ရွှေကူဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်း ရွာတွေကို မီးရှို့ဖျက်ဆီးနေ
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ဘက်ကနေ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကချင်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
မေလ ၅ ရက်နေ့ကတည်းက မဘိမ်းမြို့နယ် ငအိုးရွာကနေ ရွှေကူဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ကအထိတော့ ရွှေကူမြို့နယ်နဲ့နီးတဲ့ မန်နားကျေးရွာအထိ ရောက်လာနေပြီလို့ သိရပြီး ကျေးရွာနှစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ ပါဝင်နေတဲ့ ရွှေကူနယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“တိုက်ပွဲအခြေအနေကတော့ ငအိုးဘက်ခြမ်းက မန်နားရွာပေးလိုက်ရပြီး မန်နားအထိ ဆုတ်ပေးလိုက်ရတယ်။ စကစတွေကတော့ သိတဲ့အတိုင်း အခုသူတို့ဝင်နေတဲ့ မန်နားမှာ အိမ်လေးလုံး မီးရှို့ထားတယ်။ နောက်ပြီး ခတ်ခုံရွာထဲကလည်း အိမ်တွေ မီးရှို့ထားတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်း”လို့ သူကပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မေလ ၅ ရက်နေ့မှာ ငအိုးရွာကနေ ထွက်လာတာဖြစ်ပြီး လမ်းခုလတ်မှာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရတဲ့ကြားကနေ မနေ့ကတော့ မန်နားအထိ ရောက်လာတာလို့ သိရပါတယ်။
“ဟိုနေ့ (မတ်လ ၂၃ ရက်) ကတော့ ခတ်ခုံရွာကိုဝင်တယ်။ အဲဒီကနေ ဆက်ပြီးတက်လာကြတာ မနေ့က မန်နားရွာပေးလိုက်ရတယ်။ ရွှေကူဘက်ကို တဖြည်းဖြည်း ကပ်လာနေတယ်ဗျ စစ်ကြောင်းက။ ရွာတွေလည်း တိမ်းရှောင်တာ တဖြည်းဖြည်း များလာတယ်” လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။
ရွှေကူဘက်ကို ဦးတည်လာနေတဲ့ အဲဒီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ရွှေကူမြို့နယ်ထဲ မဝင်ရောက်လာနိုင်အောင် ဆက်ပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ငအိုး–ရွှေကူ ကားလမ်းပိုင်းမှာ ဆက်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။
ဒါ့အပြင် အဲဒီစစ်ကောင်စီစစ်ကြောင်းက မြေပြင်ထိုးစစ်နဲ့အတူ ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးကြတာ၊ ဒရုန်းနဲ့ ဝေဟင်ကင်းထောက်တာတွေ လုပ်ပြီး စစ်ကြောင်းထိုးနေတာလို့လည်း သိရပါတယ်။
လက်ရှိ ငအိုးကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စစ်ကူပေးဖို့ ရွှေကူမြို့တွင်းအထိုင်တပ်ဖြစ်တဲ့ ခ.လ.ရ ၅၆ တပ်ထဲကနေ စစ်ကြောင်းတစ်ကြောင်း ထွက်လာနေပေမယ့် ရွှေကူမြို့အထွက်က ငါးလမ်းဆုံဂိတ်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်ဟန့်တားထားလို့ ရွှေကူမြို့အနီးမှာလည်း နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ငါးလမ်းဆုံကို မေလ ၁၈ ရက်နေ့မှာ စကစတွေ သိမ်းလိုက်တာလေး။ ဒါပေမယ့် နောက်နေ့ပဲ KIA ဘက်က ပြန်ဝင်တယ်။ အခုထိတော့ ဘယ်သူမှ မထိန်းချုပ်နိုင်သေးဘူး။ ဟိုဘက် (စစ်ကောင်စီ) ၅၀၊ ဒီဘက် (KIA ပူးပေါင်းတပ်) ၅၀ ရာခိုင်နှုန်းပဲ ဖြစ်နေတယ်။ တိုက်ပွဲက ဖြစ်နေတုန်း”လို့ရွှေကူ PDF နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရွှေကူမြို့အနီးက စစ်ရေးအရ အရေးပါတဲ့ ငါးလမ်းဆုံဂိတ်ကို မူလက KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ သို့ပေမယ့် ငအိုးကနေ ရွှေကူဘက်ကို စစ်ကောင်စီစစ်ကြောင်း ထွက်လာတာနဲ့အမျှ ရွှေကူအထိုင်တပ်က ငါးလမ်းဆုံဂိတ်ကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် တိုက်ခိုက်နေပေမယ့် လက်ရှိမှာတော့ ငါးလမ်းဆုံကို ဘယ်အဖွဲ့ကမှ မထိန်းချုပ်ထားနိုင်သေးဘဲ တိုက်ပွဲတွေ ဖြစ်နေဆဲလို့ သိရပါတယ်။
အခုလို ငအိုး–ရွှေကူ လမ်းပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ငအိုးဘက်ခြမ်းက ကုန်းမနရွာ၊ ခတ်ခုံ၊ ငိုးစဉ်၊ စီဖွား၊ မန်ကင်၊ မန်မား၊ မိုးကင့် စတဲ့ ကျေးရွာတွေ စစ်ရှောင်နေရသလို ရွှေကူဘက်ခြမ်းကလည်း ဝင်ဝရွာ၊ နောင်လက်ကြီး၊ နတ်လန်၊ စီမူလေး၊ စီမူကြီး စတဲ့ရွာတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းက တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တဲ့ ရွှေကူမြို့နယ်ထဲမှာတော့ ရွှေကူမြို့ပေါက်ကလွဲပြီး ကျေးရွာအများစုကို KIA နဲ့ ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အောက်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ ရွှေကူမြို့ဟာ ကချင်၊ စစ်ကိုင်းနဲ့ ရှမ်းမြောက်ဒေသတွေကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းပေါ်မှာရှိနေပြီး စစ်ရေး၊ သယ်ယူပို့ဆောင်ရေးအရ အချက်အချာကျတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရွှေကူမြို့နယ်အတွင်း ကျေးရွာအများစုကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားခဲ့ပြီး မြို့ပေါ်နဲ့ အဓိကလမ်းဆုံနေရာတချို့မှာတော့ စစ်ကောင်စီတပ်တွေ ဆက်လက်အထိုင်ချထားဆဲ ဖြစ်ပါတယ်။
By – Zaw Zaw




