ပဋိပက္ခကြားက ငွေညှစ်ခြိမ်းခြောက်မှု
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနဲ့ စီးပွားရေးအခက်အခဲတွေကြား ရုန်းကန်နေရတဲ့ ကချင်ဒေသက ပြည်သူတွေအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အမည်သုံးပြီး ခြိမ်းခြောက်ငွေညှစ်ခံနေရတာက နောက်ထပ်ဖိအားတစ်ခု ဖြစ်လာပါတယ်။
အဓိကအားဖြင့် ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနား၊ မိုးကောင်းနဲ့ မိုးညှင်းမြို့တွေမှာ လုပ်ငန်းအကြီးအသေးမရွေး ဖုန်းနဲ့ Viber ကနေတစ်ဆင့ ငွေတောင်းတာတွေ ရှိနေပြီး တစ်ချို့ပြည်သူတွေဆိုရင် အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်ခံရတဲ့အထိ ဆိုးလာနေပါတယ်။
“သက်ဆိုင်ရာ ဘယ်အဖွဲ့အစည်းမဆို သူတို့နာမည်အသုံးချပြီး ငွေတောင်းနေတဲ့သူတွေကို အမိဖမ်းပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့ပေါ့။ ဒါမှလည်း ပြည်သူတွေက သူတို့အားသန်ရာ ဘယ်အဖွဲ့အစည်းမဆို စိတ်ချယုံကြည်လို့ရတယ်ဆိုတာ ဖြစ်ကြမှာလေ။ ခုကျ ဘယ်သူ့အဖေခေါ်ရမှန်း မသိတော့ဘူး။ အကုန်လုံးကို လက်အုပ်ချီနေရတော့” လို့ ငွေညှစ်ခံနေရတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
ဘယ်လိုပုံစံနဲ့ ငွေညှစ်နေသလဲ
ခြိမ်းခြောက်ငွေညစ်သူတွေက ဖုန်းမက်ဆေ့ချ်နဲ့ Viber ကနေ စာပို့ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အမည်ကိုသုံးခြိမ်းခြောက်နေသလို မုန့်ဆိုင်၊ ဈေးဆိုင်၊ ဆီဆိုင်နဲ့ ဘော်ဒါဆောင်တွေအပါအဝင် လုပ်ငန်းအကြီးအသေးမရွေး ဒီပြသာနာတွေကို ကြုံနေရတယ်လို့သိရပါတယ်။
“စီးပွားရေးလုပ်နေတဲ့ အတော်များများ အဲ့လိုခြိမ်းခြောက်ခံကြရတာ။ လုပ်ငန်း အသေးအကြီးမရွေးဘူး။ ငွေမပေးရင် သတ်မယ် ဘာညာပဲပြောတာ” လို့ ဆိုပါတယ်။
တချို့နေရာတွေမှာတော့ တောင်းခံထားတဲ့ ငွေကို လူကိုယ်တိုင်လာရောက်ပေးဆောင်ခိုင်းတာတွေရှိပြီး နောက်ဆုံး ငွေမပေးနိုင်ရင် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ ပုံစံအထိ ခြိမ်းခြောက်ငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ငွေညစ်သူတွေဟာ SNA၊ KIA/KPDF စတဲ့ အဖွဲ့အစည်းတွေရဲ့ အမည်တွေကို သုံးပြီး လုပ်ငန်းပေါ်မှုတည်ကာ ကျပ် ၅ သိန်းဝန်းကျင်ကနေ သိန်း ၂၀ ထိတောင်းတာတွေ ရှိတယ်လို့ သိရပါတယ်။
ခုလို ခြိမ်းခြောက်ငွေညှစ်ခံရတာတွေ များလာတာကြောင့် ပြည်သူတွေဘက်က ငွေတောင်းခံသူတွေကို တံဆိပ်တုံးပါတဲ့ တရားဝင်အမိန့်စာရွက်တွေ တောင်းပေမယ့် လူကိုယ်တိုင် လာရောက်အခွန်ဆောင်ပြီးမှ ဖြတ်ပိုင်းပေးမယ်လို့ ပြန်လည်အကြောင်းပြန်လာတာတွေ ရှိတယ်လို့ သိရပါတယ်။
ခုလို တရားဝင်အထောက်အထားတွေ သေသေချာချာဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့အတွက် စျေးသည်တွေဘက်က ငွေမပေးတဲ့ချိန်တွေဆိုရင် အသက်အန္တရယ်ပြုမယ်ဆိုပြီး ပြန်လည်ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီလို လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နာမည်အသုံးပြုပြီး ငွေညှစ်ခြိမ်းခြောက်တာတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဆက်တိုက်ရှိလာခဲ့တာဖြစ်ပြီး ခုနောက်ပိုင်း ပိုဆိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း မဟာမိတ်တပ်ပေါင်းစု (NBPDF) အဖွဲ့ရဲ့ ပြောကြားချက်အရ PDF အမည်ခံပြီး ငွေညှစ်တာတွေဟာ ၂၀၂၂ ခုနှစ်လောက်ကတည်းက စတင်လာတာဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင်တွေကို အဓိကထား ငွေညှစ်တာတွေ လုပ်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်လောက်ကစပြီး ကိုယ်ပိုင်စာသင်ကျောင်းတွေကိုပါ ငွေညှစ်တာနဲ့ ဗုံးခွဲတိုက်ခိုက်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ငွေညှစ်တဲ့ပုံစံမှာလည်း ဗုံးခွဲတိုက်ခိုက်မှု မလုပ်ခင် ငွေတောင်းတဲ့ ခြိမ်းခြောက်စာတွေ အရင်ပို့တာရှိပြီး ငွေမပေးတဲ့အခါ ကျောင်းအနီးပတ်ဝန်းကျင်မှာ ဗုံးခွဲတာမျိုးတွေ လုပ်လေ့ရှိတယ်လို့ NBPDF ဘက်က ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာလည်း ပြည်ဟိန်း၊ IELTS နဲ့ ALL STAR စတဲ့ ကိုယ်ပိုင်စာသင်ကျောင်း ၃ ကျောင်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ဇွန်လလောက်ကနေ တစ်လတစ်ကြိမ်နှုန်းနဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဘာကြောင့် ငွေညှစ်မှု ဖြစ်လာတာလဲ၊
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး ကုန်ဈေးနှုန်းတွေကလည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လာပါတယ်။
လက်ရှိမှာ ကြက်ဥတစ်လုံးကို ကျပ် ၁၂၀၀ ဝန်းကျင်အထိ ပေးဝယ်နေရတာကြောင့် အခြေခံစားသောက်ကုန်တွေကိုတောင် အရင်ထက်ပိုပြီး ခက်ခက်ခဲခဲ ဝယ်ယူနေရပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်လာတာတင်မက ကျေးလက်ဒေသအများစုမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် လယ်ယာလုပ်ငန်းလို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပုံမှန်လုပ်ကိုင်ဖို့လည်း ခက်လာပါတယ်။
တိုက်ပွဲနဲ့ နီးစပ်တဲ့နေရာတွေမှာ လက်နက်ကြီးကျရောက်တာ၊ ခရီးသွားလာတဲ့ ပြည်သူတွေ ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေရတာတွေကြောင့် နေ့စဉ်လုပ်ကိုင်စားသောက်ဖို့ အခွင့်အလမ်းတွေပါ လျော့နည်းလာပါတယ်။
ဒါ့အပြင် စီးပွားရေးအခြေအနေမကောင်းတာနဲ့ အလုပ်အကိုင်ရှားပါးလာတာတွေကလည်း လူငယ်တွေအပါအဝင် အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းနည်းလာစေပြီး ဝင်ငွေမရှိတာ၊ စားဝတ်နေရေးကျပ်တည်းတာတွေကို ပိုဆိုးလာစေပါတယ်။
ဒီလို စစ်ရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေ တစ်ပြိုင်နက်တည်း ကြုံနေရတဲ့အခြေအနေက ငွေညှစ်ခြိမ်းခြောက်မှုတွေ ပိုဖြစ်လာစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုလို့ ဒေသခံတွေက မြင်ကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့မှာဆိုရင် မြစ်ကြီးနားမြို့ပေါ် ရွှေညောင်ပင်ရပ်ကွက်မှာ လူငယ်တစ်ဦးကို သေနတ်အတုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေပြောပါတယ်။
ဖမ်းဆီးခံရတဲ့လူငယ်ကို စစ်ဆေးမေးမြန်းရာမှာတော့ မြို့ပေါ်မှာ ဓါးပြတိုက်တဲ့ထဲပါဝင်ကြောင်းထွက်ဆိုခဲ့သလို မူးယစ်ဆေးသုံးစွဲသူဖြစ်ကြောင်းလည်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မူးယစ်ဆေးဝါးပြဿနာကလည်း ဒီအခြေအနေကို ပိုဆိုးလာစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတွေကို အရင်ထက် လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲလို့ရလာပြီး ကျောင်းသားလူငယ်တွေပါ မူးယစ်ဆေးဝါးသုံးစွဲလာတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် မူးယစ်ဆေးဝါးသုံးစွဲမှုများလာတာနဲ့အမျှ လူငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အပေါ် ထိခိုက်မှုတွေရှိလာပြီး စားဝတ်နေရေးအတွက် ပုံမှန်အလုပ်လုပ်ကိုင်ဖို့ထက် ငွေကို အလွယ်တကူရနိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်လာတာမျိုးတွေ ရှိလာတယ်လို့ ဆိုပါတယ်။
အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ တစ်ပြိုင်နက်တည်း ရှိလာတဲ့အခါ တချို့လူငယ်တွေဟာ ပုံမှန်အလုပ်အကိုင်တွေကနေ ဝင်ငွေရှာဖို့ထက် ငွေရလွယ်တဲ့ နည်းလမ်းတွေဘက်ကို ရောက်သွားနိုင်ပါတယ်။
ဒီအခြေအနေတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နာမည်အသုံးပြုပြီး ငွေညှစ်တာ၊ ခြိမ်းခြောက်တာလို ရာဇဝတ်မှုတွေ ပိုဖြစ်လာစေတဲ့ နောက်ခံအကြောင်းရင်းတစ်ခုအဖြစ်လည်း တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
တော်လှန်ရေးအဖွဲ့ဘက်က ဘာပြောလဲ
မြစ်ကြီးနားမြို့အပါအဝင် မိုးကောင်း၊ မိုးညှင်းစတဲ့နေရာတွေမှာ KPDF တွေမရှိသလို အခွန်ငွေတွေကောက်ခွင့်လည်း မရှိဘူးလို့ NBPDF ဘက်က ဆိုပါတယ်။
တရားဝင်အခွန်ငွေတွေ ကောက်ခံနေတဲ့ KIO အစိုးရရှိပေမယ့် တရားဝင်ပြေစာ၊ တံဆိပ်တုံးတွေနဲ့ နှစ်စဉ် တစ်နှစ်စာအချိုးကျ ကောက်ခံတာဖြစ်တယ်လို့လည်း သိရပါတယ်။
မဟာမိတ်တပ်ပေါင်းစု (NBPDF) ဘက်က ၂၀၂၂/၂၀၂၃ ခုနှစ်လောက်မှာ ခုလိုခြိမ်းခြောက်ငွေညှစ်တဲ့သူတွေထဲက ၂ ဦးကို ဖမ်းမိခဲ့သလို ၂၀၂၄/၂၀၂၅ ခုနှစ်မှာလည်း နောက်ထပ် ၂ ဦးကို ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ အသက် ၂၀ ကျော်အရွယ်ကနေ အသက် ၃၀ ကျော်အရွယ်တွေ ပါဝင်ပြီး ခိုးဆိုးလုယက်မှုလုပ်ခဲ့ဖူးတဲ့ ထောင်ထွက်တွေနဲ့ ပြည်သူ့စစ်တွေနဲ့ နီးစပ်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်ကြီးတွေကတော့ သိန်း ၅ ရာနဲ့ ၁,၀၀၀ ကြား ငွေညှစ်တာဖြစ်ပြီး ရွှေဆိုင်တွေကိုလည်း ဓားပြတိုက်တာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် သူတို့အနေနဲ့ ခုလိုခြိမ်းခြောက်ငွေညှစ်တာတွေကို လုပ်ဆောင်တဲ့နေရာမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေရတာက အချီကြီးရတဲ့အချိန်မှာ ခဏတာငြိမ်သွားတတ်တဲ့ပုံစံမျိုး ဖြစ်တယ်လို့ NBPDF အဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
“ဘာကြောင့် ပေါ်လိုက်ပျောက်လိုက် ဖြစ်ရသလဲဆိုရင် အချီကြီးရထားပြီးရင် ခဏငြိမ်မယ်၊ ငတ်လာရင် သားကောင်ထပ်ရှာ လုပ်ကြတယ်လို့ သုံးသပ်မိတယ်။ ဘယ်လိုအိုင်ဒီယာမျိုးနဲ့ ငွေညှစ်တောင်းကြတယ်ဆိုတာတော့ ခိုးဆိုးလုယက်တဲ့အဖွဲ့တွေဘဲ သိလိမ့်မယ်။ ဒီနောက်ပိုင်း တိုင်ကြားတာတွေ မလုပ်ကြတော့ဘူး” လို့ ဆိုပါတယ်။
ဘာကြောင့် တိုင်ကြားဖို့ခက်နေတာလဲ
စစ်အစိုးရအနေနဲ့ ခြိမ်းခြောက်ငွေညှစ်သူ၊ ခိုးဆိုးလုယက်သူတွေကို သေချာဖမ်းဆီးအရေးယူမှုတွေ မပြုလုပ်ဘဲ ပြန်လွှတ်လိုက်တာမျိုးတွေ လုပ်လေ့ရှိပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်သပ်မွေးထားတာဖြစ်တယ်လို့ ပြည်သူတွေဘက်က ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ပြည်သူတွေဘက်ကလည်း ရဲစခန်းတွေကို တိုင်ကြားမှုတွေ မလုပ်တော့တာလည်း ဖြစ်ပါတယ်။
လက်ရှိဖြစ်နေတဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေက စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ ပိုများနေတာကြောင့် KIO အစိုးရဘက်က လာရောက်အရေးယူဖို့လည်း ခက်ခဲတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“စကစတို့ နောက်ကွယ်မှာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နဲ့နီးတဲ့နေရာတွေမှာဘဲ လုပ်လို့ရနေတော့။ ကေအိုင်အေထိန်းချုပ်နယ်မြေတွေမှာတော့ ခုလိုခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်လို့မရဘူး။ ပြီးတော့ ထိရောက်စွာအရေးယူတာဖြစ်တဲ့အတွက် စကစနဲ့နီးစပ်တဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့လည်း စကစထိန်းချုပ်နယ်မြေတွေမှာ ပိုဖြစ်နေတယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။
ဒီပြဿနာနဲ့ပတ်သက်ပြီး ရပ်ရွာကို အုပ်ချုပ်နေသူတွေပေါ်မှာ တာဝန်ရှိပေမယ့် လက်ရှိအခြေအနေအရတော့ တာဝန်ယူနိုင်စွမ်းမရှိနေဘူးလို့ သိရပါတယ်။
ဒါပေမယ့် ရပ်ရွာက အုပ်ချုပ်သူတွေနဲ့ လူကြီးတွေအနေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး အတူတကွဖြေရှင်းရမှာဖြစ်သလို ပြည်သူလူထုကလည်း အချင်းချင်းကူညီကာကွယ်ကြမှသာ ဒီအခြေအနေကနေ လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ဘယ်သူ့မှာ တာဝန်ရှိလဲ
စစ်ရေးတင်းမာမှု၊ စီးပွားရေးကျပ်တည်းမှုနဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြား ရုန်းကန်နေရတဲ့ ကချင်ဒေသက ပြည်သူတွေအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နာမည်အသုံးပြုပြီး ငွေညှစ်ခြိမ်းခြောက်ခံနေရတာက နောက်ထပ်ဖိအားတစ်ခု ဖြစ်လာနေပါတယ်။
လက်ရှိ ငွေတောင်းခံနေရတဲ့နေရာတွေဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပေါ်ဒေသတွေဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘယ်သူ့ကို တိုင်ကြားရမလဲဆိုတာကလည်း အခက်အခဲတစ်ခု ဖြစ်နေပါတယ်။
ငွေတောင်းသူတွေက ဘယ်အဖွဲ့အစည်းကလဲ၊ အဖွဲ့အစည်းနာမည်ကို အသုံးချပြီး ငွေညှစ်နေတာလားဆိုတာ ခွဲခြားဖို့လည်း ခက်ခဲနေပါတယ်။
ငွေမပေးရင် အသက်အန္တရာယ်ပြုမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေပါ ရှိနေတာကြောင့် မသင်္ကာတာရှိရင်တောင် သက်ဆိုင်ရာကို တိုင်ကြားဖို့ ပြည်သူတွေက စိုးရိမ်နေကြရပါတယ်။
ဒီလိုအခြေအနေမှာ ငွေညှစ်သူတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူပေးဖို့နဲ့ ပြည်သူတွေ တိုင်ကြားနိုင်မယ့် လုံခြုံတဲ့နည်းလမ်းတွေ ရှိလာဖို့ လိုအပ်နေပါတယ်။
“သက်ဆိုင်ရာ ဘယ်အဖွဲ့အစည်းမဆို သူတို့နာမည်အသုံးချပြီး ငွေတောင်းနေတဲ့သူတွေကို အမိဖမ်းပြီး ထိထိရောက်ရောက်အရေးယူပေးစေချင်ပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့ပေါ့။ ဒါမှလည်း ပြည်သူတွေက သူတို့အားသန်ရာ ဘယ်အဖွဲ့အစည်းမဆို စိတ်ချယုံကြည်လို့ရတယ်ဆိုတာ ဖြစ်ကြမှာလေ။ ခုကျ ဘယ်သူ့အဖေခေါ်ရမှန်း မသိတော့ဘူး။ အကုန်လုံးကို လက်အုပ်ချီနေရတော့” လို့ ငွေညှစ်ခံနေရတဲ့ ပြည်သူတစ်ဦးက ဆိုပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ငွေညှစ်ခံနေရတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး တာဝန်ရှိသူတွေအနေနဲ့ ငွေတောင်းခံမှုတွေကို စိစစ်ဖော်ထုတ်ဖို့ လိုအပ်နေပါတယ်။
ဒါမှသာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နာမည်ကို အသုံးချပြီး ငွေညှစ်နေမှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိလို စစ်ရေးနဲ့ စီးပွားရေးအခက်အခဲတွေကြားမှာ ငွေညှစ်ခြိမ်းခြောက်မှုတွေ ဆက်ရှိနေမယ်ဆိုရင် ပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲကို ပိုမိုဆိုးရွားစေသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ငွေညှစ်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ ငွေညှစ်ခံနေရတဲ့ ပြည်သူတွေ တိုင်ကြားဖို့ မကြောက်ရအောင် လုံခြုံတဲ့ နည်းလမ်းတွေ ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
By – Hope




