ကချင်စစ်ရှောင်အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း လိုအပ်နေ

ကချင်ဒေသရှိ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးတွေ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မယ့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။

အာဏာမသိမ်းမီက ကချင်ဒေသရှိ စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် အရပ်ဘက်အဖွဲ့အစည်းတွေက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပံ့ပိုးပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် အဲဒီလို ထောက်ပံ့မှုတွေ သိသိသာသာ လျော့နည်းသွားတယ်လို့ သိရပါတယ်။

အရင်ကဆို လက်မှုပညာလုပ်တတ်အောင်ကူညီသင်ပေးတာ၊ ဆပ်ပြာလုပ်တာ အစရှိတဲ့အလုပ်မျိုးပေါ့။ ခုတော့ အဲလိုအခွင့်လမ်းတွေလည်းအရမ်းနည်းသွားတယ်။အဓိကတော့ စစ်ရှောင်အမျိုးသမီးတွေ လုံလုံခြုံခြုံနဲ့အလုပ်လုပ်နိုင်မယ့် အသက်မွေးဝမ်းကျောင်းအလုပ်လိုမျိုးပေါ့လို့ ဂွေထုမှာရှိတဲ့ စစ်ရှောင်စခန်းက တာဝန်ခံတစ်ဦး ပြောပါတယ်။

ခုလို အကူအညီထောက်ပံ့မှုတွေ လျော့နည်းလာတာဟာ စစ်ကောင်စီရဲ့ ခရီးသွားလာခွင့်နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီဝင်ရောက်ခွင့်အပေါ် တင်းကျပ်ကန့်သတ်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကျမတို့ ဒီအခြေနေမှာ ဘယ်မှသွားလို့မရ အဖက်ဖက်ကနေ ခက်ခဲတာပေါ့။ ဖြစ်နိုင်လို့ရှိရင် အိမ်ထဲမှာပဲနေပြီး လုပ်လို့ရနိုင်မယ့်အလုပ်မျိုး ကူညီပေးတဲ့သူရှိရင်ကောင်းမှာပဲလို့တွေးမိတယ်။ အပြင်သွားဖို့ကလည်း လုံခြုံရေးကရှိသေးတာဆိုတော့လေနောက်ထပ် ဝိုင်းမော်မြို့မှာနေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်အကိုင်ရရှိနိုင်မှုနဲ့ ဝင်ငွေရရှိမှုမှာ အခွင့်လမ်းပိုလျော့နည်းလာတယ်လို့ UNDP နဲ့ UN Women က ဒီရက်ပိုင်းထုတ်ပြန်လာတဲ့ အစီရင်ခံစာမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

UNDP နဲ့ UN Women တို့ ပူးပေါင်းပြုလုပ်တဲ့ “Uneven Burdens: Women in Myanmar’s Crisis Economy” အစီရင်ခံစာအရ မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဝင်ငွေမရှိကြောင်းကိုတွေ့ရှိထားပြီး ဒီအချိုးတွေဟာ အမျိုးသားတွေထက် ပိုများလာနေတာလို့ ဆိုပါတယ်။

အထူးသဖြင့် ကျေးလက်နဲ့ ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေဟာ မိသားစုအတွက် ဝင်ငွေရှာဖွေရတဲ့တာဝန်တွေအပြင် ကလေးတွေကိုပြုစုစောင့်ရှောက်တာ၊ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတဲ့အပြင် အိမ်မှုကိစ္စတွေကိုပါ ဆက်လက်တာဝန်ယူနေရတာပါ။

ဒီလိုတာဝန်ယူနေရတာတွေကြောင့် အမျိုးသမီးတွေဟာ အလုပ်အကိုင်ရရှိရေးနဲ့ ကိုယ်ပိုင်ဝင်ငွရရှိရေးတွေမှာ အမျိုးသားတွေထက် အခက်အခဲပိုမိုကြုံတွေ့နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပဋိပက္ခဒေသတွေမှာ လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် အမျိုးသမီးတွေရဲ့ အလုပ်လုပ်ကိုင်နိုင်မှုကို ကန့်သတ်နေတယ်လို့ ဆိုပါတယ်။

နောက်ထပ်တစ်ချက်က အမျိုးသမီးတွေဟာ အလုပ်သွားလာရာလမ်းကြောင်းတွေမှာ လုံခြုံမှုမရှိတာ၊ စစ်ရေးအခြေအနေကြောင့် နေရပ်ရွှေ့ပြောင်းနေရတာနဲ့ စီးပွားရေးလုပ်ငန်းစတင်ဖို့ အရင်းအနှီးမရှိတာတွေကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ရေရှည်ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုများစွာ ရှိနေတယ်လို့ ထောက်ပြပါတယ်။

ဒါကြောင့် ပဋိပက္ခကာလသာမက၊ ပဋိပက္ခအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလည်း အမျိုးသမီးတွေအတွက် အလုပ်အကိုင်ဖန်တီးပေးတာ၊ ငွေကြေးရယူနိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အထောက်အပံ့တွေကို ထည့်သွင်းစဉ်းစားပေးဖို့ရန် လိုအပ်နေတဲ့အကြောင်း အကြံပြုတိုက်တွန်းထားတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button