မြစ်ကြီးနားမြို့မှာ ၁ရက်အတွင်း ရေနစ်သေဆုံးမှု ၂ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁ရက်အတွင်းမှာဘဲ ရေနစ်သေဆုံးမှု ၂ကြိမ်ထိဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ရေနစ်သေဆုံးခဲ့တာကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(ဩဂုတ်လ ၉ရက်) တစ်ရက်တည်းမှာ ဖြစ်ပြီး အသက် ၉နှစ်အရွယ်ကလေးနဲ့ အသက်၁၇နှစ်ဝန်းကျင်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံးခဲ့တာ လူမှုကူညီရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပြပါတယ်။
“အဲဒီ ၉နှစ်အရွယ် ကလေးကလည်း တနင်္ဂနွေညနေပိုင်းမှာဘဲ ဖြစ်သွားတာဟုတ်တယ်။ အဲဘေးနားက လူတွေပြောတာကတော့ ညနေပိုင်း ၄နာရီလောက်မှာ အတူသွားရင်းနဲ့ ဖြစ်တာတဲ့”လို့ ဆိုပါတယ်။
အသက်၉နှစ်အရွယ်ကလေးဟာ တနင်္ဂနွေညနေပိုင်း ၄နာရီကျော်အချိန် သူငယ်ချင်းတွေနဲ့ စီတာပူရပ်ကွက် ကောင်ရာနယ်မြေရှိ ငါးကန်ဟောင်းမှာ ရေကစားရင်း ရေနစ်သေဆုံးခဲ့တာ ဖြစ်ပြီး ရုပ်အလောင်းကိုတော့ မနေ့က(ဩဂုတ်၁၀ရက်) မနက်ပိုင်း ၁၀ခွဲအချိန်မှာမှ ပြန်လည်ရှာတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ အသက် ၁၇ဝန်းကျင်အရွယ် ယောင်္ကျားလေးကလည်း တနင်္ဂနွေနေ့ ညနေ ၄နာရီချိန် စီတာပူမနောကွင်း လုံဂါပါမြစ်ဆိပ်မှာ ရေကစားရင်း မတော်တဆဖြစ်ကာ ရေနစ်သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုတော့ ည ၇နာရီ ၁၅မိနစ် ဝန်းကျင်အချိန်မှာ ပြန်လည် ဆယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ၂ဦးထဲက အသက်၉နှစ်အရွယ်ကလေးဟာ လွှတ်တော်ရုံးအနောက်မှာ နေထိုင်တဲ့ စစ်ရှောင်ကလေးလို့ သိရှိရပြီး အသက် ၁၇နှစ်အရွယ်ကလေးကတော့ မိုင်နားကျေးရွာမှာ နေထိုင်သူ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါအပြင် မြစ်ကြီးနားမြိုမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့တုန်းကလည်း ကြက်ပေါင်ခြံရပ်ကွက် မခန္တီးဆိပ်အနီး ဆယ်ကျော်သက်အရွယ် ကောင်လေးနှစ်ဦး ရေဆင်းချိုးရင်းနဲ့ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အလားတူ မေလ ၂၅ရက်နေ့ကလည်း အသက်၃၀ကျော်အရွယ် အမျိုးသားတစ်ဦး ဗလမင်းထင် တံတားအောက်ကနေ ခုန်ချခဲ့တာကြောင့် ရေနစ်သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုတော့ မေလ ၂၆ရက်မှာမှ ပြန်လည် ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
အလားတူ ဧပြီလ ၁၈ရက်နေ့တုန်းကလည်း မြစ်ကြီးနားမြို့ ကချင်စုဆိပ်ကမ်းမှာ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၁၃ရက်နေ့တုန်းကလည်း ဧရာဝတီမြစ် ဧရာဝတီရှုခင်းသာ လမ်းလျှောက်သင်္ကြန်မှာ သတ်မှတ်ထားတဲ့နေရာကို ကျော်လွန်ပြီး ရေကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ရဲ့ အချိန်မှီ ကယ်ဆယ်ခဲ့မှုကြောင့် အသက်ဘေးကနေတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဧပြီလ ၇ရက်နေ့ တုန်းကလည်း ဝိုင်းမော်မြို့ ရပ်ကွက် ၄က ၇ရက်ကြာ ရေနစ်ပျောက်ဆုံးသွားတဲ့ အသက်၇နှစ်အရွယ်ကလေးတစ်ဦးကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
By – Hope



