SCEF ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံရေး မရပ်မနားကြိုးစားနေတဲ့အတွက် ပြည်သူတွေထောက်ခံဖို့ KIO ဥက္ကဋ္ဌတိုက်တွန်း
လူမျိုးချင်း ကိုယ်စီ ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်ခွင့် ရရှိရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံရေးကို မရပ်မနား လုပ်ဆောင်နေတာကြောင့် တိုင်းသူပြည်သားနဲ့ ကချင်ပြည်သူများအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးကြဖို့ KIO ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။
ပြည်သူလူထုကို အခြေခံပြီး မိမိဒေသကို လွတ်လပ်စွာကိုယ်တိုင်စီမံအုပ်ချုပ်နိုင်ဖို့အတွက် တူညီတဲ့ပန်းတိုင်တစ်ခုတည်း ဆုပ်ကိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုရရှိအောင် လုပ်ဆောင်နေတယ်လို့ ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အမျိုးသားအာဇာနည်နေ့မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုထားတာ တွေ့ရပါတယ်။
“ကျနော်တို့ လိုအပ်နေတဲ့ ပြည်သူလူထုအပေါ် ခြေခံပြီး မိမိဒေသကို လွတ်လပ်စွာကိုယ်တိုင် စီမံအုပ်ချုပ်နိုင်ဖို့အတွက်က နိုင်ငံအတွင်းက လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အားလုံး တူညီတဲ့ပန်းတိုင်တစ်ခုကို ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်။ အိမ်နီးချင်နိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုတွေကို ရရှိဖို့လိုအပ်တဲ့အပြင် တော်လှန်ရေးခရီးကိုလည်း တစ်ဆင့်ပြီး တစ်ဆင့်မြှင့်တင်ပြီးတော့ ရှေ့ကိုချီတက်သွားနိုင်ဖို့ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
ဒီလိုအခြေအနေမှာ လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့အစည်းတွေ NUG၊ CRPH တွေနဲ့ လက်တွဲပြီးတော့ ကမ္ဘာ့နိုင်ငံရေးစင်မြင့်ထက်မှာ ထင်ပေါ်လာနိုင်ရန်အတွက် SCEF နဲ့ အတူကြိုးပမ်းနေတာဖြစ်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ အသက်ရင်းပြီး လက်နက်ကိုင်တော်လှန်တဲ့ တော်လှန်ရေး ခရီးစဉ်ကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံကနေ စဉ်းစားအဖြေရှာ ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ အချိန် ပြည်သူပြည်သားများအနေဖြင့် အာဏာရှင်ဖက်မှာ ပါဝင်ပတ်သက်တာတွေ လုံးဝ မလုပ်ကြဖို့လည်း မိန့်ခွန်းမှာ အထူးသတိပေးပြောဆိုထားတာ တွေ့ရပါတယ်။
“ကျဆုံးသွားပြီဖြစ်တဲ့ အာဇာနည်သူရဲကောင်းတစ်ဦးချင်းစီကို ဂုဏ်ပြုပေးနေတဲ့အချိန် မျက်ရည်ကျရင်းနဲ့ ရင်ဘတ်အောင့်တဲ့အထိ စိတ်မကောင်းဖြစ်ရပါတယ်။ ကျဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ အိမ်ထောင်မိသားစုတွေရဲ့ ငိုကြွေးသံတွေလည်း ကြားနေ မြင်တွေ့ရပါတယ်။ မျက်ရည် သွေးချွေးတွေနဲ့ အသက်ကိုရင်းပြီး လွတ်မြောက်ဖို့ကြိုးစားနေတဲ့အချိန် နိုင်ငံနှင့် ပြည်သူပြည်သားများအနေနဲ့ စစ်အာဏာရှင်အမြစ်သွယ်စေမယ့် လုပ်ငန်းတွေမှာ မပါဝင်ကြပါနဲ့၊ အခုချက်ချင်းရှောင်ကျဉ်ကြပါ။ တရားတဲ့လမ်းမှာ အတူရပ်တည်ဖို့ထပ်မံတိုက်တွန်းလိုက်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်အမြစ်တွယ်စေဖို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့သူတွေရဲ့ တရားစီရင်တဲ့ နေ့ရက်ရောက်လာလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုထားပါတယ်။
ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ မိန့်ခွန်းထဲမှာ စစ်ရေးမှာ အရပ်သားပြည်သူတွေကို ထည့်သွင်းပစ်မှတ်ထားတာတွေမလုပ်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကာကွယ်ပြီး စစ်ရေးကျင့်ဝတ်တွေကိုလည်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ စစ်တပ်ကို သတိပေး ပြောဆိုထားတာတွေလည်းပါရှိပါတယ်။
“ကိုယ်တိုင်လုပ်လိုက်တဲ့ လုပ်ရပ်တွေက မှန်ကန်ပြီလို့ ထင်ရပေမယ့် အများပြည်သူထုက လက်မခံရင် ပြန်လည်စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရမယ့် အရာတွေကို အချိန်မနှောင်းသေးခင် အမြန်ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်း ပြောဆိုချင်ပါတယ်။ ပြည်သူလူထုတွေကို ပစ်မှတ်ထား ဆွဲထည့်တာတွေ၊ လူသားဒိုင်းလုပ်တဲ့ လုပ်ရပ်တွေကို ရှောင်ကျဉ်ဖို့ ပြောချင်တယ်။ လူတိုင်းရဲ့ အသက်အိုးအိမ်တွေကိုလည်း တန်ဖိုးထားအလေးထားပေးဖို့ ထည့်ပြောချင်တယ်။ တိုက်ခိုက်ရေးမှာ ကျင့်သုံးလိုက်နာရမယ့် စစ်ရေးကျင့်ဝတ်တွေကိုလည်း တိတိကျကျလိုက်နာရမှာ ဖြစ်တယ်လို့လည်းပြောဆိုချင်ပါတယ်” လို့ ထည့်သွင်းပြောဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အကြာမှာ တော်လှန်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်တင်စေဖို့ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
SCEF ပေါင်းစည်းမှုထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့နဲ့ ဖွဲ့စည်းထားတဲ့ SCEF ဟာ ပေါင်းကူးတံတားတစ်စင်းဖြစ်ဖို့အထိ ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့သော ၁၉၇၅ ခုနှစ် သြဂုတ် ၁၀ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စတင်တည်ထောင်ခဲ့သူ GOC Lahtaw Zau Seng နှင့် ထိပ်ပိုင်းခေါင်းဆောင်တချို့ ကျဆုံးခဲ့သောနေ့ကို ကချင်အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ၁၉၆၀ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
By – နော်ထွယ့်(ဟူးကောင့်)




