ဖားကန့်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ၁၅၀၀ အထိရှိ
ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းပိတ်လိုက်တဲ့နောက် ဖားကန့်ဒေသအတွင်း ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေပြီး စားသောက်ကုန်တစ်ချို့ပြတ်လပ်သွားတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေသိရပါတယ်။
ဖားကန့်လမ်းပိုင်း ပိတ်ထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က စားထုတ်ပြန်ထားတဲ့ ၁၅ ရက်အကြာမှာ ကုန်စျေးနှုန်းတွေဟာ ကြက်ဥတစ်လုံး ၁၅၀၀၊ အသား၊ ငါးတစ်ပိဿာ တစ်သိန်းအထိစျေးနှုန်းမြင့်တက်သွားတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
“လမ်းကြောင်းပိတ်လိုက်တဲ့တော့ ကုန်စျေးနှုန်းတွေကအရမ်းတက်သွားတယ်။ ကုန်စည်တွေရှိတဲ့ဟာတွေလည်နေတဲ့အခြေအနေကနေ ကြက်သား၊ ဝက်သား၊ ငါး အကုန်တစ်ပိဿာတစ်သိန်းအထက်ပဲ။ တခြားတစ်နေရာကနေ တင်သွင်းရတဲ့ကုန်တွေအားလုံးက ထိန်းလို့မရပဲစျေးတက်သွားပြီ”လို့ပြောပါတယ်။
လမ်းကြောင်းမပိတ်သေးခင်အထိ ကြက်ဥတစ်လုံးကို ၅၀၀ နဲ့ ဝယ်ယူလို့သေးပေမယ့် လက်ရှိမှာ တစ်လုံး ၁၅၀၀ ဖြစ်သွားပြီး ဝက်သားက တစ်ပိဿာ ၅ သောင်းကနေ တစ်သိန်းအထိမြင့်တက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသထဲက နေရာတစ်ချို့မှာ ကြက်သားအဝင်ပြတ်လပ်သွားပြီး အိမ်မွေးကြက်တွေသာ တစ်ပိဿာ တစ်သိန်းကျော်နဲ့ ရရှိနိုင်တော့တာဖြစ်တယ်လို့ ဆက်ပြီးပြောပါတယ်။
“ကြက်စီဘီလည်းမဝင်တော့ဘူး။ တစ်ချို့နေရာတွေမှာ အိမ်ကြက်ရနိုင်သေးတယ်။ အိမ်ကြက်လည်းအစက ဝက်သားနဲ့တန်းတူ စျေးက ၅ သောင်းပဲရှိတာ အခုက အသားငါးဆို အကုန်တစ်သိန်းကျော်ပဲ။ ငါးလည်း ဘယ်လိုဝင်နေလဲမသိဘူး။ တစ်သိန်းပဲ”လို့ပြောပါတယ်။

နောက်ပြီး ကုန်ပစ္စည်းရောင်းဝယ်တဲ့ စျေးဆိုင်တစ်ချို့မှာလည်း စားသုံးကုန်တစ်ချို့ ပြတ်လပ်သွားသလို လိုအပ်သလောက် ဝယ်ယူဖို့ခက်ခဲသွားပြီလို့ ဆက်ပြီးပြောပြပါတယ်။
ဧပြီလလောက်ကနေ တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဖားကန့်မှာ ပြည်သူတွေ စစ်ဘေးသင့်နေချိန် လမ်းပိုင်းပိတ်ဆို့ပြီး ကုန်ပစ္စည်းပြတ်လပ်နေတဲ့အခြေအနေကို ပြန်လည်ကြုံတွေ့နေကြတာဖြစ်ပါတယ်။
ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးအရ ဧပြီလ ၂၂ ရက်နေ့ကစတင်ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်သွားလာခွင့်မပြုကြောင်း သတိပေးထုတ်ပြန်ထားပါတယ်။
ဖားကန့်ပြည်သူတွေ ပြောဆိုချက်အရ ကားမိုင်း – နန့်ယားလမ်းပိုင်းကို KIA အပြင် နောက်ထပ် စစ်တပ်ဘက်ကလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ သိရပါတယ်။
KIA ဘက်က ဖားကန့် လမ်းပိုင်းပိတ်ထားတဲ့အခြေအနေမှာ လမ်းပိုင်းကို အသုံးမပြုဖို့ သတိပေးထားတဲ့အခြေအနေမှာသာဖြစ်ပြီး ကုန်ကားတစ်ချို့က ဝင်ရောက်တာတွေရှိနေသေးတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသထဲကို ဝင်ရောက်တဲ့ ကားမိုင်း – နန့်ယားလမ်းပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲက နန့်ယားကျေးရွာအထက်ပိုင်းကနေ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံရှိတဲ့နေရာအထိ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ဖားကန့်ဒေသထဲကို အဓိကကုန်စည်စီးဆင်းတဲ့ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်တပ်နဲ့ KIA နှစ်ဖက်စစ်တပ်က ထိန်းချုပ်ထားပြီး စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။
ဖားကန့်မှာ ဧပြီလဆန်းပိုင်းကနေ တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီးနောက် စစ်တပ်က ကားမိုင်း – နန့်ယားလမ်းပိုင်းကို အသုံးပြုပြီး စစ်အင်အားဖြည့်တင်းနေတာကြောင့် KIA က စစ်ရေးအရ ပိတ်ထားတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




