စစ်ရေးတင်းမာမှုကြား အရပ်သားကာကွယ်ရေး IHL စည်းမျဉ်းများ အလေးထားရန်လိုအပ်
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဇွန်လအတွင်း စစ်ရေးတင်းမာမှု အရှိန်မြင့်လာတာနဲ့အမျှ အရပ်သားတွေအပေါ် သက်ရောက်မှု လည်း ပိုမိုကြီးမားလာနေပါတယ်။
KIA ဘက်က မြို့ကိုယာယီစွန့်ခွာဖို့ သတိပေးချက်ထုတ်ပြန်ခဲ့သလို တစ်ဖက်မှာလည်းစစ်တပ်ဘက်က မြို့အတွင်း ဆက်လက် နေထိုင်ဖို့ တိုက်တွန်းမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
အဲဒီအခြေအနေအောက်မှာ ပြည်သူအများစုဟာ ဘယ်ဘက်ကို ရှောင်တိမ်းရမလဲ မသေချာတဲ့အခြေအနေ၊ လက်နက်ကြီးကျည် ကျရောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားသေဆုံးမှုနဲ့ နေရပ်စွန့်ခွာဖို့ အခက်အခဲတွေကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေ ကြရပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law – IHL) ရဲ့ အခြေခံအကျဆုံး စည်းမျဉ်းက တော့ တိုက်ပွဲဝင်သူနဲ့ အရပ်သားကို ခွဲခြားရမယ် (Principle of Distinction) ဆိုတာ ဖြစ်ပါတယ်။
စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိပြီး အရပ်သားတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်တာ ဒါမှမဟုတ် စစ်ရေးပစ်မှတ်နဲ့ အရပ်သားကို မခွဲခြားနိုင်တဲ့ တိုက်ခိုက်မှုတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေက တားမြစ်ထားပါတယ်။
ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဩစတြေးလျနိုင်ငံတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေ့လာနေသည့် အထက်တန်းရှေ့နေတစ်ဦးက“ပထမအချက်ကတော့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေမှာ အရပ်သားတွေနဲ့ တိုက်ပွဲဝင်စစ်သည်တွေကို အမြဲတမ်း ခွဲခြားသတ်မှတ်ရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်လို့ရတာက တိုက်ပွဲဝင်စစ်သည်တွေကိုပဲ ဖြစ်ပြီး၊ အရပ်သားတွေကိုတော့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ရဘူးလို့ ပြောထားတာပါ။”လို့ပြောပါတယ်။

ရွှေကူမြို့အတွင်း တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေမှာ လက်နက်ကြီးကျည်ကျရောက်ပြီး အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေဟာ ဒီအခြေခံစည်းမျဉ်းကို ပြန်လည်သတိပေးနေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ ဘယ်ဘက်က ပစ်ခတ်ခဲ့တယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့ အတွက် ဥပဒေချိုးဖောက်ခဲ့တယ်လို့ တစ်ဖက်သတ်ကောက်ချက်ချဖို့ မဖြစ်နိုင်သေးပေမဲ့ အရပ်သားသေဆုံးမှု ဖြစ်ပွားခဲ့တာ ကိုယ်တိုင်က စိုးရိမ်ရမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်နေပါတယ်။
ရွှေကူမှာ KIA ဘက်က မြို့စွန့်ခွာဖို့ သတိပေးထားတဲ့ တစ်ဖက်မှာ စစ်ကောင်စီဘက်က ပြည်သူတွေကို မြို့အတွင်း ဆက်လက် နေထိုင်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ IHL ကျွမ်းကျင်သူတွေ အမြဲသတိပေးလေ့ရှိတာက လူသားဒိုင်း Human Shield ဆိုတဲ့ အယူအဆပါ။IHL ရဲ့ စည်းမျဉ်းအရ စစ်ရေးပစ်မှတ်တွေကို အကာအကွယ်ပေးဖို့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။
ဒါကြောင့် စစ်ရေးအန္တရာယ် မြင့်မားလာတဲ့ နေရာတွေမှာ အရပ်သားတွေ လွတ်လပ်စွာ ထွက်ခွာနိုင်ဖို့ အခွင့်အရေးရှိရမှာဖြစ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ လုံခြုံတဲ့ လမ်းကြောင်းတွေလည်း ရှိသင့်တယ်လို့ IHL က ရည်ညွှန်းထားပါတယ်။
တစ်ဖက်မှာ ရွှေကူမြို့နယ်အတွင်း လေကြောင်းဗုံးကြဲမှုကြောင့် ရွှေမျောလုပ်သားတွေအပါအဝင် အရပ်သား ၂၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။
နှစ်ဖက်တပ်တွေဟာ တိုက်ခိုက်မှုမလုပ်ခင် အရပ်သားထိခိုက်မှု လျော့နည်းဖို့အတွက် တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်းလည်း ရှိပါတယ်။
နောက်ထပ် ရွှေဘုန်းမြင့်ကျေးရွာမှာ အရပ်သားငါးဦး သတ်ဖြတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်ဟာလည်း အလွန်လေးနက်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
စစ်ပွဲအတွင်း အရပ်သားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးပြီး သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ဂျီနီဗာ သဘောတူညီချက်များထဲက အပိုဒ် ၃ အရ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေက တားမြစ်ထားပါတယ်။
အထက်ပါအထက်တန်းရှေ့နေကဆက်ပြီးတော့“နောက်တစ်ချက်ကတော့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဟာ အစိုးရတပ်ဖြစ်ဖြစ်၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် စစ်မက်ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးအပေါ် တူညီစွာ သက်ရောက်ပါတယ်။ ဘယ်အဖွဲ့က စစ်ကို စတင်ခဲ့တယ်ဆိုတာနဲ့ မသက်ဆိုင်ဘဲ၊ ပါဝင်နေတဲ့ အဖွဲ့အားလုံးဟာ ဒီဥပဒေပါ စည်းမျဉ်းတွေကို တန်းတူလိုက်နာဖို့ တာဝန်ရှိပါတယ်။”လို့ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခအတွင်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေအရ အရပ်သား ကာကွယ်ရေးတာဝန်ဟာ နှစ်ဖက်အဖွဲ့အစည်းအားလုံးအပေါ် သက်ရောက်ပါတယ်။
အဲဒီအတွက် စစ်တပ်၊ KIA၊ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှာ အရပ်သားကို ကာကွယ်ရမယ့် တာဝန်ရှိပြီး အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ခွဲခြားရမှာ ဖြစ်ပါတယ်။
အဲဒီအတွက် တိုက်ပွဲဝင်အဖွဲ့အစည်းအားလုံးအနေနဲ့ IHL ကို လိုက်နာပြီး အရပ်သားတွေကို ကြိုတင်သတိပေးမှု ပိုမိုလုပ်ဆောင်ဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်တဲ့ လုံခြုံတဲ့ လမ်းကြောင်းတွေ ဖန်တီးပေးဖို့၊ လူနာတင်ယာဉ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို အနှောင့် အယှက်မပေးဖို့၊ အရပ်သားထိခိုက်မှု ဖြစ်စဉ်တိုင်းကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
By – အမိုး




