စစ်တပ်ရဲ့ စစ်ရေးဖော်ဆောင်မှုအတွင်း အရပ်သားသေဆုံးမှုရှိနေ
ဖားကန့်၊ လုံးခင်းအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီ ဒရုန်းပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေဖြစ်နေတယ်လို့သိရပါတယ်။
မေလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ လုံးခင်းကျေးရွာ ရပ်ကွက်(၄) ရှိ အနှိပ်ခန်းတစ်ခုမှာ ဒရုံးဗုံးတစ်လုံးကျမှန်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၃ ဦးထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“လက်ရှိက ပြင်းထန်တဲ့ တိုက်ပွဲဖြစ်တာတော့မဟုတ်သေးဘူး။ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တဲ့သဘောမျိုးဖြစ်နေတာပါ။ မနေ့လည်း အနှိပ်ခန်တစ်ခုမှာ ဒရုန်းဗုံးကျပေါက်ကွဲပြီးတော့ အမျိုးသမီးတစ်ဦးက မီးလောင်သေဆုံးတယ်။ နှစ်ဦးက ဒဏ်ရာပြင်းထန်ပြီးသေဆုံးတယ်”လို့ပြောပါတယ်။
မနေ့က ဒရုန်းပေါက်ကွဲပြီးမှုမှာ အမျိုးသမီးတစ်ဦးက မီးတွင်းထဲသေဆုံးသွားပြီး ကျန်နှစ်ဦးက ဒဏ်ရာပြင်းထန်ပြီးသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်ပြည်သူတွေရဲ့ ပြောပြချက်အရ ဒရုန်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လုံးခင်းရပ်ကွက်(၄) ရွာလမ်းမကြီးရှေ့မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားပြီး သွားလာတဲ့ပြည်သူတွေရဲ့ ဖုန်း၊ ဆိုင်ကယ်၊ ပိုက်ဆံတွေ လုယူပေးနေတဲ့ ဖြစ်ရပ်တွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ သတိပေး ပစ်ခတ်လိုက်တဲ့အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။
“ဒရုန်းကတော့လေ ဟိုဘက်ကနေ ပစ်တာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုဖြစ်သွားတဲ့ ရွာလမ်းမကြီးရှေ့မှာပဲ ရှိနေပြီး ပြည်သူတွေရဲ့ ဖုန်းနဲ့ ပိုက်ဆံတွေ ယူပေးပြီးတော့ အဲ့အနှိပ့်ခန်းထဲမှာနေကြတာ။ အဲ့ဒါကြောင့် ဒရုန်းဗုံးချပေးတာထင်တယ်။ ဒါပေမယ့် ပြည်သူတွေပဲ ထိခိုက်သွားပါတယ်”လို့ဆက်ပြောပြပါတယ်။

ဖားကန့်ဒေသမှာ စစ်အင်အားဖြည့်တင်းပြီး စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံးခင်း၊ မှော်ဆီစာ၊ အောင်ရာ၊ ဖားကန့် မရှီကထောင်၊ နမ္မဖြစ် စတဲ့ကျေးရွာ ရပ်ကွက်တွေထဲမှာ ဝင်ရောက်တပ်စွဲပြီး စစ်ရေးလှုပ်ရှားနေတာ တစ်လကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
အဲ့ဒီကျေးရွာတွေရဲ့ အရေးပါတဲ့လမ်းကြောင်းနေရာတွေမှာ တပ်စွဲထားပြီးတော့ လုံခြုံရေးအကြောင်းပြကာ သွားလာတဲ့ပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုပြီး ပိုက်ဆံ၊ ဖုန်း၊ ဆိုင်ကယ် တန်ဖိုးရှိပစ္စည်းတွေကို အတင်းအဓမ္မလုယူနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံပြည်သူတွေပြောပါတယ်။
ဒါကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်ရှိနေရာတွေကို ပစ်မှတ်ထားပြီး ဒရုန်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာတွေရှိနေတာဖြစ်ပါတယ်။
ဖားကန့်တိုက်ပွဲက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ နောက်ပိုင်း မြေပြင်တိုက်ပွဲ ယာယီရပ်နားနေပေမယ့် စစ်ကြောင်းထိုးလာတဲ့ နေရာတစ်ချို့တွေမှာ အပြန်အလှန်ပစ်ခတ်တဲ့ ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




