စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်ကြောင်းဘက် လမ်းကြောင်းပြောင်း

မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ဘက်ကို ဆန်တက်လာတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ရေယာဉ်အုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းဘက်ကို လမ်းကြောင်းပြောင်းသွားပြီလို့ KNG က ဆက်သွယ်မေးမြန်းခဲ့တဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး စစ်ကောင်စီဟာ တိုက်ခိုက်ရေးစစ်သင်္ဘော  စီးအပါအဝင် ရေယာဉ်အစီး ၂၀ ဝန်းကျင်ကို မန္တလေးဘက်မှာ စုဖွဲ့ပြင်ဆင်နေပြီး ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီသတင်းတွေကြောင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် နေထိုင်တဲ့ ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့သလို တော်လှန်ရေးအင်အားစုတွေကလည်း မြစ်ကြောင်းတစ်လျှောက် စောင့်ကြည့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ အဲဒီစစ်ရေယာဉ်အုပ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆက်ပြီး ဆန်တက်လာတာ မဟုတ်တော့ဘဲ ချင်းတွင်းမြစ်ကြောင်းဘက်ကို ဦးတည်သွားပြီလို့ ဝက်လက်ဒေသအခြေစိုက် Wetlet Informational Network ရဲ့ သတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

သင်္ဘောတွေက ချင်းတွင်းမြစ်ဘက်ကို တက်သွားပြီ။ ကသာဘက်ကို မသွားဘူးဗျ။ အဲဒါက သတင်းအမှားပါ။ နေ့လယ်ပိုင်းကတော့ ရေစကြိုကို ရောက်ပြီဆိုတော့ အခုဆို တော်တော်လေးတော့ ရောက်လောက်ပြီဗျ လို့ သူက ပြောပါတယ်။

ကသာမြို့အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း သူတို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ စစ်ရေယာဉ်တွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လာတာ မကြားရဘဲ စစ်ကိုင်းဘက်ကနေ ချင်းတွင်းမြစ်ကြောင်းကို ဦးတည်သွားတယ်လို့သာ သိရကြောင်း ပြောပါတယ်။

မန္တလေးအဖွဲ့တွေ ပြောတာကတော့ အဲဒီသင်္ဘောတွေက မန္တလေးကနေ စစ်ကိုင်းကို စုန်သွားတာ အရင်ရက်တွေကတည်းကတဲ့။ ချင်းတွင်းရိုးဘက်ကို ဆင်းမယ်လို့ ကြားတယ်။ အထက်ဘက်ကို ဆန်တက်ခဲ့တာတော့ မကြားဘူးဗျ” လို့ သူက ဆိုပါတယ်။

စစ်ရေယာဉ်အုပ်စုရဲ့ လက်ရှိတည်နေရာနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့နယ်ဘက်က ဒေသခံတစ်ဦးကလည်း စစ်ရေယာဉ်တွေဟာ ထီးချိုင့်မြို့နယ်အထိ ရောက်မလာသေးဘူးလို့ ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာမယ်ဆိုရင် စစ်ရေယာဉ်တွေဟာ ထီးချိုင့်မြို့နယ်ကို ဖြတ်သန်းပြီးမှ ကသာမြို့နယ်ဘက်ကို ရောက်ရှိနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ထီးချိုင့်ကိုတောင် မရောက်သေးတဲ့ အခြေအနေမှာ ကသာမြို့အနီး ရောက်နေပြီဆိုတဲ့ သတင်းတွေကို KNG အနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

PSA

ဒီရက်ပိုင်းအတွင်း သတင်းဌာနတချို့မှာ စစ်ကောင်စီရဲ့ စစ်ရေယာဉ်အစီး ၂၀ ခန့်ဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ကသာမြို့အနီးကို ရောက်ရှိနေပြီလို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ရေယာဉ်တက်လာတာကို တားဆီးဖို့ ပြင်ဆင်နေသလို မြစ်ကမ်းတစ်လျှောက် နေထိုင်တဲ့ ပြည်သူတွေကိုလည်း သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမယ့် KNG က ဆက်သွယ်မေးမြန်းခဲ့တဲ့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရတော့ အဲဒီဖော်ပြချက်တွေဟာ လက်ရှိမြေပြင်အခြေအနေနဲ့ ကွဲလွဲနေပြီး စစ်ရေယာဉ်အုပ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်နေတယ်ဆိုတဲ့ အချက်ကို အတည်ပြုနိုင်သေးတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က KNG ရဲ့ သတင်းဖော်ပြချက်မှာလည်း စစ်ကောင်စီဟာ မန္တလေးဘက်မှာ စစ်ရေယာဉ်အစီး ၂၀ ဝန်းကျင် ပြင်ဆင်ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကသာ၊ ရွှေကူနဲ့ ဗန်းမော်ဘက်က ဒေသခံအများစုကတော့ အရင်နှစ်တွေက စစ်ရေယာဉ်တက်လာတိုင်း မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေရှိတာကြောင့် သင်္ဘောသတင်း ထွက်လာတိုင်း စိုးရိမ်မှုတွေ ပြန်မြင့်တက်လေ့ရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ရွှေကူနဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က တပ်စခန်းတွေကို စစ်ကူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းဖို့ ရေကြောင်းကို အကြိမ်ကြိမ် အသုံးပြုခဲ့ဖူးပါတယ်။ 

စစ်ရေယာဉ်တွေ ဖြတ်သန်းတဲ့ လမ်းကြောင်းတစ်လျှောက်မှာလည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားထိခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် မြစ်ကမ်းတစ်လျှောက် နေထိုင်တဲ့ ပြည်သူတွေအတွက် စစ်ရေယာဉ်သတင်းဟာ အထူးစောင့်ကြည့်ရတဲ့ စစ်ရေးသတင်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ် ရွှေကူမြို့နယ် လေးလမ်းဆုံ၊ ပန်းတင်၊ ငါးပတ်ဝနဲ့ တော်လှန်ကျေးရွာတစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေသလို ဗန်းမော်စစ်မျက်နှာမှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။

စစ်ရေးလေ့လာသူတချို့ကတော့ စစ်ကောင်စီအနေနဲ့ ကချင်စစ်မျက်နှာကို စစ်ကူဖြည့်တင်းနိုင်ဖို့ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းလမ်းကြောင်းတွေကို အခြေအနေပေါ်မူတည်ပြီး ဆက်လက်အသုံးပြုနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် မိုးတွင်းကာလ ဧရာဝတီမြစ်ရေတက်ချိန်တိုင်း စစ်ရေယာဉ်တွေ မြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လေ့ရှိတာကြောင့် ဒီနှစ်မှာရော ကချင်ပြည်နယ်ဘက်ကို ဆက်လက်ဆန်တက်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်နေပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button