မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူ့အသံ နားထောင်ပေးဖို့ ဝိုင်းမော်ဒေသခံတွေ တောင်းဆို
မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့အသံကို နားထောင်ပေးဖို့နဲ့ ဧရာဝတီမြစ်ကို သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းခွင့်ပေးဖို့ ဝိုင်းမော်ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။
စက်တင်ဘာ ၂၆ ရက် ကမ္ဘာ့မြစ်ချောင်းများနေ့ (World Rivers Day) မှာ ဝိုင်းမော်ဒေသခံ ၁၀၀ ဝန်းကျင်က မေခနဲ့ မလိခမြစ် ပေါင်းဆုံရာ မြစ်ဆုံအထက် တစ်နေရာမှာ စုဝေးပြီး လှုပ်ရှားမှုလုပ်ခဲ့ချိန်မှာ အခုလို တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ အစီအစဉ်မှာ ပါဝင်သူတွေက ပြောပါတယ်။
လှုပ်ရှားမှုကို စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီကနေ မွန်းလွဲ ၁ နာရီခန့်အထိ လုပ်ခဲ့ပြီး အစီအစဉ်အစမှာ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်ချောင်းတွေကို ကာကွယ်ဖို့ ဟောပြောတာနဲ့ ဆုတောင်းတာတွေ လုပ်ခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီနောက် “မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းပါစေ၊ ဧရာဝတီကို ကာကွယ်ကြစို့၊ NO Myitsone Dam၊ ပြည်သူအသံကို နားထောင်ပါ၊ ဧရာဝတီမြစ်ကို တို့ချစ်သည်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့အသံကို နားထောင်ပေးဖို့နဲ့ ဧရာဝတီမြစ်ကို ကာကွယ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ အစီစဉ်မှာပါဝင်တဲ့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ။
အစီအစဉ်မှာ ပါဝင်သူ နောက်ထပ် ဒေသခံတစ်ဦးက လှုပ်ရှားမှုလုပ်ဖို့ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိပေမယ့် မြစ်ဆုံစီမံကိန်းကို မကန့်ကွက်ဘဲ နေလိုက်ရင် ပြည်သူတွေ သဘောတူလိုက်ပြီလို့ ယူဆခံရမှာကို စိုးရိမ်တာကြောင့် အခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ပြောပါတယ်။
“လှုပ်ရှားမှု ပြုလုပ်ဖို့ကို အရမ်းကြောက်ပါတယ်။ ကန့်ကွက်တဲ့အစီအစဉ်တွေကို ဘယ်လိုလုပ်နိုင်မလဲဆိုတာ တအားစိုးရိမ်ကြောက်ရွံ့ကြပါတယ်။ ဒါပေမယ့် မကန့်ကွက်လို့လည်း မရဘူးဖြစ်နေပါတယ်။ KIO၊ KIA ကလည်း ပြည်သူအသံဟာ သူတို့ရဲ့အသံပဲလို့ ပြောထားတော့ ဒို့ပြည်သူတွေ အသံမထွက်တော့ရင်၊ ပြည်သူတွေ ငြိမ်သက်သွားရင် သဘောတူလိုက်ကြပြီလို့ ခံယူလိုက်ကြမှာကို အင်မတန်စိုးရိမ်ပါတယ်။ ဒါကြောင့် အားလုံးက စိုးရိမ်မှုကြားက စိတ်အားထက်သန်စွာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်” လို့ အစီအစဉ်မှာ ပါဝင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကို ဒေသခံတွေက အရင် ၁၅ နှစ်လုံး အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး အခု ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းလာတာကြောင့် မလိုလားကြောင်း ထပ်ပြီး ဖော်ပြတာဖြစ်တယ်လို့ အစီအစဉ်မှာ ပါဝင်သူ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်ကတည်းက ဒေသခံတွေဟာ မြစ်ဆုံစီမံကိန်းကို အပြင်းအထန်ကန့်ကွက်ကြတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လုံး ကန့်ကွက်ကြတယ်။ ဒါပေမယ့် အခုပြန်ပြီး ရိုက်ခတ်လာတယ်၊ မြစ်ဆုံစီမံကိန်းလုပ်ဖို့ ပြန်ဆူပွက်လာတယ်။ ဒီစီမံကိန်းကို အရင်ကတည်းက အလိုမရှိသလို အခုထိလည်း လုံးဝကန့်ကွက်ကြောင်း ဖော်ပြလိုတာဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းဟာ အရင်ကတည်းက ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ရပ်နားထားခဲ့တာဖြစ်ပြီး လက်ရှိမှာ စီမံကိန်းပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းလာတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်က ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။
တစ်ဖက်မှာလည်း KIO၊ KIA က မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထားကို အတိအလင်း ထုတ်ပြန်ထားတာ မရှိသေးပေမယ့် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ ပြည်သူတွေရဲ့သဘောထားနဲ့ တစ်သားတည်းရှိတယ်လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လိုက်လံဟောပြောတာတွေ ရှိနေချိန်မှာ ကန့်ကွက်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် လူထုအနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ စိုးရိမ်နေကြရတယ်လို့ အစီအစဉ်မှာ ပါဝင်သူတွေက ပြောပါတယ်။
“သူတို့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လိုက်လံဟောပြောနေကြတဲ့အခါ ဒေသခံလူထုတွေဟာ အင်မတန်ကန့်ကွက်လိုတာဖြစ်တယ်။ ဒါပေမယ့် သူတို့က ကန့်ကွက်တဲ့သူတွေကို ဖမ်းဆီးမယ်၊ ထောင်ချမယ်လုပ်ထားပြီး ခြိမ်းခြောက်ထားတာကြောင့် ဒေသခံပြည်သူတွေက ဘယ်လောက်ထိ ကန့်ကွက်ဆန္ဒပြချင်ပေမယ့် မပြောရဲဘူး၊ ကန့်ကွက်စကားတွေ မပြောရဲဘူးဖြစ်နေတယ်။ ဒါပေမယ့် ပြည်သူလူထုအားလုံးဟာ ဒါကို လုံးဝအလိုမရှိကြောင်း ဖော်ပြချင်ပါတယ်” လို့ နောက်ထပ်ပြည်သူတစ်ဦးက ဆကပြောပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ ၃ ရက်တာကို ကမ္ဘာ့မြစ်ချောင်းများနေ့ (World Rivers Day) အဖြစ်သတ်မှတ်ထားပြီး ဒီ ရက်တွေမှာ နိုင်ငံတကာမှာ မြစ်ချောင်းများကို ကာကွယ်ကြဖို့ အစီအစဉ်တွေ ပြုလုပ်ကြတာဖြစ်ပါတယ်။
မြစ်ချောင်းတွေဟာ လူသားတွေရဲ့ အသက်ရှင်သန်ရပ်တည်ရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အလွန်အရေးကြီးကြောင်း သတိပေးဖို့နဲ့ မြစ်တွေကို သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းခွင့်ရစေဖို့၊ မြစ်တွေကို ပျက်စီးစေတဲ့ ရေကာတာတည်ဆောက်မှုတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာမှာ လှုပ်ရှားမှုတွေ လုပ်ကြပါတယ်။
ဒါ့အပြင် မြစ်တွင်းရှိ ရေနေသတ္တဝါတွေနဲ့ သစ်ပင်ပန်းမန်တွေကို ထိန်းသိမ်းဖို့၊ သန့်ရှင်းတဲ့ရေကို ရရှိခံစားနိုင်ဖို့နဲ့ ဒေသခံပြည်သူတွေနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတွေ အတူတကွ လက်တွဲလှုပ်ရှားကြဖို့လည်း ရည်ရွယ်ချက်များနဲ့ နိုင်ငံတကာအသီးသီးက လှုပ်ရှားမှု ပြုလုပ်ကြတာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




