KIA သိမ်းပိုက်နယ်မြေ မဘိမ်းကို စစ်ကြောင်းထိုးဖို့ စစ်တပ်ပြင်ဆင်နေ
ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့ စစ်တပ်ပြင်ဆင်နေပြီး မိုးမိတ် – မဘိမ်းကြားမှာရှိတဲ့ စစ်ရှောင်တွေကိုလည်းရွှေ့ပြောင်းဖို့ ပြောဆိုထားတာတွေ ရှိတယ်လို့ သိရပါတယ်။
“အခုထိတော့ စစ်ကြောင်းတွေ ထွေထွေထူးထူးလှုပ်ရှားလာတာမတွေ့ရသေးဘူး။ ဒါပေမယ့်သူတို့ အင်အားအလုံးအရင်းနဲ့ မဘိမ်းဘက်စစ်ကြောင်းထိုးဖို့ ပြင်နေတယ်ဆိုတာတော့ ပြီးခဲ့တဲ့အပတ်ကတည်းကဟုတ်တယ်။ မိုးမိတ်နဲ့ဘော်ဒဲရွာဒေသခံတွေ မဘိမ်းလမ်း ဘဟဲမှာတိမ်းရှောင်ခိုလှုံနေတာရှိတယ်။ စစ်တပ်ကတော့ အဲဒီက ရွာတွေကိုလည်း ထပ်ရှောင်ခိုင်းထားတယ်”ဟု မိုးမိတ်ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းက မန္တလေး ကနေမိုးမိတ်မြို့ဖက်ကို စစ်တပ် ကားအစီး ၅၀၀ ခန့်နဲ့ အင်အားဖြည့် ချီတက်လာတယ်လို့ သတင်းတွေပျံ့နှံ့ခဲ့ပါတယ်။
စစ်တပ်က မိုးမိတ်ကနေ မဘိမ်း – ငါးအိုး ဖက်လမ်းပေါက်အောင် ထိုးစစ်ဆင်ပြီးကချင်ပြည်နယ်ထဲကို ဝင်ရောက်ဖို့ စစ်ဗျူဟာဆွဲနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသတွင်းစစ်ရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“မိုးမိတ်ကနေ မဘိမ်းဘက် ဦးတည်စစ်ကြောင်းထိုးဖို့ စစ်တပ်ပြင်ဆင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းအတော်ပြင်ဆင်ထားပုံရတယ်။လောလောဆယ်တော့ ငါးအိုးဘက်ကနေစစ်တပ်တွေလှုပ်ရှားနေတယ်။ အဲမှာတင်အထိနာလို့ ပြန်ဆုတ်ရလို့ ငြိမ်နေသေးတဲ့သဘောဖြစ်တယ်။ သူတို့ ဗျူဟာဆွဲနေတဲ့အနေအထားလို့ မြင်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေလည်း သူတို့နဲ့အနီးကပ်စောင့်ကြည့်ပိတ်ဆို့ဖို့ အနေအထားဖြစ်တယ်။ ကချင်ပြည်ဘက်ကို ရေကြောင်းနဲ့ပဲအဆင်မပြေလို့ ကုန်းကြောင်းပေါက်အောင် စစ်တပ်တွေထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရတယ်”လို့ မိုးမိတ်ဒေသ စစ်ရေးကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့လောက်က ငါးအိုးဘက်ကနေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတဲ့ စစ်တပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ တပ်ပေါင်းစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကအထိနာခဲ့တာကြောင့် စစ်ကြောင်းတွေ ပြန်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ငါးအိုးဘက်ကနေ လှုပ်ရှားနေတဲ့စစ်ကြောင်းတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာနေတဲ့အနေအထားဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဗန်းမော် – ရွှေကူတွေဖက်ကို ကုန်းလမ်းဖောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကလည်း မိုးမိတ်ဘက်က စစ်ကြောင်းတွေ ငါးအိုး– ရွှေကူတွေဘက်ကို မပူးပေါင်းနိုင်အောင်ပိတ်ဆို့ထားတဲ့ အနေအထားမှာ ရှိနေတယ်လို့သိရပါတယ်။
လက်ရှိ မြစ်ကြီးနား – ဗန်းမော် – မဘိမ်း – မိုးမိတ် – မိုးကုတ် – မန္တလေး စတဲ့လမ်းပိုင်းမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးတပ်ပေါင်းစုတွေက မဘိမ်းမြို့နယ် ရွှေလီမြစ်ဝှမ်းတစ်ကြောနဲ့ ကချင် – ရှမ်းထိစပ်ဒေသတွေကို ထိန်းချူပ်ထားတာကြောင့် စစ်တပ်စစ်ကြောင်းတွေ လှုပ်ရှားသွားလာဖို့ ခဲယဉ်းနေတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ




