို့ဆောာင်ခဲ့ပေမယ့်လည်း လက်တစ်ဝက်မှာတင် သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“ဒဏ်ရာက ရင်ဘက်နဲ့ ဗိုက်မှာလားမသိဘူး ဒဏ်ရာက။ ဆေးရုံမှာ မဟုတ်ဘူး။ လမ်းတစ်ဝက်မှာတင် ဆုံးတာဟုတ်တယ်”လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ လမ်းဘေးကဆီဆိုင်တစ်ခုတွင်း ပစ္စည်းဝင်ခိုးဖို့ကြိုးစားရင်း အနီးဝန်းကျင်ကပြည်သူတွေဝိုင်းဖမ်းရာ ဆိုင်ရှင်ကနေ ဓားနဲ့ ထိုးမိသွားတာဖြစ်ကြောင့် ပြောဆိုကြပေမယ့် KNG အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။
မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့တုန်းကလည်း မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ လည်ပင်းလှီးခံထားရတဲ့ ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာဓါးထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ၁၉နှစ်အရွယ်အမျိုးသားကို ဆာလာအိတ်နဲ့ စွန့်ပစ်ထားခဲ့တာဘဲ ဖြစ်ပါတယ်။

အလားတူ မတ်လ ၇ ရက်နေ့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးမှာ အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်းများပြားနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း သတ်ဖြတ်မှုတွေမကြာခန ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။
ဖြစ်စဉ်တွေကတော့ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု၊ စက်တင်ဘာလက ၂၈ ရက်နေ့ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
ခုလိုသတ်ဖြတ်ခံရတာအပါအဝင် မူးယစ်ဆေးကြောင့် သေဆုံးသူတွေများလာတဲ့ မြစ်ကြီးနားမြိုမှာတော့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုကို သက်ဆိုင်တဲ့အာဏာပိုင်တွေဟာ လျစ်လျှူ ရှုထားကြတာအပြင် သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးလည်း တရားခံဖမ်းဆီးရမိခြင်းမရှိတဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုတွေမြင့် တက်နေပါတယ်။
By – Hope




