မူးယစ်ဒိုင်ကြီးတွေကိုပါ ဖမ်းပေးဖို့ရပ်ကွက်နေပြည်သူတွေတောင်းဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးခဲ့ပေမယ့် ဒိုင်တွေကဆက်ရောင်းချနေဆဲ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
မေလ ၁၇ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်အချို့က အင်အား ၉၀ ဝန်းကျင်အသုံးပြုပြီး ရမ်ပူရပ်ကွက် နယ်မြေ ၂၄ အပါအဝင် ဆုထူးပန်ဘုန်းကြီးကျောင်းလမ်း၊ ထွန်းထွန်းတောက် လက်ဖက်ရည်ဆိုင်လမ်း၊ ဂေါက်ကွင်းလမ်း၊ ရေမြောင်းလမ်း၊ မေတ္တာလမ်း စတဲ့နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးမှုအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၇၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးခဲ့ပေမယ့် အဓိကရောင်းချနေတဲ့ မူးယစ်ဒိုင်တွေကိုတော့ ယခုအချိန်ထိ ဖမ်းဆီးတာ မတွေ့ရသေးဘူးတဲ့တွက် ဒိုင်ကြီးတွေကိုဖမ်းဆီးပေးဖို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
“ဒိုင်တွေတော့ ဘယ်ဖမ်းမလဲ။ ဒိုင်တွေ ဖမ်းတယ်ဆိုတာ မကြားသေးဘူး။ ဒီဟာက လမ်းရှင်းသလိုမျိုးပဲ။ လူနည်းနည်းတော့ ကြဲသွားတယ်။ အခုက အိမ်ထဲမှာပဲ ရောင်းကြတော့တာ။သူတို့ကိုလည်း ဖမ်းပေးဖို့ပြောချင်တယ်“လို့ သူက ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လမ်းဘေးမှာ ကော်မရှင်စားရောင်းနေတဲ့ ဆေးသမားတွေဖြစ်ပြီး ဒိုင်ကြီးတွေကတော့ အိမ်တန်းလျားတွေ ငှားပြီး အိမ်ထဲကနေ ဆက်လက်ရောင်းချနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးမှု မလုပ်ခင်မှာလည်း အဓိက ရောင်းချနေတဲ့ ဒိုင်တွေကို ကြိုတင်သတင်းပေးတာတွေ ရှိတာကြောင့် ဖမ်းဆီးရမိတာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၉ ရက်နေ့တုန်းကလည်း မီးသတ်တပ်ဖွဲ့ဝင် ၁၀ ကျော်က လိုက်ထရိုက်ကားတစ်စီး၊ ဆိုင်ကယ် ၃ စီးနဲ့ ရမ်ပူရပ်ကွက်အတွင်း လော်စပီကာအသုံးပြုပြီး “ရက် ၁၀၀ အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်သွားမယ်” လို့ ကြေညာခဲ့သလို မူးယစ်ဆေးဝါး သုံးစွဲသူ ၂ ဦးနဲ့ ဆိုင်ကယ်တစ်စီးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ပြီး မီဒီယာတွေမှာ သတင်းတွေ ပြန်ပေါ်လာပြီးနောက် အခုလို ရိုက်နှက်ဖမ်းဆီးမှုတွေ ထပ်လုပ်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
“ပုံတွေနဲ့ သတင်းတွေ ထွက်လာတော့ ခဏပြန်ငြိမ်သွားကြတာ။ ဒါပေမယ့် ခဏပဲ။ တကယ် အမြစ်ပြတ်အောင်လုပ်ရင်တော့ ရနိုင်ပါတယ်။ မလုပ်ကြတာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ မူးယစ်ဒိုင်ကြီးတွေဟာ တခြားရပ်ကွက်တွေမှာ နေထိုင်ကြသူတွေပါဝင်သလို ရမ်ပူရပ်ကွက်ထဲမှာတော့ အိမ်တန်းလျားတွေ ငှားရမ်းကာ အိမ်ထဲကနေ ရောင်းချနေကြတာ ဖြစ်ပါတယ်။
ယခင်ဖမ်းဆီးမှုတွေမှာလည်း ရက်အနည်းငယ်သာ ငြိမ်သက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ပြန်လည်ရောင်းချနေကြတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒါကြောင့် သုံးစွဲသူတွေထက် အဓိက ရောင်းဝယ်နေသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ရပ်ကွက်နေပြည်သူတွေက တောင်းဆိုနေပါတယ်။
လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ ၂၂၊ ၂၃၊ ၂၄ တို့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အများဆုံးဖြစ်နေတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ နေ့ညမရွေး ရောင်းချနေကြပြီး တစ်ရက်ကို ဝယ်ယူသူ ရာဂဏန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရောင်းဝယ်နေသူတွေထဲမှာ ရပ်ကွက်အတွင်းက လူကြီးပိုင်းတချို့လည်း ပါဝင်နေတယ်လို့ ဆိုပြီး ဒေသခံတွေက တိုင်ကြားဖို့နဲ့ ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းအရေးယူဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
အချို့ဒေသခံတွေကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆက်ကြေးယူပြီး ရောင်းဝယ်ခွင့်ပေးထားတယ်လို့လည်း စွပ်စွဲပြောဆိုနေကြပါတယ်။
လက်ရှိအခြေအနေတွေကြောင့် ရပ်ကွက်အတွင်း လုံခြုံရေးမရှိတော့တဲ့အပြင် ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်နေသလို မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးသူတွေလည်း လစဉ်ရှိနေတယ်လို့ သိရပါတယ်။
ရမ်ပူရပ်ကွက်ဟာ ယခင်က ငြိမ်းချမ်းတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ခိုးဆိုးလုယက်မှု နည်းပါးကာ ဒေသခံတွေ လွတ်လပ်စွာ သွားလာနိုင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေ မတည်ငြိမ်လာတာနဲ့အမျှ မူးယစ်ဆေးဝါးပြဿနာလည်း ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရမ်ပူရပ်ကွက်မှာ အိမ်ငှားတန်းလျားတွေ များပြားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ စတင်ပျံ့နှံ့လာတာဟာ ရမ်ပူအပိုင်း ၂၁ ကနေ စခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေတွေကြောင့် ဒေသခံတချို့က ကေအိုင်အေပူးပေါင်းတပ်တွေ ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပေမယ့် စစ်ကောင်စီထိန်းချုပ်နယ်မြေ ဖြစ်နေတဲ့အတွက် ကေအိုင်အေပူးပေါင်းတပ်တွေအနေနဲ့ တိုက်ရိုက်ဝင်ရောက် ဖမ်းဆီးအရေးယူဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ထားပါတယ်။
By – Hope




