မခုတ်ချောင်းဖျား မြေရှားသတ္တုဆိုက်ကြောင့် ဖြစ်လာမယ့် ထိခိုက်မှုအားလုံး တာဝန်ယူမယ်လို့ TNLA ပြော

ရှမ်းမြောက် မန်တုံမြို့နယ် ရေပုံးမန်လုံရွာအနီး မခုတ်ချောင်းဖျားမှာ လုပ်ကိုင်နေတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုအားလုံးကို တာဝန်ယူမယ်လို့ TNLA က ဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။

မခုတ်ချောင်း (ခေါ်) နမ့်လောင်ချောင်းဖျား ရေဦးရေထွက်မှာ မြေရှားသတ္တုတူးဖော်နေတာကို ရပ်ပေးဖို့ ဒေသခံတွေက TNLA ဗဟိုကော်မတီအဆင့်အထိ ကန့်ကွက်စာတင်ထားတဲ့ကိစ္စကို TNLA ဘက်က ဒေသခံတွေနဲ့ လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

TNLA ဘက်က ဒေသခံတွေကို ခေါ်ယူတွေ့ဆုံပြီး မြေရှားသတ္တုလုပ်ငန်းကို ရုပ်သိမ်းလို့မရတော့ဘဲ ဗဟိုစီမံကိန်းဖြစ်တာနဲ့ အရင်းအနှီးအများအပြား ထည့်ဝင်ထားပြီးဖြစ်တာကြောင့် ဆက်လုပ်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ 

ဒီတွေ့ဆုံမှုမှာ ဒေသခံတွေဘက်ကတော့ ရေအရင်းအမြစ်ရှိတဲ့ ချောင်းဖျားမှာ မလုပ်ဘဲ တစ်ခြားနေရာကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ချောင်းအောက်ဘက်ပိုင်းမှာ မှီတင်းနေထိုင်ကြတာဖြစ်လို့ ဒီမှာတော့ မလုပ်ခိုင်းစေချင်ဘူး။ အခုက ဒီရေကိုပဲ မှီတင်းနေထိုင်ကြတာဆိုတော့ ချောင်းအောက်ဘက်ရွာတွေအတွက် တော်တော်စိုးရိမ်နေကြရပါတယ် လို့ မခုတ်ချောင်းအနီးနေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် TNLA ဘက်ကတော့ လုပ်ငန်းကြောင့် ထိခိုက်မှုတွေရှိလာရင် တာဝန်ယူဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘာမှစိုးရိမ်စရာမလိုဘူး။ ဒီလုပ်ငန်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုအားလုံးကို ကျနော်တို့အစိုးရကနေ အားလုံးတာဝန်ယူမယ် လို့ ပြောဆိုခဲ့တယ်လို့ အထက်ဖော်ပြပါဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကချင်သတင်းဌာနက မန်တုံမြို့နယ်မှာ ကျေးရွာ ၄ ရွာ မှီခိုနေရတဲ့ မခုတ်ချောင်းဖျားမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့အပေါ် ရွာခံတွေ ကန့်ကွက်စာတင်ထားတာ ၄ လခန့်ရှိလာပေမယ့် တုံ့ပြန်မှုမရှိသေးတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ဩဂုတ်လ ၁၄ ရက်နေ့မှာ TNLA ဗဟိုအဆင့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို အဓိကတာဝန်ယူထားတဲ့သူ ဦးဆောင်တဲ့အဖွဲ့ မခုတ်ချောင်းတစ်လျှောက်က ကျေးရွာတွေကို ရောက်လာပြီး ရွာသူရွာသားတွေကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ဘက်က တာဝန်ခံအဖွဲ့နဲ့ ကျေးရွာအသီးသီးက ကိုယ်စားလှယ်တွေဟာ မခုတ်ချောင်းဖျား မြေရှားသတ္တုလုပ်ငန်းဆိုက်ထဲမှာ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံချိန်မှာ TNLA ဘက်က မခုတ်ချောင်းဖျား မြေရှားသတ္တုဆိုက်မှာ အရင်းအနှီးအများအပြား ထည့်ဝင်ထားပြီးဖြစ်တာကြောင့် လုပ်ငန်းကို ရုပ်သိမ်းလို့မရတော့ဘူးလို့ ပြောဆိုခဲ့သလို ဒီလုပ်ငန်းကြောင့် ဒေသခံတွေအပေါ် ထိခိုက်လာနိုင်တဲ့ အကျိုးဆက်အားလုံးကို တာဝန်ယူမယ်လို့ နှုတ်နဲ့ ကတိပေးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ဒါကြောင့် ဒေသခံတွေဘက်ကလည်း နှုတ်နဲ့ပြောဆိုတာထက် ဘယ်လိုအခြေအနေမှာ ဘယ်လိုတာဝန်ယူမယ်ဆိုတာကို ဗဟိုအဆင့် စာရွက်စာတမ်းနဲ့ အာမခံပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဆိုတော့ ရွာသားတွေဘက်က တာဝန်ယူမယ်ဆိုတော့ ဘယ်လိုတာဝန်ယူသွားမယ်ဆိုတဲ့ သက်သေအထောက်အထား စာရွက်စာတမ်း ဗဟိုကနေ ထုတ်ပေးနိုင်မလား၊ ထုတ်ပေးပါလို့ ဆက်လက်တောင်းဆိုထားတယ်။ သက်သေစာရွက်နဲ့ ထားရှိရင်တော့ ရွာသားတွေလည်း အဲလောက်စိုးရိမ်စရာ မလိုတော့ဘူးလို့ ပြန်ပြောတော့ တာဝန်ရှိသူဘက်က အဲဒါတော့ သူတစ်ယောက်တည်း ဆုံးဖြတ်ပေးလို့မရဘူး။ သူတို့ပြန်အစည်းအဝေးလုပ်ပြီး အထက်ကို တင်ပြပေးမယ်လို့ ပြောပြီး အဲလောက်နဲ့ ပြန်သွားတာ ဟုတ်တယ်လို့ ရွာခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ မခုတ်ချောင်းဖျား မြေရှားသတ္တုတူးဖော်ရေးဆိုက်မှာ တောင်ဖောက်တာ၊ ပိုက်သွယ်တန်းတာတွေအပါအဝင် လုပ်ငန်းအများစု ပြီးစီးနေပြီး မြေရှားသတ္တု စတင်ထုတ်ယူဖို့ အဆင့်သင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလုပ်ငန်းဆိုက်မှာ ရေလှောင်ကန်ကြီး ၁၆ ခု တူးဖော်ထားပြီး လုပ်ငန်းစတင်လာတဲ့နောက် မခုတ်ချောင်းရေ ညိုညစ်လာတာကြောင့် ရွာသားတွေ အရင်လို ချောင်းရေမှာ အဝတ်လျှော်တာ၊ ရေချိုးတာနဲ့ သုံးရေအဖြစ် အသုံးပြုတာတွေ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

မြေရှားသတ္တုလုပ်ငန်း မစခင်က မခုတ်ချောင်းထဲက ငါးတွေကို ရှာဖွေဖမ်းယူစားသောက်ကြပေမယ့် လက်ရှိမှာတော့ ငါးတွေ ရောဂါဖြစ်ပြီး သေဆုံးတာ၊ ကိုယ်မှာ အနာတွေဖြစ်တာ၊ ကိုယ်အစိတ်အပိုင်းတချို့ ပဲ့နေတာနဲ့ အင်္ဂါမပြည့်စုံတော့တာတွေ တွေ့လာရတဲ့အတွက် ငါးဖမ်းစားဖို့တောင် စိုးရိမ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း စတင်ပြီးနောက် မခုတ်ချောင်းမှာ ငါးတွေ သေဆုံးတာ၊ ကိုယ်မှာအနာဖြစ်တာနဲ့ ကိုယ်အစိတ်အပိုင်းတချို့ ပဲ့နေတာတွေ တွေ့လာရပြီး ဒေသခံတွေက ငါးဖမ်းစားဖို့နဲ့ ချောင်းရေသုံးဖို့ပါ စိုးရိမ်လာကြတယ်လို့ ပြောပါတယ်။

အခုတော့ အဲချောင်းကနေ ငါးတွေလည်း မဖမ်းစားရဲတော့ဘူး။ ရေထဲတောင် ဘယ်သူမှ သိပ်မဆင်းရဲတော့တာမျိုး ဖြစ်နေတယ် လို့ မခုတ်ချောင်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

လုပ်ငန်းမစခင်က မခုတ်ချောင်းမှာ ငါးတွေ ပေါများပြီး ငါးဖမ်းစားလို့ရခဲ့ပေမယ့် လက်ရှိမှာတော့ ငါးတွေ ရောဂါဖြစ်တာ၊ သေဆုံးတာနဲ့ ငါး၊ ငါးရှဉ့်တွေမှာ အနာတွေ တွေ့လာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချောင်းရေထဲ ဆင်းတဲ့အခါ ကိုယ်ယားယံသလို ခံစားရတာတွေရှိလာပြီး ရေကို နေ့စဉ်သုံးစွဲဖို့တောင် စိတ်မချတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေဟာ မြေရှားသတ္တု စမ်းသပ်တူးဖော်ချိန်မှာ အသုံးပြုခဲ့တဲ့ ဓာတုပစ္စည်းတွေကြောင့်လား၊ သဘာဝအခြေအနေကြောင့်လားဆိုတာကိုတော့ ဒေသခံတွေက အတည်မပြုနိုင်သေးပါဘူး။

တစ်ဖက်မှာလည်း မန်ပိန်း၊ တုံဟုန်းခမ်းနဲ့ လွယ်ယားကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေဟာ ချောင်းနံဘေးမှာ တည်ရှိတာကြောင့် မြေရှားသတ္တုလုပ်ငန်းကြောင့် ရေအရင်းအမြစ်ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်တုံမြို့အနောက်ဘက် တုံးကြီးအနီး ညောင်ထောက်ကျေးရွာနဲ့ ရေပုံးမန်လုံကျေးရွာကြားမှာရှိတဲ့ မြေရှားသတ္တုဆိုက်ဟာ မခုတ်ချောင်း (ခေါ်) နမ့်လောင်ချောင်းဖျား ရေဦးရေထွက်နေရာမှာ လုပ်ကိုင်နေတာပါ။ ဒီချောင်းကို မှီခိုပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကျေးရွာတွေမှာလည်း ရေအရင်းအမြစ်အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။

မြေရှားသတ္တုလုပ်ငန်းကြောင့် တိုက်ရိုက်ထိခိုက်နိုင်တဲ့ ကျေးရွာတွေကတော့ ညောင်ဘန်၊ တုံဟုန်းခမ်း၊ လွယ်ယားနဲ့ မန်ပိန်းကျေးရွာတို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေနဲ့ TNLA တာဝန်ရှိသူတွေ တစ်ကြိမ်တွေ့ဆုံထားပြီး ရှေ့ဆက်ပြီး ဆက်လက်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

မန်တုံမြို့နယ်မှာ TNLA ရဲ့ မြေရှားသတ္တုတူးဖော်ရေးဆိုက် ၄ ခု ရှိပြီး မခုတ်ချောင်းဖျားက လုပ်ငန်းဆိုက်တစ်ခုလည်း အဲဒီထဲမှာ ပါဝင်ပါတယ်။ တချို့နေရာတွေမှာတော့ တအာင်းဒေသခံအများစုရဲ့ ထောက်ခံမှုကို ရယူပြီး TNLA က မြေရှားသတ္တုတူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ မန်တုံမြို့နယ်အပြင် နမ့်ခမ်းမြို့နယ်မှာလည်း TNLA၊ ကိုးကန့်တပ် MNDAA နဲ့ UWSA တို့က တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြေရှားသတ္တုတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်နေတာနဲ့ စမ်းသပ်တူးဖော်နေတာတွေ ရှိနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button