မြေပြိုမှုကြောင့် လမ်းပိုင်းတစ်ချို့နဲ့ နေအိမ်များပျက်စီးမှုရှိနေ

ကချင်ပြည်နယ်််အတွင်း ဒီရက်ပိုင်းမိုးသည်ထန်စွာရွာသွန်းနေတဲ့တွက် မြေပြိုမှုတွေဆက်တိုက်ဖြစ်နေပါတယ််။

KNG က လတ်တလော ပြုစုထားတဲ့ မြေပြင်အခြေအနေအရ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားချီဖွေလမ်းပိုင်း၊ ဆဒုံးကန်ပိုင်တည်လမ်းပိုင်းနဲ့ မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်းပိုင်းတွေမှာ မြေပြိုမှုတွေကြောင့် လမ်းပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အလားတူ ခေါင်လန်ဖူးနဲ့ ချီဖွေဒေသတွေမှာလည်း မြေပြိုမှုတွေကြောင့် နေအိမ်တချို့ နစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အထူးသဖြင့် ဇူလိုင်လ  ရက်နေ့က  ချီဖွေမြို့မရောက်ခင် ချောင်းမောကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေပြိုမှုဖြစ်ပွားပြီး လမ်းပိုင်းတွေ ပျက်စီးသွားခဲ့သလို လူနေအိမ်တစ်လုံးလည်း လုံးဝပျက်စီးသွားခဲ့တယ်လို့ ချောင်းမောကျေးရွာ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ 

လောလောဆယ်တော့ လူထိခိုက်တာတွေ မရှိပါဘူး။ လူနေအိမ် တစ်အိမ်ပဲ ပျက်စီးသွားတာပါ။ လောလောဆယ်တော့ ဘယ်မှ သွားလို့ လာလို့ မရသေးပါဘူး။ အခုတော့ ဆိုင်ကယ်လမ်းလည်း မပေါက်လို့ မိုးတိတ်မဲ့အချိန်ကို စောင့်နေပါတယ်။

 မိုးတိတ်ရင် ဆိုင်ကယ်လမ်းတော့ ပြုပြင်ဖို့ ရှိပါတယ်။” လို့ ချောင်းမောရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ချောင်းမောကျေးရွာမှာ အိမ်ခြေ ၇၀ ကျော်ရှိပြီး လတ်တလော မိုးသည်းထန်စွာရွာသွန်းထားတဲ့လမ်းပိုင်းသွားလာရေးအခက်ခဲကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် မိုးအဆက်မပြတ် ရွာသွန်းနေဆဲဖြစ်တာကြောင့် လမ်းပိုင်းတွေကို ပြုပြင်နိုင်ဖို့ အခက်အခဲရှိနေပြီး လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်ဖို့ အချိန်ယူရဦးမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ 

ဒေသခံတွေရဲ့ ပြောပြချက်အရ မိုးတိတ်သွားမှသာ ဆိုင်ကယ်သွားလာနိုင်တဲ့အဆင့်အထိ လမ်းတွေကို ယာယီပြုပြင်နိုင်မှာဖြစ်ပြီး အစားအသောက်နဲ့ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သယ်ယူဝယ်ယူနိုင်မယ့် အခြေအနေ ဖြစ်နေပါတယ်

အရင်နှစ်က ဒီလောက်ထိ မပျက်ဘူးဗျ နည်းနည်းပါးပါးပဲ ပျက်တာ။ ဒီနှစ် ပိုဆိုးတယ်လို့ ပြောရမယ် ရွာထဲက အိမ်တွေပါ ထိတယ်ဆိုတော့လေ။ မိုးဒီလိုပဲ ဆက်ရွာနေမယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ဟု သူကဆက်ပြောပါတယ်။

လက်ရှိ ချောင်းမောရွာအပြင်  မြစ်ကြီးနား– ချီဖွေလမ်းမကြီးပေါ် ရှငေါ်ရွာနားမှာလည်း မြေပြိုခါနီး ကွဲအက်နေတာတွေ၊ လမ်းတစ်ဝက်ပြိုကျနေတာတွေကြောင့် လမ်းသွားလမ်းလာတွေအတွက် အန္တရယ်ရှိနေတဲ့ အနေအထားဖြစ်နေတယ်လို့ ဆက်လက်သိရပါတယ်။

အလားတူ ခေါင်လန်ဖူးမြို့နယ် အမှတ်ပေါ်ရွာမှာလည်း ပြီးခဲ့တဲ့ လပိုင်းအတွင်း မိုးရွာသွန်းမှုတွေကြောင့်ကျေးရွာအတွင်း မြေပြိုမှုကြီးဖြစ်ပွားခဲ့ရာ နေအိမ်တချို့ မြေပြိုမှုထဲ အကုန်နစ်မြုပ်သွားတာကြောင့် အကူညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

အမှတ်ပေါ်ရွာဟာ ခေါင်လန်ဖူးမြို့ကနေ  ရက်ခန့် ထပ်မံလမ်းလျှောက်သွားရတဲ့ ကျေးရွာတစ်ရွာဖြစ်ကာ ခေါင်ပါးလွန်းတဲ့နေရာဖြစ်ပြီး ခက်ခဲလှတဲ့ ကျေးရွာမှာ သဘာ၀ဘေးဒဏ်ကြောင့် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် နောက်တပ် ဆဒုံး – ကန်ပိုင်တီလမ်းပိုင်းဖြစ်တဲ့ လဂျောင်ကျေးရွာမှာလည်း မြေပြိုမှုကြီးဖြစ်နေပြီး လမ်းမတစ်ခုလုံး ပြုကျပျက်စီး ပိတ်ဆို့နေတာကြောင့် ကုန်ကားတွေ၊ ခရီးသွားကားတွေ သွားလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေပြောပါတယ်။  

ဆဒုံးမြို့အထက် လဂျောင်ကျေးရွာပတ်ပတ်လည်လည် တရုတ်တွေဝယ်ယူတဲ့ အမည်းရောင် အရောင်အဆင်းရှိ သာမန်ကျောက်တွေထက် ပိုမာကျောတဲ့ ကျောက်တွေကို အလွန်အကျွံတူးဖော်လိုက်ကြတာကြောင့် အခုလိုတွေ ဖြစ်ရတာလို့လည်း ဒေသခံတွေက ပြောဆိုနေပါတယ်။

အခုအဲဒီ လဂျောင်ကျေးရွာနားက လမ်းပိုင်းပြိုကျသွားက အဲဒီထဲက ကျောက်တွေအားလုံးထုတ်ရောင်းလိုက်ကြတယ်၊ ဆဒုံးအထက် လဂျောင်ဘေးပတ်ပတ်လည်  မြေကြီးထဲက ကျောက်ကြီးတွေအကုန် အကုန် တရုတ်တွေကို တူးဖော်ခိုင်းလိုက်တယ်၊ ရောင်းလိုက်ကြတာ အဓိကဖြစ်တယ်။ သူက မြေကြီးထဲမှာ ခိုင်ခိုင်မာမာခြေကုတ်ရှိနေတာကို အကုန်တူးဖော်ရောင်းလိုက်တော့ အခုလိုတွေ ဖြစ်လာရတာပေါ့။ ဘယ်တတ်နိုင်မလဲ ဆင်းရဲကြတော့လည်း။ ဟု ဆဒုံးဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

လက်ရှိ မြေပြိုမှုကြောင့် ပျက်စီးနေတဲ့ ဆဒုံး– ကန်ပိုင်တီလမ်းကို  တာဝန်ရှိသူတွေဘက်က ပြုပြင်မှုတော့ဆက်လုပ်နေဆဲဖြစ်ပေမယ့် လမ်းပိုင်းကနေ သေချာသွားလာလို့ မရသေးဘူးလို့ သိရပါတယ်။

လမ်းပိုင်းတွေပျက်စီးမှုတွေကြောင့် ကုန်ကားတွေ ကောင်းမွန်စွာဖြတ်သန်းသွားလာလို့မရတဲ့အနေအထားမှာ ဒေသတွင်း ကုန်စျေးနှုန်းတွေ ပြန်လည်မြင့်တက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ်တွင်း မြစ်ကြီးနား – ဆွမ်ပရာဘွမ်သွားလမ်း တယန်ဇွပ်နားမှာလည်း လမ်းပြိုတာတွေ ရှိနေတာကြောင့် ဆွမ်ပရာဘွမ်  ပူတာအို တက်မယ့်ကားများ သတိထားရမယ့်အခြေအနေရှိတယ်လို့ ဒေသခံတွေ ပြောဆိုထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လတ်တလော ခပ်စိပ်စိပ်ဖြစ်ပေါ်လာတဲ့ မြေပြိုမှုတွေဟာ သယံဇာတအလွန်အကျွံ တူးဖော်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းလာတာတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆနေကြပါတယ်။ 

မိုးတွင်းကာလမှာ မြေပြိုတာ၊ လမ်းပြိုတာတွေဟာ ယခင်ကတည်းက ဖြစ်ပွားလေ့ရှိပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဖြစ်ပွားမှုအကြိမ်ရေနဲ့ ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားလာတာကို တွေ့မြင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

တစ်ဖက်မှာလည်း မိုးရာသီကာလအတွင်း သယံဇာတတူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နေရာတွေမှာ မြေစာပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး အလုပ်သမားသေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရမှုတွေလည်း ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

အထူးသဖြင့် ဖားကန့်ကျောက်စိမ်းတွင်းဒေသနဲ့ ပန်ဝါမြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေမှာ မိုးရာသီရောက်တိုင်း မြေစာပြိုကျမှုတွေ ပိုမိုပြင်းထန်လာပြီး လူအသေအပျောက်ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button