ဧရာဝတီမြစ်ကမ်းဘေးက ဇင်းဘုံရွာအနီး တစ်ပတ်ကြာ တပ်ဖြန့်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေ ပြန်တိုက်ထုတ်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်ကို ဩဂုတ် ၂၅ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်အင်အား ဖြန့်ကျက်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

စစ်သင်္ဘောအုပ်စု ကသာမြို့အနီးကို ရောက်ရှိလာချိန်မှာ ရွှေကူမြို့က စစ်ကောင်စီတပ်ဖွဲ့တွေက မော်တော်တွေနဲ့ ဇင်းဘုံဘက်ကမ်း ကိုတက်လာပြီး အင်အားဖြန့်ကျက်နိုင်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဩဂုတ်လ ၃၀ ရက်နေ့မှာပဲ တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်ပြီး နယ်မြေကိုပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောထားပါတယ်။

ဇင်းဘုံက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ပိုင်စိုးထားတဲ့နယ်မြေပါပဲ။ သူတို့ စစ်သင်္ဘောအုပ်စု ကသာ နားကို ရောက်ခါနီးလေးမှာ မော်တော်တွေနဲ့ ရွှေကူကနေ ခိုးပြီး ဇင်းဘုံဘက်ကမ်းကို တက်သွားတယ်။ သူတို့ ကမ်းပေါ်တက်တယ်။ အင်အားတချို့ကို ဖြန့်ကျက်လိုက်တယ်။ အဲ့တာကို တော်လှန်ရေးအင်အားစုဘက်က တိုက်ခိုက်ပြီး သိမ်းယူတဲ့သဘောပါပဲဗျ” လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဇင်းဘုံကျေးရွာဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့ကနေ အထက်ဘက်ကို ဆန်တက်ရင် စင်းခန်းတံတားအနီးမှာ တည်ရှိပါတယ်။ အဲ့ဒီဒေသကို တော်လှန်ရေးတပ်တွေက ၂၀၂၄ ခုနှစ် စင်းခန်းတံတား သိမ်းပိုက်ချိန်ကတည်းက ထိန်းချုပ်ထား ခဲ့တာဖြစ်ပါတယ်။

ဇင်းဘုံက စင်းခန်းတံတားရဲ့ အောက်နားလေး ကပ်လျှက် အောက်ဆွဲလေးမှာပဲ။ စင်းခန်းနဲ့အနီးဆုံးပဲ။ အဲ့တော့ ဒီနေရာက အရေးကြီးတာပေါ့ဗျာ။ အဲ့တာဆိုတော့ သူတို့ဘက်ကလည်း တက်တာတွေလည်းရှိသလို ကိုယ့်ဘက်ကလည်း စောင့်ကြည့်ပြီးမှ ချေမှုန်းဖို့အတွက်ပေါ့လေ။ ဇင်းဘုံနားကျတော့ မြစ်အကျဉ်းဆုံးနေရာလည်း ဖြစ်တယ် လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်ကပဲ ဆက်ပြောပါတယ်။

ဇင်းဘုံဘက်မှာ စစ်ကောင်စီတပ်တွေ အင်အားဖြန့်ကျက်ပြီးနောက် တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ အဲ့ဒီနယ်မြေကို တော်လှန်ရေးတပ်တွေဘက်က ပြန်လည်ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့အတူ တစ်ပြိုင်တည်းမှာပဲ ရွှေကူမြို့နဲ့ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Y-12 တွေနဲ့ တော်လှန်ရေးအင်အားစုတွေရှိမယ်ထင်တဲ့နေရာတွေကို မှန်းပြီး ချတယ်။ ဒီမနက်မှာ လည်း ၁၂၂ လို့ခေါ်တဲ့ အဝေးပစ်အမြောက်တွေနဲ့လည်း ရွှေကူကနေ ရေလဲ၊ ဆင်တပ်ရွာတွေဘက်ကို လှမ်းပစ်တယ်တဲ့ လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

လက်ရှိမှာ စစ်သင်္ဘောအုပ်စုရဲ့ ကျန်ရှိနေတဲ့ ရေယာဉ်တွေဟာ ရွှေကူမြို့အတွင်းရှိ သင်္ဘောဆိပ်နဲ့ ဘလက်ဆိပ်မှာ ဆက်လက် ရပ်နားနေပြီး သင်္ဘောပေါ်ပါလာတဲ့ ကုန်ပစ္စည်းတွေကို ကုန်ချဖို့သာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်သင်္ဘောအုပ်စုတွေဟာ ဩဂုတ် ၂၁ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်း အတိုင်း ကချင်ပြည်နယ်အထိကို ဆန်တက်လာတာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့ တွေကို ဖြတ်သန်းခဲ့ပြီးနောက် ဩဂုတ် ၂၈ ရက်မှာ ရွှေကူမြို့ကို ရောက်ရှိလာခဲ့တာပါ။

စစ်သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ အခြားရေယာဉ် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနဲ့ ကုန်တင်၊ တွဲတွန်းသင်္ဘော ၈ စီးအပါအဝင် ရေယာဉ် ၁၅ စီးခန့် ပါဝင်တယ်လို့ အရင်ရက်တွေက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button