ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအထိ အကူအညီဆက်ပေးဖို့ တောင်းဆို

ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေးပြီးတဲ့အထိ အကူညီဆက်ပေးဖို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ နမ့်ခမ်း၊ ကောင်းတပ်ကျေးရွာယမ်းပေါက်ကွဲမှုဖြစ်စဉ်ဟာ အခုဆိုရင် တစ်လကျော်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် ခုချိန်ထိ နေအိမ်တွေ ပြန်လည်ထူထောင်ဆောက်လုပ်နိုင်ဖို့ ခဲယဉ်းနေဆဲလို့ ဒေသခံတွေက ဆိုပါတယ်။

အခုက ဖြစ်ပွားခဲ့တာလည်း ဖြစ်ခဲ့ပြီးပြီ။ ဒါကြောင့် ဒါကို အရေးပေါ်ဖြစ်တဲ့ချိန် ကူညီတာပဲမဟုတ်ပဲ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်တဲ့အခါ ကောင်းမွန်စွာ ပါဝင်ဖေးမနိုင်ရင်တော့ ကောင်းမယ်။ အစပိုင်းမှာတော့ ကူညီမှုတွေတော့ တော်တော်ရောက်တယ်။ ဒါပေမယ့် ကူညီမှုတွေက လောလောဆယ်အတွက်သာဖြစ်နေတယ်။ ကြာလာတာနဲ့အမျှ မရှိတော့ဘူး။ လောလောဆယ်က နေထိုင်စရာ အိုးအိမ်တွေ ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ လိုအပ်နေတယ်။လို့ နမ့်ခမ်းပေါက်ကွဲမှုတွင်း ထိခိုက်သူတွေကို ကူညီနေသူ အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။  

လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံရွာသားတွေဟာ ကျေးရွာထဲက ဘုန်းကြီးကျောင်းမှာ စုပြုံနေထိုင်နေကြရဆဲဖြစ်ပြီး အစားအသောက်နဲ့ လိုအပ်တဲ့ကူညီမှုတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ရာတွေဘက်မှ တာဝန်ယူလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် အရေးပေါ်ခြေနေမှာသာ ကူညီပေးတာမျိုးမဟုတ်ပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ပြီးတဲ့အထိ ထပ်ပြီးအားဖြည့်ပါဝင်ကူညီပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

လောလောဆယ်က သူတို့အဖွဲ့အစည်းတွေအနေနဲ့ ပြည်လည်ထူထောင်ရေးအနေနဲ့ လူတွေခေါ် နေအိမ်တွေ ဆောက်လုပ်ပေးတာမျိုး မရှိဘူး။ အိမ်လုံး၀ မရှိတော့တဲ့ သူတွေကို သူတို့နေခိုင်းထားတဲ့ ဟောနေရာမှာပဲ ဆက်နေခိုင်းထားတယ်။ တချို့ကတော့ သူတို့ ပေးတဲ့ လျောကြေးငွေတွေနဲ့ အိမ်တိုင်တွေ ပြန်ပြင်ယူတာ၊ သစ်လုံးတွေနဲ့ ပြန်ထောက်ယူတာ၊ ကာယူပြီး ပြန်နေနေကြတာရှိတယ်။ ပျက်စီးသွားတဲ့ တိုက်အိမ်တွေတော့ ဘာမှပြန်လုပ်လာတာမရှိဘူး။ အိမ်တွေလုံးလုံးပျက်စီးသွားတဲ့နေရာတွေမှာ သူတို့ ဘတ်ဖော၊ ဘူဒူဇာတွေနဲ့ ရှင်းအောင်လုပ်ထားပြီး ဒီတိုင်းပဲ ဆက်ရှိနေဆဲဖြစ်တယ်။လို့ နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ယမ်းပေါက်ကွဲမှုအတွင်း ဆုံးရှုံးသွားတဲ့ အိမ်တွေကို အိမ်အမျိုးအစားနဲ့ ပိုင်ဆိုင်မှုပေါ်မူတည်ပြီး အပြည့်လျော်ကြေးပေးတာမဟုတ်ပေမယ့် မိသားစုတစ်ခုနဲ့တစ်ခု ဆုံးရှုံးမှုပေါ်အဆင့်သတ်မှတ်ကာ ငွေသားလျော်ကြေးပေးတာတွရှိတယ်လို့ သိရပါတယ်။

ခုလိုငွေသားလျော်ကြေးပေးရာမှာ အိမ်ခြေတွေကို အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်စသဖြင့် အဆင့်သတ်မှတ်ပြီး အနီရောင်အဆင့်တွေကို သိန်းထောင်ဂဏန်းလျော်ကြေးပေးကာ၊ တချို့ကိုတော့ သိန်း ၅၀၀ နဲ့ ၈၀၀ ကြား၊ တချို့ကို သိန်း ၂၀၀ စသဖြင့် လျော်ကြေးငွေ ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

တချို့က ဆုံးရှုံးလိုက်ရတာအများကြီးဆိုပေမယ့် ဆုံးရှုံးရသလောက်လျော်ကြေးငွေမရပေမယ့် ပိုင်ဆိုင်မှုနဲ့ အိမ်ပုံစံပေါ်မူတည်ပြီး လျော်ကြေးငွေ ပေးအပ်တာတွေ လက်ခံရရှိတယ်။  အိမ်နဲ့ ဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုပေါ်မူတည်ပြီး အပြည့်မလျော်နိုင်ပေမယ့် တစ်အိမ်နဲ့တစ်အိမ် ရရှိတဲ့ လျော်ကြေးပမာဏတော့ မတူဘူး။ တချို့က သိန်း ၅၀၀ နဲ့ ၆၀၀ ကြားရရှိသူတွေရှိသလို သိန်း ထောင်ဂဏန်းရရှိတဲ့သူတွေလည်းရှိတယ်။ အဲဒီလျော်ကြေးငွေတွေကတော့ ယမ်းပူးပေါင်းထုတ်လုပ်တဲ့အဓိက တာဝန်ရှိသူတွေက ပေးတယ်လို့လည်း သိရပါတယ်။” ဟု နမ့်ခမ်းပေါက်ကွဲမှုတွင်း ထိခိုက်သူတွေကို ကူညီနေသူ အမျိုးသမီးတစ်ဦးက လည်း ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ငွေသားကူညီမှုတွေကို အပြည့်မရရှိပဲ ကြားထဲမှာ တာဝန်ယူနေတဲ့ အာဏာပိုင်တွေက  မိသားစုတစ်စုဆီမှ ၄ သိန်းစီနုတ်ယူလိုက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေဘက်က စွပ်စွဲပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။

PSA

လက်ရှိ နမ့်ခမ်း ကောင်းတပ်ကျေးရွာ ယမ်းပေါက်ကွဲမှုမှာ နစ်နာထိခိုက်ခဲ့ရတဲ့ ဒေသခံတွေဟာ အရေးပေါ်ကာလ ကူညီမှုတွေနဲ့ သက်ဆိုင်ရာမှလျော်ကြေးတွေတော့ ရရှိပြီး နေအိမ်တွေ ပြုပြင်ပြီးနေထိုင်လို့ရတဲ့သူတွေက အိမ်တွေကို ပြုပြင်နေကြပြီလို့သိရပါတယ်။ 

ဒါပေမယ့် နေအိမ်လုံးလုံးမရှိတော့တဲ့ အိမ်ခြေတွေကို အိမ်တိုင်ပြန်ထောင်နိုင်ဖို့ အိမ်ဆောက်လုပ်ရေး လုပ်ငန်းစတင်နိုင်ဖို့ ခက်ခဲနေဆဲလို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ တအာင်းလွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ လုပ်ငန်းသုံး ဖြိုခွဲရေး ယမ်းသိုလှောင်ရုံကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီပေါက်ကွဲမှုကြီးကြောင့် အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကောင်းတပ်ရွာ တစ်ရွာလုံး ပျက်စီးခဲ့ရကာ ဒေသခံသေဆုံးသူ ၈၀ ခန့်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့ပါတယ်။ လက်ရှိ နေအိမ်လုံးလုံး ပျောက်ဆုံးသွားတဲ့ အိမ်ခြေတွေက ၁၀၀ ဝန်းကျင် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button