စစ်ရှောင်တွေကို စစ်တပ်က နေရာပြောင်းရွှေ့ခိုင်းထားတယ်လို့ဆို
ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့ဖို့ စစ်တပ်က ပြောဆိုထားတာကြောင့် စစ်ဘေးရှောင်တချို့ တုံးကြီးဘက်ကို ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးမိတ်ဘက်ကနေ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် ကြားထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ရွာသားတွေကို ကြိုတင်တိမ်းရှောင်ကြဖို့ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။
“မိုးမိတ်နဲ့ ဘော်ဒဲရွာက ဒေသခံတချို့က အခု စစ်ဘေးရှောင်နေတဲ့နေရာကနေ တောင်ကြီးကို ထပ်ပြီးပြောင်းရွှေ့ဖို့ ပြင်ဆင်ထားကြပြီ။ အခုနေနေတဲ့ရွာကတော့ ဗမာတွေ အများစုနေတဲ့ရွာမှာ နေနေတာ။ စစ်ဖြစ်လာရင်တော့ အားလုံး ထပ်ရှောင်ကြရလိမ့်မယ်” လို့ မိုးမိတ်စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
မိုးမိတ်နဲ့ ဘော်ဒဲကျေးရွာက ဒေသခံတချို့ဟာ လက်ရှိ မဘိမ်းသွားလမ်းပေါ်က ဘဟဲကျေးရွာမှာ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး စစ်တပ်က မဘိမ်းဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေရှိတဲ့အတွက် စစ်ဘေးရှောင်တွေပါ ထပ်မံပြောင်းရွှေ့ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ တုံးကြီးကို ပြောင်းဖို့ ပြင်ဆင်ထားတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ လောက်ရှိနေပြီး အဲဒီစစ်ဘေးရှောင်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

မိုးမိတ်မြို့ကို တအာင်းတပ် TNLA က၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။
ဒါကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေဟာ အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မိုးမိတ်နဲ့ ဘော်ဒဲဒေသခံတချို့ဟာ လက်ရှိ တိုက်ပွဲတွေ ငြိမ်နေသေးပေမယ့် ကိုယ့်နေရပ်ကို မပြန်ရဲကြသေးဘဲ ဆက်လက်တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
“TNLA တွေ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ဆီ ပြန်ပေးဖို့ ပြင်ဆင်လာတဲ့အချိန်ကတည်းက စစ်တပ်တွေ ဝင်လာရင် ဘာဖြစ်ဖြစ် တိုက်ပွဲပြန်ဖြစ်လာမှာပဲဆိုပြီး ကြောက်လို့ တိမ်းရှောင်ခဲ့ကြတာ ဖြစ်တယ်။ အခုလည်း ဘယ်အချိန် ဘယ်လိုတိုက်ပွဲတွေ ဖြစ်လာမလဲမသိတော့ မိုးမိတ်နဲ့ ဘော်ဒဲရွာခံတွေက ကိုယ့်နေရပ်ကို မပြန်လာကြသေးတာ” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာတော့ စစ်တပ်နဲ့ တရုတ်ရဲ့ဖိအားတွေကြောင့် TNLA က မိုးမိတ်ကနေ ဆုတ်ခွာပြီး စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဟာ ဒီနှစ်အတွင်း မိုးမိတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေက KIA ထိန်းချုပ်ထားတဲ့ မြစ်ဆုံရွာကို အရင်ထိုးစစ်ဆင်ပြီး မဘိမ်းဘက်ကို စစ်ရေးဦးတည်နေတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခိုင်အမာနေရာယူထားပြီး စစ်တပ်ကို ပြန်လည်ခုခံဖို့ ပြင်ဆင်နေကြတာကြောင့် အခြေအနေကတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ဟာ ကချင်ပြည်နယ်နဲဲ့ထိစပ်နေတဲ့မြို့နယ်ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




