ဖားကန့်မှာ ဦးဇော်မိုးကို စစ်တပ်ကဖမ်းဆီး

ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးဇော်မိုးဆိုသူကိုဖမ်းဆီးထားပြီး ဒီကနေ့ထိလွှတ်ပေးခြင်းမရှိသေးသလို မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။

ဦးဇော်မိုးကို စစ်တပ်က ဧပြီလ ၂၁ ရက် ညတစ်နာရီဝန်းကျင် လုံးခင်းရွာထဲက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့သိရပြီး ဒီနေ့ထိဆို ဖမ်းဆီးခံရတာ တစ်ပတ်တိတိရှိလာပြီလို့လည်းသိရပါတယ်။

ညသန်းခေါင်ကြီးလာဖမ်းသွားတာတဲ့ ဒီနေ့ထိအဆက်သွယ်မရသေးဘူးလို့ မိသားစုတွေပြောတယ်။ ကြည့်ရတာ ပြန်လွှတ်ပေးမယ့်ပုံမပေါ်ဘူးလို့ လုံးခင်းရပ်ကွက်နေအမျိုးသားတစ်ဦးပြောပါတယ်

ဖားကန့်မှာနေထိုင်သူတွေပြောတာကတော့ ဦးဇော်မိုးဟာ ဖားကန့်ဒေသတွင်းနယ်မြေသတင်းတွေကို သူ့ရဲ့လူမူကွန်ယက်စာမျက်နှာပေါ်မှာ တစ်ခါတစ်ရံရေးသားလေ့ရှိသလို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ဖားကန့်မြို့ပေါ် ပြည်သူ့စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးငွေညစ်နေတဲ့အကြောင်းရေးခဲ့တာကြောင့် ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အလားတူ နောက်ထပ် ဖားကန့်နယ်မြေခံအလွတ်တန်းသတင်းထောက်ဖြစ်တဲ့ ကိုနှောင်ရိုးကိုလည်း စစ်တပ် ဧပြီလ ၂၃ ရက်နေ့ မိုးကောင်းမြစ်ကြီးနားလမ်းပိုင်းမှာဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဧပြီလ ၂၆ ရက်နေ့မှာတော ပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့မှာလည်း လူငယ်  ဦးဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်ကာ မရှိီကထောင်လမ်းဆုံမှာစွန့်ပစ်သွားသလို

ဧပြီလ ၂၂ ရက်နေ့မှာလည်း မိုင်ဆေးရုံကဆရာဝန်အပါအဝင်ဝန်ထမ်းများနဲ့ ဥရုစွတ်အောင်က ဝန်ထမ်းတွေနဲ့အတူ အရပ်သား ၃၆ ဦးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက တစ်ချို့ကိုတော့ ခံဝန်ကတိနဲ့ပြန်လွှတ်ပေးတာတွေရှိတယ်လို့သိရပြီး တစ်ချို့ကိုတော့ မသင်္ကာမှုနဲ့ဆက်ဖမ်းထားတယ်လို့ သိရပါတယ်။

ဖားကန့်မှာစစ်တပ်က ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နယ်မြေဘက်ကို စစ်ရေးလှုပ်ရှား၊စစ်ကြောင်းထိုးတာတွေဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲဖြစ်နေဆဲအခြေနေမှာဖြစ်နေတယ်လို့သိလည်းရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ မြို့တွင်းရပ်ကွက်နဲ့ကျေးရွာတစ်ချို့က ဘာသာရေးကျောင်းဆောက်အဦးတွေမှာ  နေရာယူတပ်စွဲထားပြီး ပြည်သူတွေကိုဖမ်းဆိးနေတာကြောင့် လုံးခင်၊မှော်စီဇာကျေးရွာတွေမှာ အပြင်ထွက်သူမရှိသလောက်နည်းပါးလာတယ်လို့လည်း ဖားကန့်နေပြည်သူတွေပြောပါတယ်။

By- Zami

Show More

Leave a Reply

Back to top button