နမ့်ခမ်းမှာ မြေရှားစမ်းသပ်ရှာဖွေနေမှုကို ဒေသခံတွေ ကန့်ကွက်စာ တင်ထား

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို မြေရှားသတ္တုတူးဖော်ဖို့ ကိုးကန့်တပ်ဖွဲ့က စမ်းသပ်တူးဖော်ရေးတွေ လိုက်လံလုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။

နမ့်ခမ်းမြို့ကနေ ကား၊ဆိုင်ကယ်နဲ့ တစ်နာရီဝန်းကျင်အကွာအဝေးမှာရှိတဲ့ ၀လိုင်းကျေးရွာ ဆင်လီဘွမ်တစ်ကြောကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဒေသခံတွေကို အသိမပေး ညှိနှိုင်းခြင်းမရှိပဲ ရွာခံတွေမသိအောင် မြေရှားသတ္တုတူးဖော်ဖို့ စမ်းသပ်ဝင်ရောက်နေခဲ့တာလို့ ၀လိုင်းကျေးရွာဒေသခံတွေက ပြောပါတယ်။

သူတို့က ရွာသားတွေကို ဘာမှအသိပေး ညှိနိုင်းတာမရှိပဲ လိုက်စမ်းသပ်တူးဖော်နေတာဖြစ်တယ်။ အခု သူတို့လိုက်စမ်းတူးပြီး မြေရှားထွက်နှုန်းရှိရင်တော့ တူးဖို့စီမံကိန်းရှိတဲ့အနေအထားဖြစ်တယ်။ ရွာက လူကြီးတွေက ကိုးကန့်ကို မတူးပေးဖို့ မစမ်းသပ်ဖို့ သွားပြောတော့ သူတို့က စစ်သားတွေအဖွဲ့လိုက်နဲ့ အင်အားနဲ့ပြန်လာပြီး ဆက်တူးနေကြတာ။ ဒါကြောင့် ဒေသခံတွေ ကန့်ကွက်စာ ထပ်ထည့်ထားတယ်။” လို့ နမ့်ခမ်းမြို့နယ် ၀လိုင်းကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ကျော်ကစပြီး ဆင်လီဘွမ်တစ်ကြောကို မြေရှားတူးဖို့ ကိုးကန့်တပ်ဖွဲ့တွေ ရွာခံတွေကို အသိမပေးပဲ စတင် ဝင်ရောက် စမ်းသပ် တူးဖော်လာတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ကိုးကန့်တပ်ဖွဲ့တွေ မြေရှားစမ်းသပ်တူးဖော်နေကြတာကို ဧပြီလ ၂၉ ရက်နေ့မှာ ရွာခံတွေ သွားရောက်တွေ့ရှိခဲ့ပြီးနောက် လုပ်ငန်းကို ရပ်တန့်ပေးဖို့ ကျေးရွာတာဝန်ရှိသူတွေက သွားရောက်တောင်းဆိုခဲ့ပေမယ့်  ကိုးကန့်ဘက်က လုံခြုံရေးအပြည့်နဲ့ ဆက်လက်တူးဖော် နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ မေလ  ရက်နေ့မှာ ထပ်မံပြီး ဒေသခံတွေက  ကိုးကန့်တပ်ဖွဲ့ဆီ ကန့်ကွက်စာတင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်ရှိဒေသခံပြည်သူတွေဟာ စိုက်ပျိုးရေးကိုသာ အဓိက မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတာကြောင့် အခုလို မြေရှားသတ္တုဆိုဒ်တွေ ဝင်ရောက်လာပါက ရေ၊ မြေ၊ တောတောင်တွေ အဆိပ်သင့် ပျက်စီးပြီး ဒေသခံတွေ လုပ်စားရာမြေနေရာ ပျက်စီးလာမှာကို စိုးရိမ်တာကြောင့် အဓိက ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒီဒေသတွေက လုပ်ကိုင်စားသောက်ရာနေရာတွေ သိပ်မရှိဘူးလေ။ တောတောင်တွေ အဲလောက်သိပ်မရှိတာကို သူတို့က မြေရှားသတ္တုတူးလိုက်မယ် ဆိုရင် သောက်သုံးရေတွေ ပျက်စီးသွားမယ်၊ စားကျက်မြေတွေ ဆုံးရှုံးလာမယ်။ ဒါကြောင့် ကန့်ကွက်တာဖြစ်တယ်။ လို့ ၀လိုင်းရွာခံ အမျိုးသားက ဆက်ပြောပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဟာ တအာင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ကို လက်နက်အင်အားနဲ့ အတင်းအဓမ္မ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိ မန်တုံဘက်မှာလည်း ကိုးကန့် MNDAA  TNLA နဲ့ UWSA လက်နက်ကိုင်တွေဟာ ၀ကုမ္မဏီ   တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ  မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းဆိုက်တွေ ဖွင့်ကာ လုပ်ငန်းလုပ်ဆောင်နေပြီလို့ ဆက်လက်သိရပါတယ်။

လက်ရှိ ကိုးကန့် MNDAA ဟာ မန်တုံ – နမ့်ခမ်းတစ်ကြော စမ်းသပ်တူးဖော်ရေးတွေ လုပ်ဆောင်ပြီးသလောက်ရှိနေပြီဖြစ်ပြီး ဟိုနမ့်ရွာ – ၀လိုင်းရွာ ဆင်လီဘွမ်တစ်ကြောဆီ ရောက်ရှိလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

သူတို့က မြေရှားလိုက်စမ်းတူးပြီး ရှိတယ်ဆိုရင်တော့ ပြည်သူတွေ သဘောမတူဘူးဆိုလည်း အတင်းအဓမ္မတူးဖို့ လုပ်နေတဲ့အနေအထားဖြစ်တယ်။ ပြည်သူတွေကို ဘာမှမကြောင်းမကြား၊ ညှိနှိုင်းတာလည်းမရှိ သွားပြောလည်း စစ်သားတွေ လုံခြုံရေးအင်အားထပ်ဖြည့်ပြီး စမ်းတူးနေတာဖြစ်တယ်။ ဒေသခံတွေက မရရအောင် ကန့်ကွက်သွားမှာ ဖြစ်တယ်။”  လို့ ၀လိုင်းကျေးရွာ ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။   

အဲဒီ နမ့်ခမ်း – ဆင်လီဘွမ် တစ်ကြောနေရာမှာ အရင်ကလည်း တအာင်းတပ်ဖွဲ့ TNLA က မြေရှားသတ္တုတူးဖော်ဖို့ လုပ်ငန်းဆိုက် အဆောင်တွေ ဆောက်လုပ်ပြီးခဲ့ပြီဖြစ်ပေမယ့် ဒေသခံတွေ သဘောမတူ ကန့်ကွက်ခဲ့ကြတာကြောင့် လုပ်ငန်းပြန်ရုတ်သိမ်းလိုက်တဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထပ်မံပြီး မြေရှားတူးဖော်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ကာ TNLA ထိန်းချုပ်နယ်မြေတွေမှာ အတင်းလိုက်လံတူးဖော်နေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံက ပြောဆိုနေပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ လက်ရှိ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး ကချင် နဲ့ ထိစပ်နေတဲ့ ဒေသဖြစ်ကာ လက်ရှိ ကချင်ပြည်နယ်ဘက်မှာလည်း မန်ဝိန်းကြီးအထက်ဘက် ကိုင်းထိပ်တစ်ကြောကို မြေရှားတူးဖော်ဖို့ KIO က ပြင်ဆင်နေတာရှိပါတယ်။

ဒါကြောင့် အဲဒီဒေသတစ်ကြောက ဒေသခံပြည်သူတွေဟာ ဘိုးဘွားအမွေအနှစ်၊ တောတောင်၊ မြေ နဲ့ ရေချောင်းများ အဆိပ်သင့် ပျက်စီးသွားပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်ရာနေရာ ပျောက်ဆုံးလာမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button