စစ်တပ်က မြို့တွင်းထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက်သတိနဲ့သွားလာဖို့ပြော
ဖားကန့်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေက မြို့တွင်းဘာသာရေးကျောင်းနဲ့အထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက် ပြည်သူတွေသတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး စစ်တပ်နဲ့လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ လုံးခင်း၊မှော်စီဇာရွာမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့အထပ်မြင့်တည်းခိုခန်း၊ဟိုတယ်တွေမှာ နေရာယူထားပြီး ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
“ခုလောလောဆယ်တော့ မြို့တွင်းထဲမှာသူတို့က မြို့ပြင်တော့သိပ်မထွက်ရဲကြဘူး။မြို့ထဲမှာကိုနေရာယူပြီး ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတာဟုတ်တယ်။အဲဒါကြောင့် ပြည်သူတွေသတိထားသွားလာဖို့ပြောချင်တယ်”လို့ ဖားကန့်က ကာကွယ်တပ်တာဝန်ရှိသူတစ်ဦး ပြောပါတယ်။
လက်ရှိ ဝါရာဇွပ်ပြည်သူစစ်တပ်နဲ့စစ်ကောင်စီတပ်တွေဟာ လုံးခင်းရွာထဲရှိတဲ့ ၊လုံးခင်းဆေးရုံကုန်း၊ဘုန်းကြီးကျောင်း၊မှော်စီဇာ ရွာဘုန်းကြီးကျောင်း၊စကိုင်းဟိုတယ်၊နမ့်မဖြစ်နဲ့မှော်စီဇာကြားက ရခိုင်စာပေဆောက်လုပ်ဖို့ပြင်ဆင်ထားတဲ့ခြံဝင်းတွေမှာ တပ်စွဲထားသလို မြို့တွင်းအစစ်ဆေးကြမ်းနေတယ်လို့သိရပါတယ်။
KNG ရဲ့စုံစမ်းထားချက်အရ ဧပြီလတစ်လတွင်းမှာဆို ဖားကန့်မှာ စစ်တပ်ရဲ့ဖမ်းဆီးခံရသူ ၄၀ ဦး ထက်မနည်းရှိလာနေသလို တစ်ဖက်မှာတော့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေ လမ်းသွားလမ်းလာပိုပြီးခက်ခဲလာတယ်လို့သိရပါတယ်။
ဒါ့အပြင် လတ်တလော လုံးခင်းရွာထဲရှိတဲ့ ပြည်သူတွေ တိမ်းရှောင်ကြဖို့ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး KIA ပူးပေါင်းတပ်ကတော့ ထုတ်ပြန်ထားတာမျိုးတွေမရှိဘူးလို့သိရပါတယ်။
“ခုအဲလိုသတင်းတွေထွက်နေတာ ဘယ်အဖွဲ့ကကြေညာထားလဲတော့မသိဘူးဗျ။ ကျနောတ်ို့တော့မဟုတ်ဘူး ကောလဟာလလည်းဖြစ်နိုင်ပါတယ်”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ပိုင်းကစပြီး KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်ရဖို့စစ်တပ်ကကြိုးပမ်းလာတာကြောင့် တိုက်ပွဲဖြစ်နေတာ ၃ လဝန်းကျင်ရှိလာနေသလို နှစ်ဖက်တပ်အကြား ဒီနေ့ထိစစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။
By – Zami




