မြို့ခံတွေ ပြန်မလာရင် နေအိမ် ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်

အင်းတော် နဲ့ မော်လူးမြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေသလို ထွက်ပြေးနေတဲ့ မြို့ခံတွေကိုလည်း ပြန်မလာရင် နေအိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိမှာ မြို့တွင်း ပြန်လည်ဝင်ရောက်လာသူ အနည်းငယ်သာရှိသေးပြီး အများစုကတော့ မတည်ငြိမ်သေးတဲ့ စစ်ရေးအခြေအနေကြောင့် ဆက်လက် တိမ်းရှောင်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ခြောက်ကပ်နေဆဲပဲ။ စစ်အုပ်စုဘက်ကလည်း မဝင်တဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်နေတာတွေရှိတယ်။  တချို့ကတော့ ဝင်တဲ့သူတွေလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က စာသင်ကျောင်းပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေပြီး အင်းတော်မြို့ အထက် မော်လူး နဲ့ နဘားဘက်မှာ ပျက်စီးမှုနည်းတာကြောင့် ကျောင်းဖွင့်ဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တစ်ဖက်မှာ ဒေသတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့ အခြေအနေရှိနေသေးတဲ့ကြားက စစ်တပ်ဘက်က စာသင်ကျောင်း တွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတာဟာ လူသားဒိုင်းအဖြစ် အသုံးချလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်နိုင်တယ်လို့ Indaw Revolution IR က မေလ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုက တိုက်ပွဲတွေမငြိမ်သေးဘူး။ ဘယ်အချိန်ထဖြစ်မလဲ မသိဘူး။ သူတို့က ကျောင်းဖွင့်ဖို့ ပြင်ဆင်နေတယ်။ ကျနော်တို့ မြင်တာကတော့ လူသားဒိုင်းလုပ်ချင်လို့ ဖွင့်တာလို့ပဲ မြင်တယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မော်လူးမြို့ဆေးရုံ ပြန်ဖွင့်နိုင်ဖို့အတွက်လည်း သန့်ရှင်းရေးလုပ်ဆောင်ဖို့ မော်ဟန်ဒေသခံတွေကို တစ်အိမ်တစ်ယောက် လုပ်အားပေးဖို့ တိုက်တွန်းနေတာရှိတယ်လို့ Indaw Revolution IR က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာ ထီးချိုင့်မြို့ထဲကိုလည်း ပြီးခဲ့တဲ့ မေလပထမအပတ်အတွင်း ယာဉ်အစီးရေ ၃၀၀ ကျော် ဝင်ရောက်လာခဲ့ပြီး ဝန်ထမ်း တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေသေးတာကြောင့် မြို့ခံအများစုက လုံခြုံရေးအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ ထီးချိုင့်မြို့ကို မတ် ၂၅ ရက်၊ အင်းတော်မြို့ကို ဧပြီ ၃၀ ရက် နဲ့ မော်လူးမြို့ကို မေ ၅ ရက်နေ့တွေမှာ အသီးသီး ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မေလ ပထမအပတ်က စလို့ ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ပြန်လည်စေလွှတ်တာ၊ မြို့ခံတွေကို ပြန်လည် ဝင်ရောက်နေထိုင်ဖို့ ဖိတ်ခေါ်တာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်တာတွေကို ဆက်တိုက်လုပ်ဆောင် လာပြီး ဒေသတွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့ လှုပ်ရှားလာတာဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button