မြေရှားလုပ်ကွက်မှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို လုပ်ခလစာပုံမှန်မပေးဘူးလို့ဆို 

ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းဆိုက်တွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအများစုကို တရုတ်လုပ်ငန်းရှင်တွေက လုပ်ခလစာပေးရမယ့်အချိန်ရောက်ပေမယ့် ပုံမှန်ထုတ်မပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုနေပါတယ်။

အလုပ်သမားတွေရဲ့ ပြောပြချက်အရ ပန်ဝါမြေရှားသတ္တုတူးဖော်ရေးဆိုက်တွေမှာ တောင်ဖောက်တူးတဲ့လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားအများစုဟာ လုပ်အားခလစာ ပုံမှန်မရရှိတဲ့ ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကူအညီတောင်းခံခဲ့ပေမယ့် လက်ရှိအချိန်ထိ ထိရောက်စွာ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

တောင်အကြီး၊ အသေး အားလုံးတူးပြီးနေရင်လည်း ငွေတစ်ပြားမှ မထုတ်ပေးဘူး။ လုပ်အားခကို အချိန်ဆွဲထားပေးတာ။ ဒီဇင်ဘာမှာထုတ်ပေးမယ်၊ နှစ်သစ်ကူးမှာထုတ်မယ်နဲ့ အမျိုးမျိုးပြောတယ်။ ဘယ်လောက်ထိစောင့်ရမလဲ မသိဘူး။ လုပ်အားခငွေရဖို့ ထပ်မစောင့်နိုင်တော့လို့ ပြန်သွားတဲ့သူတွေလည်း တော်တော်များတယ်။ သက်ဆိုင်ရာတွေကလည်း တရုတ်ခေါ်ရင်တော့ တစ်နာရီတောင်မကြာဘူး ဆိုက်ကိုရောက်လာတယ်။ အလုပ်သမားတွေ ခေါ်ရင်တော့ မလာပေးဘူး” လို့ ပန်ဝါမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဒါကြောင့် အလုပ်သမားတွေဟာ မိမိတို့ရသင့်တဲ့ လုပ်အားခရဖို့ KIO တာဝန်ရှိသူတွေထံ သွားရောက်အကူအညီတောင်းတာတွေ ရှိပေမယ့် ညှိနှိုင်းဖြေရှင်းပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီလို လုပ်အားခရရှိမှု မရရှိတာကြောင့် အလုပ်သမားတွေနဲ့ ကုမ္ပဏီဘက်တာဝန်ရှိသူတွေကြား အငြင်းပွားမှုပြဿနာဖြစ်နေတဲ့ လုပ်ငန်းဆိုက်တွေလည်း အများအ့ပြားရှိတယ်လို့ ဆိုပါတယ်။

ခုလို အလုပ်သမားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကြား ပြဿနာတွေ ဖြစ်လာတဲ့အခါ အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို KIO ဘက််က တာဝန်ယူဖြေရှင်းပေးတာမရှိပေမယ့် တရုတ်ကုမ္ပဏီတွေက သက်ဆိုင်ရာ KIO တာဝန်ရှိသူတွေကို ခေါ်တဲ့ချိန်မှာတော့ နေ့တွင်းချင်းရောက်လာတတ်တယ်လို့ဆိုပါတယ်။

အဲဒီနောက်  ပြဿနာဖြစ်တဲ့ အလုပ်သမားတွေကို အချုပ်ခန်းထဲထည့်တာ၊ ငွေဒဏ်ပေးဆောင်ခိုင်းတာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အလုပ်သမားတွေက ပြောပါတယ်။

သက်ဆိုင်ရာရုံးကို သွားတိုင်လျှောက်ပေမယ့် သက်ဆိုင်ရာလူကြီးတွေက တရုတ်ကုမ္ပဏီဘက်ကို လာပြီး ဖြေရှင်းပေးတာမရှိဘူး။ ‘မင်းတို့ကို ဘယ်သူလုပ်စားခိုင်းသလဲ’ ဆိုတဲ့ စကားတွေပဲ ပြန်ပြောကြတယ်။ ကျွန်တော်တို့က ဒီမှာ ကိုယ့်စရိတ်နဲ့ကိုယ် စားသောက်နေရတာ။ ငွေအမြန်မရတော့ အရမ်းဒုက္ခရောက်ရတယ်” လို့ ပန်ဝါမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေက ကုမ္ပဏီဘက်ကို လုပ်အားခပေးချေရေးအတွက် ကြားဝင်ပြောဆိုပေးမယ့် အလုပ်ခေါင်းတွေကလည်း အကူအညီမပေးဘူးလို့ ဆိုပါတယ်။

အလုပ်ခေါင်းတွေကလည်း တရုတ်လုပ်ငန်းရှင်တွေကို မပြောပေးဘူး။ ငွေပေးရမယ့်အချိန်ရောက်နေလည်း မတောင်းပေးဘူး။ အရမ်းနှောင့်နှေးတယ်။ အလုပ်ခေါင်းနဲ့ အလုပ်ခေါင်းမိန်းမတွေက အလုပ်သမားတွေဆီကနေ ပွဲခပြန်တောင်းတာ၊ ငွေဖြတ်ယူတာတွေလည်း ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ပန်ဝါမြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ တောင်တူးတဲ့အလုပ်သမားအများစုဟာ လခစားစနစ်နဲ့ အလုပ်လုပ်တာမဟုတ်ဘဲ ကိုယ်တူးနိုင်တဲ့ ပမာဏအပေါ် မူတည်ပြီး ကုမ္ပဏီဘက်က လုပ်အားခတွက်ချက်ပေးတဲ့စနစ်နဲ့ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်သမားတွေဟာ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ်တိုင်စရိတ်ခံပြီး အလုပ်လုပ်ရတာဖြစ်ပြီး တောင်တစ်တောင် (ဒါမှမဟုတ်လုပ်ငန်းပြီးစီးထားသလောက်ကို တာဝန်ရှိသူတွေက တိုင်းတာပေးကာ တစ်မီတာကို  ယွမ်နှုန်းနဲ့ လုပ်အားခကို ပုံမှန်တွချက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အလုပ်သမားတွေဟာ တစ်လခန့် လုပ်ကိုင်ပြီးနောက် လုပ်အားခငွေရရှိဖို့ ထပ်မံစောင့်ဆိုင်းနေရပြီး စောင့်ဆိုင်းနေတဲ့ကာလအတွင်း နေထိုင်စားသောက်ရေးအတွက် ကိုယ်ပိုင်ငွေကြေးပါမကျန်ကုန်သွားတဲ့အထိအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာရုံးကို သွားတိုင်လျှောက်ပေမယ့် သက်ဆိုင်ရာလူကြီးတွေက တရုတ်ကုမ္ပဏီဆီလာပြီး မဖြေရှင်းပေးဘူး။ မင်းတို့ကို ဘယ်သူလုပ်စားခိုင်းသလဲဆိုတဲ့ စကားတွေပဲ ပြန်ပြောတယ်။ ကျနော်တို့က ဒီမှာ ကိုယ့်စရိတ်နဲ့ကိုယ် စားရတယ်။ အခြားအလုပ်သမားတွေနဲ့ မတူဘူး။ ငွေအမြန်မရလို့ အရမ်းဒုက္ခကြုံရတယ်” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြေရှားသတ္တုကုမ္ပဏီတွေက ခန့်အပ်ထားတဲ့ အလုပ်သမားခေါင်းတွေ အပါအဝင် အလုပ်သမားတွေနဲ့ ကုမ္ပဏီကြား ကြားခံဆောင်ရွက်ပေးနေသူတွေဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လုပ်အားခရရှိရေးအတွက် ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေဟာ တရုတ်ဘာသာစကား ပြောနိုင်သူတွေကို အလုပ်သမားခေါင်းအဖြစ် ခန့်အပ်ထားပြီး အဲဒီသူတွေက အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကုမ္ပဏီဘက်ထံ တင်ပြပေးရင် အလုပ်ဖြုတ်ခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အလုပ်သမားခေါင်းတွေဟာ အလုပ်သမားဘက်က ရပ်တည်ပြောဆိုပေးဖို့ တွန့်ဆုတ်လာပြီး ကုမ္ပဏီဘက်ကိုသာ ပိုမိုလိုက်လျောရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဆိုတော့ သက်ဆိုင်ရာရုံးတွေက ဘာလို့တာဝန်ယူ မကြည့်ကြပ်ပေးသလဲ။ ကျနော်တို့က ခက်လို့ပဲ ဒီလို တရုတ်တွေဆီ အလုပ်လုပ်စားရတာ။ တရုတ်တွေ ဒီလိုလုပ်နေတာကို ဘာလို့တာဝန်ယူပေးမှု မရှိသလဲ” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ပန်ဝါမြေရှားသတ္တုလုပ်ငန်းဆိုက်တွေမှာ အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ ပတ်သက်ပြီး KNG က KIO တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးပါဘူး။

မြေရှားသတ္တုလုပ်ကွက်တွေမှာ အလုပ်သမားတွေ လုပ်အားခပုံမှန်မရတာ၊ ရသင့်တဲ့အချိန်မှာ လုပ်အားခမရရှိတာနဲ့ ပတ်သက်ပြီး KNG က ပြီးခဲ့တဲ့ မတ်လအတွင်း KIO ဌာနချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ လုပ်အားခမရတဲ့ အခက်အခဲတွေရှိပါက လုပ်ငန်းရှင်၊ ကုမ္ပဏီတွေနဲ့ သက်ဆိုင်တဲ့အတွက် လုပ်အားခငွေ တောင်းဆိုလို့ မရရင် KIO ထံ တင်ပြနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပန်ဝါမြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ စစ်တပ်ထိန်းချုပ်စဉ် ပြည်သူ့စစ်လက်ထက်က အထွေထွေအလုပ်သမားတစ်ဦးဟာ တစ်လကို အနည်းဆုံး တရုတ်ယွမ်ငွေ ၄၀၀၀ ဝန်းကျင် ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်လလုပ်အားခ ယွမ်ငွေ ၃၀၀၀ ကျော်သာ ရရှိတော့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တောင်တူးဖော်တဲ့ အလုပ်သမားတွေကလည်း အရင်က တစ်မီတာကို ယွမ်ငွေ  ယွမ်အထိ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်မီတာကို  ယွမ်နဲ့  ယွမ်ကြားသာ ရရှိတော့ပြီး တရုတ်ကုမ္ပဏီတွေဘက်က လုပ်အားခနှုန်းထား လျှော့ချလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သတ္တုတူးဖော်တယ်ဆိုတာ ကျနော်တို့နိုင်ငံမှာ တူးတာ။ ဒို့ပြည်သူပြည်သားတွေ ဘာမှအကျိုးခံစားခွင့်မရှိဘူး။ အဲဒီသူတို့ဆီမှာ အလုပ်သမားလုပ်ပြီး ရတဲ့ ကိုယ့်လုပ်အားခငွေတောင်မှ မနည်းရဖို့ ခက်နေတာ။ ခက်ခက်ခဲခဲ ရှာဖွေတဲ့ငွေတောင် သေချာမပေးချေပေးဘူး။ ဒါတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ လိုအပ်ချက်လို့ပဲ မြင်တယ်။ ဘာလို့ ကိုယ့်တိုင်းပြည်မှာ လာလုပ်တဲ့သူတွေထံ ကိုယ့်ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေမရှိရတာလဲ။ မကာကွယ်ပေးနိုင်ရတာလဲ။ ဘာလို့ တရုတ်တွေဘက်ကပဲ ပါနေသလဲ။ ဒါတွေကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ်” လို့ ပန်ဝါမှာ အလုပ်လုပ်နေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပန်ဝါမြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းဆိုက်တွေမှာ အမျိုးသားများအတွက် တောင်တူးဖော်တာ၊ တောင်ဘေးကျင်းဖောက်တာ၊ တရုတ်ကုမ္ပဏီဝန်ထမ်းများနဲ့အတူ အထွေထွေလုပ်ငန်း အမျိုးမျိုး စသဖြင့် အလုပ်ခေါ်ကြပါတယ်။

အခြားအလုပ်သမားတွေလည်း လစာရဖို့ခဲယဉ်းတာ၊ လစာရချိန် ပုံမှန်မရရှိပဲ အချိန်ကြန့်ကြာအောင် စောင့်ဆိုင်းရတာတွေ ကြုံကြရကာ ဒီလိုပြဿနာကို အများဆုံးရင်ဆိုင်ရတာက တောင်တူးတဲ့အလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေကိုတော့ ရေကြည့်နဲ့ ထမင်းချက်အဖြစ် ခေါ်ကြကာ တရုတ်ကုမ္ပဏီတွေဘက်က အမျိုးသမီး၊မိန်းကလေးအလုပ်ခေါ်ပါက ကုမ္ပဏီဝန်ထမ်းတွေနဲ့အတူလည်း အိပ်ပေးနိုင်တဲ့ အရောလုပ်နိုင်တဲ့ မိန်းကလေးတွေကိုသာ ဦးစားပေးအလုပ်ခန့်ကြပါတယ်။

အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းလုံခြုံမှုရှိဖို့၊ ရသင့်ရထိုက်တဲ့ လစာ၊ လုပ်အားခအချိန်မှန်ရဖို့၊ ရသင့်ရထိုက်တဲ့အခွင့်အရေးရမှ တိုင်းပြည်တစ်ခုတိုးတက်လာမယ့်လမ်းသွားလို့ရမှာဖြစ်တယ်။ အလုပ်သမားတွေကို ကာကွယ်တဲ့တရားဥပဒေက နိုင်ငံတစ်ခုမှ မရှိမဖြစ်ဥပဒေဖြစ်တယ်။ လုပ်ငန်းရှင် ဒါမှမဟုတ် ကုမ္ပဏီတွေကို ဘယ်သူခေါ်သွင်းခဲ့လဲ။ ဘယ်သူလုပ်ခွင့်ပေးထားလဲ အဲဒီဝင်ခွင့်၊လုပ်ခွင့်ပေးထားတဲ့သက်ဆိုင်ရာတွေက အပြည်အ၀ တာဝန်ယူရမှာဖြစ်တယ်။ တာဝန်ရှိတယ်ဆိုတာနဲ့မပြီးဘူး ရှိတဲ့တာဝန်ကို ဘယ်လိုယူလဲ အရေးကြီးတယ်။ အစိုးရနဲ့ပြည်သူဆက်ဆံရေးမှာ အစိုးရဆိုတဲ့သူတွေဟာ ပြည်သူကို ကာကွယ်ရမယ်၊ အစိုးရဟာ အလုပ်သမားတွေကို ကာကွယ်ရမှာဖြစ်သလို လုပ်ငန်းရှင်တွေကလည်း တရားဥပဒေလိုက်နာရမယ်၊ လိုက်နာအောင်လည်း အစိုးရမှာ တာဝန်ရှိတယ်။လို့ အလုပ်သမားရေးရာ သုတေသနနှင့် အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အစိုးရ၊ လုပ်ငန်းရှင်ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေဟာ အပြန်အလှန်ဆက်နွယ်နေတဲ့အတွက် အစိုးရတာဝန်ယူထားသူတွေဟာ လုပ်ငန်းရှင်တွေ နစ်နာမှုမရှိအောင် စောင့်ကြည့်ပေးရသလို အလုပ်သမားတွေ ဖိနှိပ်ခံရမှု မဖြစ်အောင်လည်း ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

အခုလို မြေရှားသတ္တုလုပ်ငန်းဆိုက်တွေမှာ အလုပ်သမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေတာမျိုးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိရောက်စွာ ကာကွယ်ဖြေရှင်းပေးဖို့ လူထုက တောင်းဆိုနေကြပါတယ်။

ချီဖွေမြို့နယ် ပန်ဝါဒေသသာမက KIO ဌာနချုပ်နယ်မြေ မိုင်ဂျာယန်အင်ခေါင်းတစ်လျှောက်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွေမှာလည်း အလုပ်သမားတွေ လစာပုံမှန်မရရှိတာ၊ လုပ်အားခနှိမ်ခံရတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးကို လက်ရှိမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ထိန်းချုပ်ထားပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button