ကချင်ဒေသထဲက ဗန်းမော်၊ ရွှေကူအပါ မြို့နယ် ၅ ခု မှာ တိုက်ပွဲပုံမှန်ဖြစ်နေ

ကချင်ပြည်နယ်ထဲက မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး တိုက်ပွဲပုံမှန်ဖြစ်ပွားလျက်ရှိနေတယ်လို့ KIO ပြောပါတယ်။

လက်ရှိ ကချင်ဒေသထဲက  ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ဖားကန့် နဲ့ ခေါင်လန်ဖူး ဒေသတွေမှာ ထိတွေ့တိုက်ပွဲ အများဆုံးဖြစ်ပွားနေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်ဘက်မှာက မြေပြင်စစ်ပွဲမရှိပေမယ့် အချိန်ပြည့် စစ်ရေးတင်းမာတာတော့ရှိတယ်။ နောက်ပြီး အင်းတော်ကြီးဘက်ဖြစ်တယ်။ စစ်ကိုင်းအစပ်တွေဘက်ကတော့ ပုံမှန်ဖြစ်နေတယ်။ ပြီးရင် ပူတာအိုဒေသ ခေါင်လန်ဖူးဘက်မှာလည်းဖြစ်တယ်လို့ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၅ ခုထဲကနေ ရွှေကူနဲ့ ဗန်းမော်တိုက်ပွဲက မြေပြင်စစ်ရေးပြင်းထန်နေပြီးတော့ တိုက်ပွဲကာလ နှစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေကူမြို့နယ်ထဲမှာ  ဇူလိုင် ၃၁ ရက်နေ့  ရွှေကူ နဲ့ ငအိုးကြားက စစ်အင်အား ၃၀ ဝန်းကျင်ခန့် တပ်စွဲခြေကုတ်ယူထားတဲ့ ရွှေဘုန်းမြင့် ရှေ့တန်းစစ်တပ်စခန်းအကြီးတစ်ခုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် အဲ့ဒီနေရာကို ပြန်ရဖို့ စစ်တပ်က လေကြောင်းနဲ့ မနက်၊ ည မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။

KIA သိမ်းပိုက်ထားတဲ့ ရွှေဘုန်းမြင့်နေရာကို ပြန်ရဖို့ စစ်တပ်ဘက်ကနေ လေကြောင်းတိုက်ခိုက်နေတဲ့အပြင်   Y – 8 လေယာဉ်အမျိုးအစားနဲ့ စစ်ရိက္ခာတွေလည်း ပုံမှန်လာပို့နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက KNG ကိုပြောပါတယ်။

ရွှေဘုန်းမြင့်နေရာဟာ ရွှေကူနဲ့ ငအိုးကြား၊ ဗန်းမော်မန္တလေးလမ်းပိုင်းပေါ်မှာတည်ရှိပြီး စစ်ရေးအတွက် အလွန်အရေးပါတဲ့ နေရာတစ်ခုဖြစ်တာကြောင့် စစ်တပ်ဘက်က ပြန်လည်ရယူဖို့ ကြိုးပမ်းနေသလို KIA ပူးပေါင်းတပ်တွေကလည်း လက်မလွတ်ရေးအတွက် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိ ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကြောင်းတွေက တပ်မ ၉၉ နဲ့ ငအိုးအခြေစိုက်တပ်တွေ ဦးဆောင်ပြီးတော့  ရွှေကူမြို့ထဲဝင်ရောက်ဖို့နဲ့ ၊ ဗန်းမော်နဲ့ စင်းခန်းဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ KIO ကပြောဆိုထား ပါတယ်။

၂ နှစ်ခန့်အကြာ စစ်ရှိန်ကြာမြင့်နေတဲ့  ဗန်းမော်မှာလည်း ဇူလိုင်လထဲကနေ စစ်တပ်ဘက်ကနေ KIA ပူးပေါင်းတပ်တွေရှိတဲ့ဘက်ကို တဖြည်းဖြည်း ဝင်ရောက်လာတဲ့အတွက် နေ့စဉ်ဆိုသလို နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ဆက်သိရပါတယ်။

ဗန်းမော်မှာ အဓိကတိုက်ပွဲနေရာဖြစ်နေတဲ့ တာမိုင်းလုံး၊ သုံးမိုင်လမ်းဆုံနေရာတွေဘက်မှာ စစ်တပ်ဘက်ကနေ မြေပြင်ကနေ ခေတ်မှီ လက်နက်ကြီးဒရုန်းတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး လေကြောင်းပစ်ခတ်မှုတွေလည်း ရှိနေသေးတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

နောက်ထပ် ကချင်ဒေသထဲက ဝိုင်းမော်၊ အင်းတော်ကြီးနဲ့ ပူတာအိုဒေသက ခေါင်လန်ဖူးမြို့နယ်တွေထဲမှာ ဇူလိုင်လကုန်ပိုင်းကနေ  ယခုဩဂုတ်လအထိ မြေပြင်ထိတွေ့တိုက်ပွဲတွေ ယာယီငြိမ်သက်နေပေမယ့် ဒေသအတွင်း စစ်ရေးတင်းမာတဲ့ အခြေအနေတွေကြောင့်  အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့ မြို့နယ်တွေဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။

အဓိကတော့ စစ်တပ်ဘက်ကနေ ထိုးစစ်ဆင်နေတဲ့အတွက် ကျနော်တို့ဘက်ကနေ ခုခံတိုက်ပွဲတွေ ဆင်နွှဲနေရတာဖြစ်တယ်။ ပြောရမယ်ဆိုရင် အင်းတော်ကြီးဘက်ဆိုရင်လည်း ခဏခဏဖြစ်နေတယ် ဖြစ်လိုက်နားလိုက်နဲ့ ဖြစ်နေတဲ့သဘောဟုတ်။ ဒါကြောင့် အခုပြောနေတဲ့ ဒေသတွေက မြေပြင်မှာ တိုက်ပွဲတွေ မရှိသေးရင်တောင် အချိန်မရွေးတိုက်ပွဲထဖြစ်လာနိုင်တဲ့ အနေအထားမှာရှိနေတာလို့ပြောလို့ရပါတယ်လို့ ပြောပါတယ်။

အင်းတော်ကြီးဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကြီးစိုးလာတဲ့ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် SNA က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နောက်ပိုင်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ ဟဲပန်းလမ်းခွဲဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ၄ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အလားတူ ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်းတည်ရှိတဲ့ ပူတာအိုဒေသထဲက ခေါင်လန်ဖူးဒေသမှာလည်း ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်လောက်က စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေနေရာယူထားတဲ့ ကျေးရွာတစ်ခုကို KIA နဲ့ KPF ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီကျေးရွာဟာ ခေါင်လန်ဖူးမြို့နယ် မြန်မာတရုတ်နယ်စပ် မှတ်တိုင် (၃၀)က ရှဂါဒီကျေးရွာဖြစ်ပြီး တိုက်ပွဲကာလ တစ်လဝန်းကျင်ခန့်အကြာမှာ သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရှဂါဒီကျေးရွာကို KIA သိမ်းပိုက်လိုက်ပြီးနောက် ဇူလိုင်လကုန်းပိုင်းမှာ ခေါင်လန်ဖူးဒေသမှာ တိုက်ပွဲပြန်ပြီး ငြိမ်သက်သွားတာ နှစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

အခုလို ကချင်ဒေသထဲမှာ စစ်ရေးတင်းမာမှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရဘက်ကလည်း အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ်အများပိုင်းပါဝင်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button