ကသာမြို့နယ် လမ်းပိုင်းနေရာတစ်ချို့ ဘက်ဟိုးနဲ့ဖျက်ဆီးခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး ကသာာမြို့နယ်အတွင်း ထီးချိုင့်ကသာ လမ်းပိုင်းတစ်ချို့ဘက်ဟိုးတွေနဲ့ တူးဖော်ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဓိက လမ်းဖျက်ဆီးခံထားရတဲ့နေရာတွေဟာ ကသာမြို့နယ် ညောင်ခြေထောက်နဲ့ သံပုရာကျေးရွာအနီးမှာဖြစ်ပြီး နေရာ ၃ ခုထက်မနည်း ဖျက်ဆီးခံထားရတယ်လို့ ဒေသခံအမျိိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ကသာ ညောင်ခြေထောက်၊ သံပုရာရွာဘက်မှာ ဘက်ဟိုးတွေနဲ့ တူးထားတဲ့နေရာ နှစ်နေရာ၊ သုံးနေရာလောက်ရှိတယ်။ အခု မြစ်ကြီးနားမန္တလေးသွားတဲ့ကားတွေအတွက် ဒီလမ်းက အဓိကလမ်းဖြစ်နေတာ။ ဟိုဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ဒီလမ်းကို အသုံးပြုနေရတာပါလို့ သူက ပြောပါတယ်။

ဒေသခံရဲ့ ပြောဆိုချက်အရ အဲဒီလမ်းပိုင်းဟာ ပြီးခဲ့တဲ့ မေလအတွင်း ပြန်လည်အသုံးပြုနိုင်ခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး အင်းတော်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနားမန္တလေး ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ် အများစုက အဲဒီလမ်းကို အဓိကအသုံးပြုခဲ့ကြတာလို့ ဆိုပါတယ်။

ဒီလမ်းက ပြီးခဲ့တဲ့ မေလကမှ ပြန်ဖွင့်ထားတဲ့လမ်းပါ။ အခု ဘက်ဟိုးနဲ့ တူးဖော်ထားတယ်လို့ သိရတယ်။ ဘယ်ဘက်က ဖျက်ဆီးသွားတယ်ဆိုတာတော့ မသိဘူး။ ခရီးသည်တင်ကားရော၊ ကုန်ကားရော လုံးဝသွားလို့ မရတော့ဘဲ ပိတ်မိနေကြတာပါ။ အင်းတော်လမ်း ပြန်ဖွင့်ရင်တော့ ဒီလမ်းကို အသုံးပြုဖို့ မလိုတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်အထိ အဲ့ဒီလမ်းပိုင်းကို ဘယ်အဖွဲ့အစည်းက ဖျက်ဆီးခဲ့တယ်ဆိုတာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေလည်း မတွေ့ရသေးပါဘူး။

PSA

ဒီလို လမ်းပိုင်းဖျက်ဆီးခံထားရတာကြောင့် မန္တလေးမြစ်ကြီးနားလမ်းကြောင်းကို အသုံးပြုနေတဲ့ ယာဉ်တွေဟာ သွားလာရေး ပိုမိုခက်ခဲလာပြီး နဘားကသာ လမ်းပိုင်းမှာ အတက်အဆင်း နှစ်ဖက်စလုံးက ယာဉ်တွေ ပိတ်မိနေသလို မဲဇာနန့်သဲအင်းတော် ကွင်းလမ်းကို အသုံးပြုဖို့ ကြိုးစားတဲ့ ယာဉ်တွေကလည်း ကျေးရွာအလိုက် ပိတ်မိနေကြတယ်လို့ သိရပါတယ်။

ဇွန်လကုန်ပိုင်းကစပြီး လမ်းပိုင်းမှာ ယာဉ်တွေ ရက်ရှည်ပိတ်မိနေတဲ့အတွက် ခရီးသည်တချို့ဟာ ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး တချို့ကားတွေကတော့ ဆက်မစောင့်နိုင်တော့ဘဲ နောက်ပြန်လှည့်ခဲ့ရပါတယ်။

တချို့ကုန်တင်ယာဉ်တွေဆိုရင် အချိန်မီ မပို့ဆောင်နိုင်တဲ့အတွက် ပျက်စီးလွယ်တဲ့ ကုန်ပစ္စည်းတစ်ချို့ ဆုံးရှုံးမှုတွေရှိနေသလို ကားသမားတွေအနေနဲ့လည်း လောင်စာဆီနဲ့ စားသောက်စရိတ်တွေ တိုးမြင့်လာတာကြောင့် အခက်အခဲတွေ ပိုမိုကြုံတွေ့နေ ကြရတယ်လို့သိရပါတယ်။

မန္တလေးမြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဟာ ကချင်ပြည်နယ်ရဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် လက်ရှိ လမ်းပိုင်းဖျက်ဆီးခံထားရတဲ့ အခြေအနေနဲ့ စစ်ရေးမတည်ငြိမ်မှုတွေ ဆက်လက်ရှိနေသရွေ့ ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေး အခက်အခဲတွေ ဆက်ရှိနေဦးမယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက သုံးသပ်နေကြပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button