KIA တပ်သားနှစ်ဦးရမ်းကားမှုကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ
ဖားကန့် – ဝှေခါ အင်းတော်ကြီးဒေသက ဝှေလုံကျေးရွာမှာ KIA တပ်သားနှစ်ဦးရဲ့ မူးယစ်ရမ်းကားသောင်းကျန်းမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၆ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ ညောင်ထောက်ဂိတ်စခန်းက KIA တပ်သားနှစ်ဦး ဝှေလုံရွာထဲက ‘ဘရဏီ’စားသောက်ဆိုင်မှာ ထိုင်နေရင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အောင်သူဖြိုးဆိုတဲ့ လူငယ်တစ်ဦးကို တားမြစ်ပြီး စစ်ဆေးမေးမြန်းရာကနေ ပြဿနာစတင်ဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရရှိတဲ့သူတွေက ပြောဆိုလာပါတယ်။
အရက်ဘီယာမူးနေတဲ့ KIA စစ်သားနှစ်ဦးက အောင်သူဖြိုးဆိုတဲ့ လူငယ်ကို စစ်ဆေးရာကနေ ရိုက်နှက်မှုကျူးလွန်းပြီး ရပ်မိရပ်ဖတွေ ဝိုင်းတားရာကနေ သေနတ်ဖောက်သေဆုံးမှုဖြစ်ပွားခဲ့ရတယ်လို့ ဖြစ်စဉ်မှာပါဝင်တဲ့ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“ညောင်ထောက်ဂိတ်ကနေ KIA နှစ်ယောက်က ဆိုင်မှာဘီယာလာသောက်တယ်။ ဘီယာသောက်နေတဲ့အချိန် ရပ်ကွက်က ဝပ့်ရှော့မှာ အလုပ်လုပ်တဲ့ လူငယ်တစ်ယောက်က ဆိုင်ကယ်နဲ့ တက်လာတယ်။ အဲကလေးတားပြီးတော့ ရာမရှူပြီးပြန်လာတာလားဆိုပြီး အရင်ရိုက်နှက်ပြီးတော့ ပြန်လွတ်ပေးလိုက်တယ်။ ၅ မိနစ်လောက်ပဲရှိသေးတယ် ဆိုင်ရှင်ကို ပြန်သွားခေါ်ခိုင်းပြန်တယ် ပြီးရင် ဆိုင်ထဲမှာ ပြန်ရိုက်တယ်။ အဲ့လိုက်ရိုက်တော့ ရပ်ကွက်ကနေ ရပ်မိရပ်ဖတွေ အုပ်ချုပ်ရေးမှူးတွေက အဲ့လိုမလုပ်ဖို့ လာပြီးတားကြတယ် မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်ဆိုပြီး ဝိုင်းတားကြတာ။ ဂိတ်ကိုပြန်သွားကြဖို့ တောင်းဆိုကြတာဟုတ်တယ် အဲ့တာကို လက်မခံပဲ အုပ်ကြီးတွေကို ဆဲဆိုတယ်။ အဲ့လိုနဲ့ ညောင်ထောက်ဂိတ်က လူကြီးတွေကို အကြောင်းကြားမယ်ဆိုပြီး လုပ်နေတော့ သေနတ်ချိန်ဖောက်ရာကနေ အုပ်ကြီးနဲ့ ဆိုင်ရှင်အမျိုးသမီးသေနတ်ထိသွားတယ်”လို့ပြောပါတယ်။
သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတဲ့ ဝှေလုံအုပ်ချုပ်ရေးမှူး နဲ့ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတို့က KIA တပ်သား နှစ်ဦးကို ညအချိန် ဆူပူမှုမလုပ်ပေးဖို့ ဂိတ်နေရာကို ပြန်ကြဖို့ ဝင်ရောက်တားမြစ်ပြောဆိုရာကနေ ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ KIA တပ်သားနှစ်ဦးက သေနတ်ပစ်ခတ်မှုမလုပ်ခင် အောင်သူဖြိုးဆိုသူ လူငယ်ကို ရိုက်နှက်ပြီး နောက်ထပ် အသက် ၇၁ နှစ်အရွယ် ဦးညွှန့်မောင်ကို လက်တီးနဲ့ ထိုက်နှက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

သေဆုံးသွားတဲ့ ဝှေလုံရွာအုပ်ချုပ်ရေးမှူးဟာ အသက် ၃၃ နှစ်အရွယ် ဦးအိုက်နှောင်းဆိုသူဖြစ်ပြီးတော့ ‘ဘရဏီ’စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးက အသက် ၅၅ နှစ်အရွယ် ဒေါ်ချိုချိုဦး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
ဝှေလုံအုပ်ချုပ်ရေးမှူး ဦးအိုက်နှောင်းက သူနဲ့အတူ သေဆုံးသွားတဲ့ ဒေါ်ချိုချိုဦးရဲ့ မွေးစားသားလည်းဖြစ်သလို ၂၀၂၆ ခုနှစ်က စတင်ပြီး KIA အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခန့်အပ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့ ဆက်သိရပါတယ်။
KIA ရဲ့ ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားတဲ့ အမျိုးသားနှစ်ဦးလည်း လက်ရှိမှာ ဆေးကုသခံယူနေကြောင်းသိရပါတယ်။
အခုလိုပြည်သူကြားမှာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်သောက်စားပြီး ပြစ်မှုကျူးလွန်တဲ့အပေါ်မှာ နောက်ထပ်မဖြစ်အောင် KIO/KIA အုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ သေချာကြပ်မတ်ပေးသင့်ကြောင်း တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက တောင်းဆိုထားပါတယ်။
“လက်နက်ကိုင်ထားတဲ့ လက်နက်ကိုင်တွေအနေနဲ့ ပြည်သူလူထုတွေနဲ့ ပတ်သက်လာရင် အထူးစောင့်ထိန်းရမယ့်ကျင့်ဝတ်ရှိပါတယ်။ အဲ့ဒီကျင့်ဝတ်ကို မထိန်းနိုင်ရင် တော်တော်ဆိုးဝါးတာဖြစ်တယ်။ မူးယစ်သောက်စားတယ်ဆိုကတည်းက လက်နက်ကကိုင်ထားလို့ကို မသင့်တော်ဘူး။ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း ညအချိန်ကြိုက်သလို ထွက်ခွင့်ပေးတာတွေမလုပ်ပေးသင့်ဘူး။ ဒါကို အထက်တာဝန်ရှိသူတွေ ကြပ်မတ်ပေးဖို့ တကယ်လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ကိုယ့်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကျဆင်းစေပါတယ်”လို့ပြောပါတယ်။
နောက်ပြီး မူးယစ်ရမ်းကားပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ KIA တပ်သားနှစ်ဦးထဲကနေ သေနတ်ပစ်ဖောက်ခဲ့တဲ့ KIA တပ်သားဖြစ်သူလည်း သူ့ကိုယ်သူ ပြန်ပြီး ပစ်သတ်ပစ်အဆုံးစီရင်သွားတယ်လို့ ဆက်ပြီး သိရပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာလည်း ဖားပြင်ကျေးရွာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး မရှော့ဆိုင်းအောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




