ခေါင်လန်းဖူးမြို့နယ်ထဲက စစ်တပ်စခန်းတစ်ချို့ KIA သိမ်းပိုက်
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်၊ လာဟီဆင်–ခေါင်လန်ဖူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ကာကင်းစခန်းတစ်ချို့ကို KIA ဘက်က သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်က KIA ပူးပေါင်းတပ်ထိန်းချုပ်နေရာယူထားတဲ့ ခေါင်လန်ဖူးမြို့နယ်၊ အမတ်ဂျူံဒေသဘက်ကို ထိုးစစ်ဆင်လာရာကနေ နှစ်ဖက်တိုက်ပွဲစတင်လာတာလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။
“ခေါင်လန်ဖူးနဲ့တော့ တော်တော်နီးသွားပြီလို့ပြောလို့ရတယ်။ အခုဖြစ်တဲ့နေရာက ဒီဘက်က နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့အချိန် သူတို့ဘက်က ဝင်လာလို့ ထိတွေ့ပြီးဖြစ်တဲ့တိုက်ပွဲဟုတ်တယ်”လို့ အထက်ဖော်ပြပါတာဝန်ရှိသူကပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဘက်ကန ဇူလိုင်လ ၁၂ ရက်နေ့မှာ လာဟီဆင်–ခေါင်လန်ဖူးလမ်းပိုင်းရှိ ခေါင်လန်ဖူးဌာနေပြည်သူ့တပ်ဖွဲ့ရဲ့ ရှေ့တန်းကာကင်းစခန်းနှစ်ခုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့လည်းသိမ်းဆီးရမိထားကြောင်း သိရပါတယ်။
“စခန်းလည်းရထားတယ် သုံးပန်းလည်း သုံးယောက်အရှင်မိထားတယ်။ လက်နက်ခဲယမ်းတွေလည်းရထားတယ် အမတ်ဂျူံဘက်တော့ စကစနဲ့ ပြည်သူ့စစ်တွေက အတော်လည်းအထိနာနေတယ်ဗျ”လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

လက်ရှိ ခေါင်လန်ဖူးမြို့နယ်ထဲဖော်ဆောင်နေတဲ့တိုက်ပွဲတွေမှာ KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း၊ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF) တပ်တို့ ပါဝင်ကြောင်းသိရပါတယ်။
အမတ်ဂျူံဒေသမှာဖြစ်နေတဲ့တိုက်ပွဲအတွင်း အထိနာနေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဘက်က သတင်းအမှားဖြန့်တာတွေလည်းရှိနေကြောင်းသိရပါတယ်။
“ဦးအတန်ပြည်သူ့စစ်ဘက်ကတော့ ဒါကိုဆိုက်ဝါးသတင်းဖြန့်နေတယ် တကယ်တော့သူတို့ သေသွားပြီလို့လိုက်ပြီးသတင်းဖြန့်နေတဲ့အရာရှိက အခု ကျန်းကျန်းမာမာနဲ့သူဟာနဲ့သူ တာဝန်ထမ်းဆောင်နေတာဗျ”လို့အထက်မှာဖော်ပြခဲ့တဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ Facebook စာမျက်နှာပေါ်မှာ အကောင့်တုတွေနဲ့ ပူတာအိုPDF တပ်ဖွဲ့က အရာရှိတစ်ဦးဖြစ်တဲ့ ငွားဂျော်ဆာ(Ngwa Jaw Sar) ဆိုသူ တိုက်ပွဲအတွင်းကျဆုံးသွားကြောင်းရေးသား ဖော်ပြနေတာတွေရှိပြီး သတင်းမှားသာဖြစ်ကြောင်း ပူတာအိုPDF ဘက်ကပြောပါတယ်။
KIAဦးဆောင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းလောက်စပြီး လန်ဆယ်၊လာဟီဆင်ဘက်ကနေပြီးတော့ ခေါင်လန်ဖူးမြို့ဘက်ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာရာ လက်ရှိမှာတော့ ခေါင်လန်ဖူးမြို့အနီးက အမတ်ဂျူံအနီးအထိရောက်ရှိလာနေပြီဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဘက်ကလည်း KIAပူးပေါင်းတပ်တွေ ခေါင်လန်ဖူးနဲ့နီးလာနေတဲ့အတွက် မြို့ကိုကာကွယ်ဖို့ ခေါင်လန်ဖူးမြို့နယ်အထွက်မှာ ရှေ့တန်းကာကင်းစခန်းတွေတိုးချဲ့တာ၊ မြေပြင်စစ်ကြောင်းထိုးတာတွေပုံမှန်လုပ်ဆောင်နေကြောင်းသိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုအတွင်းမှာ ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက်တွေကပြည်သူတွေနဲ့ မြို့နယ်အတွင်းရှိကျေးရွာတွေထဲက ပြည်သူတွေကို အတင်းအဓမ္မ ခေါ်ယူခိုင်းစေတာတွေရှိနေတယ်လို့သိရပါတယ်။
“ခေါင်လန်ဖူးကနေ လန်ဆယ်ဘက်စစ်ကြောင်းတွေထွက်တယ် စစ်ကြောင်းထိုးတယ် အမြဲတမ်းပဲ ပြည်သူတွေကိုတော့ ရှေ့တန်းစခန်းတွေနဲ့ စစ်ကြောင်းအတွက် အထမ်းထမ်းဖို့ လူခေါ်တယ် တစ်ခါခေါ်ရင် ရပ်ကွက်တစ်ခုကို လေးယောက်ငါးယောက် အုပ်စုတစ်စုကို ၂၀ ၊ ၃၀ အထိသွားပေးရတယ်”လို့မြို့ပေါ်ဒေသခံအမျိိုုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူးပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ KIA နှင့်ပူးပေါင်းတပ်တို့သိမ်းပိုက်ခဲ့တဲ့ လန်ဆယ်နဲ့ ၂၀၂၄ ဒီဇင်ဘာလမှာသိမ်းပိုက်ခဲ့တဲ့ လာဟီဆင်စခန်းတွေကိုပြန်ရဖို့ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ပေမယ့်အရေးနှိမ့်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်တွေ လန်ဆယ်၊လာဟီဆင်ဘက် နှစ်နှစ်နီးပါးကြာ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ရာကနေ မအောင်မြင်ခဲ့တာကြောင့် KIAပူးပေါင်းတပ်တွေက ၂၀၂၅ နှစ်ကုန်ပိုင်းကနေစပြီးခေါင်လန်ဖူးမြို့ဘက်ကိုတန်ပြန်ထိုးစစ်ဆင်ခဲ့ရာလက်ရှိမှာတော့ အမတ်ဂျူံဒေသအထိရောက်ရှိလာပြီလို့သိရပါတယ်။
By – Zaw Zaw




