မြစ်ကြီးနားမှာ Wi-Fi စက် လိမ်လည်ရောင်းချမှုတွေ ရှိနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Wi-Fi စက်တွေကို ဈေးနှုန်းသက်သာတယ်ဆိုပြီး လူမှုကွန်ရက်ကနေ လိမ်လည်ရောင်းချတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေဆီကနေ သိရပါတယ်။
အခုလို Wi-Fi စက် လိမ်လည်ရောင်းချသူတွေဟာ Facebook လူမှုကွန်ရက်ပေါ်မှာ စက်တစ်လုံးကို ၁ သိန်း ၂ သောင်းကျပ်နဲ့ ဝယ်ယူနိုင်ပြီး လစဉ်ကြေးကလည်း တစ်လ ၂ သောင်းကျပ်သာ ကျသင့်မယ်ဆိုပြီး ကြော်ငြာရောင်းချနေတာလို့ လိမ်လည်ခံရသူတွေကပြောပါတယ်။
အစပိုင်းမှာတော့ ဈေးနှုန်းက ပုံမှန်ထက် အရမ်းသက်သာနေတာကြောင့် သိပ်မယုံကြည်ခဲ့ပေမယ့် အိမ်အရောက် ငွေချေစနစ်နဲ့ ပို့ပေးမယ်ဆိုတာကြောင့် ယုံကြည်ပြီး မှာယူခဲ့မိတယ်လို့ လိမ်လည်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက KNG ကို အခုလိုပြောပါတယ်။
“အခု Wi-Fi စက်ကို လာပို့တော့မှာဆိုတော့ လာမပို့ခင် စရံအနေနဲ့ ၆ သောင်း အရင်လွှဲခိုင်းတာ။ သူတို့က စက်ကို လုပ်စရာရှိတာတွေလုပ်ရဦးမယ်။ ဒါကြောင့် ငွေတစ်ဝက် ရှင်းရမယ်လို့ ပြောလာတယ်” လို့ သူက ပြောပါတယ်။
အဲဒီနောက် အိမ်အရောက် လာမပို့နိုင်တော့ဘူးလို့ ပြောပြီး ဆိုင်အထိလာယူဖို့ ပြန်ပြောလာတာကြောင့် သတ်မှတ်ထားတဲ့နေရာကို သွားကြည့်တဲ့အခါ ဆိုင်မရှိတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။
လိမ်လည်ရောင်းချသူဟာ Thazin Win ဆိုတဲ့ Facebook အကောင့်ကို အသုံးပြုထားပြီး ငွေလွှဲခိုင်းရာမှာလည်း KPay အကောင့်အမည်နဲ့ ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခဲ့တယ်လို့ လိမ်လည်ခံရသူက ပြောပါတယ်။
အဲဒီအမျိုးသမီးနဲ့အတူ သူမရဲ့သူငယ်ချင်း သုံးဦးထက်မနည်းလည်း အလားတူ လိမ်လည်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဆိုရှယ်မီဒီယာကနေ Video Call ပြောဆိုတဲ့အချိန်မှာတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးသုံးဦးကို တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိ Wi-Fi စက်ရောင်းချဖို့ အသုံးပြုနေတဲ့ Facebook အကောင့်တွေထဲမှာလည်း အမျိုးသမီးအမည်နဲ့ အကောင့်တွေကို အများဆုံးတွေ့ရတယ်လို့ လိမ်လည်ခံရသူတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဇူလိုင်လ ၁၂ ရက်ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဖုန်းလိုင်းတွေ ပြန်လည်ရရှိလာပေမယ့် အင်တာနက်လိုင်းတွေကတော့ ပုံမှန်ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က ဒေသခံအများစုဟာ Starlink Wi-Fi ကို အားထားအသုံးပြုနေကြရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်က Starlink ဘက်က မူဝါဒတချို့ ပြောင်းလဲခဲ့ပြီးနောက် အသုံးပြုမှုနဲ့ ဈေးနှုန်းပိုင်းမှာလည်း အပြောင်းအလဲတွေ ရှိလာခဲ့ပါတယ်။
အဲဒီအပြောင်းအလဲတွေကြောင့် Starlink Wi-Fi စက်တချို့ ပိတ်သွားတာ၊ လိုင်းအရည်အသွေး ကျဆင်းတာတွေအပြင် အသုံးပြုခဈေးနှုန်းတွေပါ မြင့်တက်လာတာကြောင့် ဒေသခံတွေဟာ ဈေးနှုန်းသက်သာတဲ့ Wi-Fi ဝန်ဆောင်မှုတွေကို ရှာဖွေလာကြပြီး အခုလို လိမ်လည်ရောင်းချမှုတွေကြားထဲ ပါဝင်သွားခဲ့ရတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနားမြို့အတွင်း Wi-Fi စက်ရောင်းချမှုနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ ကြော်ငြာရောင်းချတာတွေ ရှိနေဆဲဖြစ်တာကြောင့် စက်ဝယ်ယူမယ့်သူတွေအနေနဲ့ ငွေကြိုလွှဲခိုင်းတာ၊ ဆိုင်လိပ်စာနဲ့ အချက်အလက်တွေ မရှင်းလင်းတာမျိုးရှိရင် သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – Hope



