ဂျပန်တံတားအောက် ညစ်ညမ်းရေများသွန်နေကြတဲ့အပေါ်အရေးယူပေးဖို့ တောင်းဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ မကြာခဏ လာသွန်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
အဲဒီလို ညစ်ညမ်းရေတွေ သွန်နေတဲ့အတွက် အနီးပတ်ဝန်းကျင်မှာ အနံ့ဆိုးတွေထွက်လာပြီး ပြည်သူတွေအတွက်လည်း အနှောင့်အယှက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ညနေပိုင်း ကလေးကျောင်းကြိုချိန်တွေမှာ ပိုတွေ့ရတတ်ပြီး ဂါလံပုံးအဖြူရောင်တွေနဲ့ ညစ်ညမ်းရေတွေ သယ်လာကာ HiJet ကားတွေနဲ့ သုံးဘီးကားတွေကနေ လာသွန်တာနေကြတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူတစ်ဦးကတော့ “အစ်မတွေ့တာတောင် ဆယ်ခေါက်လောက်ရှိပြီ။ ညနေပိုင်းပိုများတယ်။ တစ်ခါတလေ သုံးဘီးကားတွေနဲ့လည်း လာပစ်တယ်။ HiJet ကားနဲ့လာပစ်တာက ပိုများတယ်” လို့ ပြောပါတယ်။
အရင်ကတော့ အဲဒီရေချောင်းတစ်ဝိုက်က ရေတွေက သန့်ရှင်းကြည်လင်ပြီး ငါးတွေလည်းရှိတဲ့အတွက် ငါးဖမ်းလာသူတွေ အပန်းဖြေလာကြတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် အခုလို ညစ်ညမ်းရေတွေ လာသွန်တာကြောင့် အဲဒီနေရာတစ်ဝိုက်မှာ အနံ့ဆိုးတွေ အမြဲထွက်နေပြီး ရေတွေပါ ညစ်ညမ်းသွားသလို ငါးတွေလည်း မရှိသလောက်နည်းလာတယ်လို့ ပြောပါတယ်။
“ကားနဲ့ရေဆိုးတွေကို ရေချောင်းထဲ အမြဲလိုလို သွန်နေတာတွေ့ရတယ်။ ဓာတုစွန့်ပစ်ရေဆိုရင်တော့ ငါးစားတဲ့သူတွေအတွက်ပါ အန္တရာယ်ရှိနိုင်တယ်။ အဲဒီချောင်းတလျှောက်က ငါးဖမ်းတဲ့နေရာတွေပါ။ သက်ဆိုင်ရာက တားမြစ်ပေးသင့်တယ်” လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ အမျိုးသမီးတစ်ဦးကလည်း “အရမ်းနံတယ်၊ မသွန်နဲ့လို့ပြောလည်း မရဘူး” လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြောင်း တွေ့ရပါတယ်။
မြို့ခံတွေပြောတာအရတော့ အဲဒီဂျပန်တံတားနားက ရေချောင်းနဲ့ မြောင်းတွေထဲက ငါးတွေကိုလည်း ဒေသခံတချို့က ဖမ်းစားနေကြတယ်လို့ သိရပါတယ်။
တံတားအနီးဝန်းကျင်မှာနေထိုင်တဲ့ပြည်သူတွေပြောတာက လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကနေ စွန့်ပစ်ရေတွေ လာသွန်နေတာဖြစ်နိုင်တယ်လို့ သံသယရှိနေပေမယ့် ဘယ်နေရာက ဘယ်လုပ်ငန်းကလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီကိစ္စကို စုံစမ်းပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ မြို့ခံပြည်သူတွေက တောင်းဆိုနေကြပါတယ်။
By – Hope



