မြစ်ဆုံစီမံကိန်း — ဖွံ့ဖြိုးရေးစီမံကိန်းလား၊ နယ်မြေ ထိန်းချုပ်ရေး မဟာဗျူဟာလား

ကချင်ပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေးနှင့် နယ်မြေအသာစီးရရှိရေးအတွက် ရုန်းကန်မှု

မြစ်ဆုံစီမံကိန်းကို ပထမဦးဆုံးကြည့်မည်ဆိုပါက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်ထားသည့် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုအဖြစ် မြင်ရသည်။ သို့သော် ယနေ့မြန်မာနိုင်ငံ၏ အခြေအနေတွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို စွမ်းအင် သို့မဟုတ် အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုအဖြစ်သာ ရှုမြင်ရန် ပိုမိုခက်ခဲလာသည်။ မြန်မာစစ်တပ်အစိုးရက စီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးပမ်းလာသည့် အချိန်ကာလနှင့် နိုင်ငံ၏ လျင်မြန်စွာပြောင်းလဲနေသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေတို့ကို ပေါင်းစပ်စဉ်းစားမည်ဆိုပါက ပိုမိုကျယ်ပြန့်သည့် မေးခွန်းတစ်ရပ် ပေါ်ပေါက်လာသည်။ မြစ်ဆုံစီမံကိန်းသည် အမှန်တကယ် ဖွံ့ဖြိုးရေးအတွက်သာလား၊ သို့မဟုတ် နိုင်ငံရေးနှင့် နယ်မြေထိန်းချုပ်မှုအတွက် မဟာဗျူဟာတစ်ရပ်အဖြစ်ပါ ပြောင်းလဲလာနေသလား ဆိုသည့် မေးခွန်းဖြစ်သည်။

ယခင် China Power Investment (CPI) သည် မြန်မာစစ်အစိုးရ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန နှင့် ၂၀၀၆ ခုနှစ်တွင်နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး မြစ်ဆုံစီမံကိန်းကို စတင်အကောင်အထည် ဖော်ခဲ့သည်။ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်ဖြစ်ပြီး ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား၏ အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ရန်မျှော်မှန်းထားခဲ့သည်။ သို့သော် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကန့်ကွက်မှုများကြောင့် သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် စီမံကိန်းကို ရပ်ဆိုင်း ခဲ့သည်။

ဆယ့်လေးနှစ်အကြာတွင် မြန်မာစစ်အစိုးရက မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ထပ်မံတွန်းအားပေးလာသည်။ သို့သော် ယခုအကြိမ်တွင် မြန်မာနိုင်ငံသည် ယခင်ကနှင့် မတူတော့ပေ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံတစ်ဝန်း ပိုမိုပြင်းထန်လာခဲ့သည်။ ထိုပဋိပက္ခများကြောင့် နယ်မြေ နှင့် နိုင်ငံရေးအာဏာ ချိန်ခွင်လျှာသည်လည်း ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံအပါ အဝင် နိုင်ငံတကာအင်အားစုများသည် ဤပြောင်းလဲနေသော အခြေအနေကို ပုံဖော်ရာတွင် ပိုမိုအရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည် (Seng Li and Johanna, 2026)။

မြောက်ပိုင်းရှမ်းပြည်နယ်၏ အတွေ့အကြုံသည် အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် မြန်မာစစ်တပ်သည် နယ်မြေအများအပြားကိုထိန်းချုပ်နိုင်ခြင်း ဆုံးရှုံးခဲ့သည်။ ထို့အပြင် ပဋိပက္ခနှင့်ဆက်စပ်သည့် နိုင်ငံရေး ဖြစ်စဉ်များတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုကလည်း မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသ၏ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေကို သတ်မှတ်ရာတွင် ဘေဂျင်း၏ ရပ်တည်ချက်သည် မည်မျှအရေး ပါကြောင်း ပြသခဲ့သည်။ ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ မြန်မာစစ်တပ်အပေါ် ရပ်တည်ချက် ပြောင်းလဲလာသည့်အခါ မြောက်ပိုင်းရှမ်းပြည်နယ်၏ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည် (Seng Li and Johanna, 2026)။

အလားတူ ပြောင်းလဲမှုတစ်ရပ်သည် ကချင်ပြည်နယ်တွင်လည်း ဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်နေသည့် နွေဦးတော်လှန်ရေးနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/A) သည် ကချင်ပြည်နယ်အရှေ့ပိုင်းရှိ မြို့များနှင့် ကျေးရွာများအပေါ် ထိန်းချုပ်မှုကို တိုးချဲ့လာခဲ့ပြီး တရုတ်–မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကိုလည်း ထိန်းချုပ်လာခဲ့သည် (Ta-Wei Chu et al., 2026)။ ထို့ကြောင့် မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO/A) တို့သည် စစ်ရေးအရသာမက နယ်မြေ၊ အုပ်ချုပ်ရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် နိုင်ငံရေးအာဏာတို့အပေါ်တွင်လည်း ပိုမိုပြိုင်ဆိုင်လာကြသည်ကိုတွေ့ရသည်။ မြစ်ဆုံစီမံကိန်းကိုလည်း ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုအဖြစ်သာမက ဤအခြေအနေအတွင်းမှ နားလည်ရန် လိုအပ်လာသည်။

ကချင်ပြည်နယ်အတွင်း နယ်မြေအများအပြားထိန်းချုပ်ထားနိုင်ခြင်းကို ဆုံးရှုံးခဲ့ပြီးနောက် မြန်မာစစ် အစိုးရသည် ၂၀၂၅ ခုနှစ်တွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ရန် ထပ်မံကြိုးပမ်း လာခဲ့သည်။ ဤအချိန်ကာလသည် အရေးကြီးသည်။ အကြောင်းမှာ စီမံကိန်းတည်ရှိရာဒေသသည် KIO/A အတွက် မဟာဗျူဟာအရ အရေးပါသည့် နယ်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးထက် ကျော်လွန်သည့် အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။ ဖြစ်နိုင်ခြေရှိသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ စီမံကိန်းကို KIO/A နှင့် အခြားတော်လှန်ရေးအင်အားစုများအပေါ် နိုင်ငံရေးနှင့် စီးပွားရေးဖိအားများ တိုးမြှင့်ရန် အသုံးပြုနိုင်ခြင်းဖြစ်သည်။ စီမံကိန်းမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်ခြင်းဖြင့် မြန်မာစစ်တပ်သည် ကချင်ပြည်နယ်၏ နိုင်ငံရေးနှင့် စစ်ရေးချိန်ခွင်လျှာကို လွှမ်းမိုးရန် ကြိုးပမ်းနိုင်သည်။

ဤသဘောအရ မြစ်ဆုံစီမံကိန်းသည် မြန်မာစစ်အစိုးရက နိုင်ငံရေးအရ အသာစီးပြန်လည်ရရှိရန်နှင့် KIO/A နှင့် အခြားတော်လှန်ရေးအင်အားစုများ၏ အနေအထားကို အားနည်းစေရန် ကြိုးပမ်းသည့် ပိုမို ကျယ်ပြန့်သော မဟာဗျူဟာတစ်ရပ်၏ အစိတ်အပိုင်းဖြစ်လာနိုင်သည်။ ထို့ကြောင့် စီမံကိန်းကို ဖွံ့ဖြိုးရေးအဖြစ် တင်ပြနိုင်သော်လည်း တစ်ချိန်တည်းတွင် နိုင်ငံရေး၊ စစ်ရေးနှင့် နယ်မြေထိန်းချုပ်မှု ဆိုင်ရာ အကျိုးဆက်များကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

KIO အတွက် မဟာဗျူဟာဆိုင်ရာ အခက်အခဲ

စီမံကိန်း၏ ထောက်ပံ့ပို့ဆောင်ရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပါက မဟာဗျူဟာဆိုင်ရာ အကျိုးဆက်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ အထူးသဖြင့် China Power Investment/ State Power Investment Corporation (SPIC) က ကျောထောက်နောက်ခံပြုထားသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ပါက လုပ်သားများ၊ ဆောက်လုပ်ရေးစက်ယန္တရားများ၊ စက်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် တရုတ်နိုင်ငံမှ ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ရန် လိုအပ်မည်ဖြစ်သည်။

သို့သော် အရေးကြီးသည့် နယ်စပ်ဖြတ်ကျော်ရေးဂိတ်များကို ယခုအခါ KIO/A က ထိန်းချုပ်ထားသည်။ ထိုအခြေအနေသည် KIO/A အတွက် နိုင်ငံရေးအရ ခက်ခဲသော ရွေးချယ်စရာတစ်ရပ် ဖြစ်ပေါ်စေသည်။ KIO/A က ၎င်းထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များမှတစ်ဆင့် စီမံကိန်းနှင့်သက်ဆိုင်သည့် ဝန်ထမ်းများ နှင့် ပစ္စည်းများ ဖြတ်သန်းဝင်ရောက်ခွင့်ပြုပါက မြစ်ဆုံစီမံကိန်းကို သမိုင်းကြောင်းအရ ကန့်ကွက် ခဲ့ကြသည့် ကချင်ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ ဝေဖန်မှုကို ရင်ဆိုင်ရနိုင်သည်။ အခြားတစ်ဖက်တွင် ပစ္စည်းများ ဖြတ်သန်းသယ်ယူခွင့်ကို ငြင်းပယ်ပါက တရုတ်နိုင်ငံထံမှ နိုင်ငံရေးနှင့် စီးပွားရေးဖိအားများကို ရင်ဆိုင်လာရနိုင်ပါသည်။

မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ချမှတ်ပါက နိုင်ငံရေးအကျိုးဆက်များ ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနှင့် စီမံကိန်းကို ဆန့်ကျင်နေသည့် ဒေသခံလူထုနှင့် နိုင်ငံရေးအင်အားစုများအကြား KIO/A အား ခက်ခဲသောအခြေအနေတစ်ရပ်အတွင်းသို့ တွန်းပို့နိုင် သည်။ ဤသဘောအရ စီမံကိန်းကိုယ်တိုင်သည် KIO အပေါ် နိုင်ငံရေးဖိအားပေးသည့် အရင်းအမြစ် တစ်ရပ် ဖြစ်လာနိုင်သည်။

မြစ်ဆုံဆည်၏ နယ်မြေဆိုင်ရာ အကျိုးဆက်များ

အဆိုပြုထားသည့် ဆည်၏ ပထဝီဝင်တည်နေရာသည်လည်း အရေးကြီးသည်။ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ပါက ကျေးရွာပေါင်း ၆၅ ရွာခန့်၊ အိမ်ထောင်စု ၂,၆၀၀ ခန့်နှင့် လူဦးရေ ၁၂,၀၀၀ ခန့်သည် ရွှေ့ပြောင်းနေရာချထားခံရမည်ဟု ဖော်ပြထားသည် (Kaiwen Yao and Aung Tun Lin, 2024)။ မြစ်ဆုံအထက်ပိုင်းဒေသကို ဒေသခံများက “တြိဂံဒေသ” ဟု ခေါ်ဆိုကြပြီး အများစုမှာ KIO/A တပ်မဟာ (၁) ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ထို့ကြောင့် ဆည်တည်ဆောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကို ပြောင်းလဲစေရုံသာမက KIO/A ထိန်းချုပ်ထားသည့် နယ်မြေ၏ နိုင်ငံရေးပထဝီဝင်ကိုလည်း ပြောင်းလဲစေနိုင်သည်။ ကျေးရွာအများအပြား ရေနစ်မြုပ်သွားပြီး ဒေသခံ များ ရွှေ့ပြောင်းနေရာချထားခံရပါက KIO/A တပ်ဖွဲ့များနှင့် ၎င်းတို့၏ ဒေသခံလူမှုအခြေခံ အင်အားစု များလည်း ထိခိုက်နိုင်သည်။

ဤအခြေအနေသည် စစ်ရေးနှင့် နိုင်ငံရေး ထိပ်တိုက်တွေ့ဆုံမှုအသစ်တစ်ရပ်ကို ဖြစ်ပေါ်စေနိုင်သည်။ KIO/A က ၎င်းတို့၏ တပ်ဖွဲ့များနှင့် ဒေသခံလူထုများကို ရွှေ့ပြောင်းရန် ကန့်ကွက်ပါက စီမံကိန်းသည် KIO/A နှင့် မြန်မာစစ်တပ်အကြား တိုက်ရိုက်ပဋိပက္ခဖြစ်ပွားစေသည့် အခြားအကြောင်းရင်းတစ်ရပ် ဖြစ်လာနိုင်သည်။ သို့သော် ထည့်သွင်းစဉ်းစားရန် နောက်ထပ်ဖြစ်နိုင်ခြေတစ်ရပ်လည်း ရှိသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေကဲ့သို့ တရုတ်နိုင်ငံ၏ နိုင်ငံရေးဖိအား သို့မဟုတ် လက်ရှိ တရုတ်လုံခြုံရေးတပ်ဖွဲ့များ၏ ပါဝင်မှု (BBC Burmese News, 2025) သို့မဟုတ် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များမှတစ်ဆင့် မြန်မာစစ်တပ်သည် KIA တပ်ဖွဲ့များကို တိုက်ရိုက်စစ်ရေးဖြင့် ဖယ်ရှားရန် မလိုအပ်ဘဲ နယ်မြေအခြေအနေကို ပြောင်းလဲနိုင် သည်။ တစ်နည်းအားဖြင့် ဆည်တည်ဆောက်ခြင်းကိုယ်တိုင်က ဒေသ၏ နိုင်ငံရေးပထဝီဝင်ကို ပြောင်းလဲစေရန် အထောက်အကူပြုနိုင်သည်။

မြန်မာစစ်တပ်သည် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများကို နယ်မြေ ထိန်းချုပ်မှုနှင့် တန်ပြန်သူပုန်ချေမှုန်းရေးဗျူဟာတို့နှင့် ပေါင်းစပ်အသုံးပြုခဲ့ဖူးသည့် သာဓကများရှိသည်။ Kevin Woods (2011) နှင့် L. KumJa Htung (2015) တို့၏ “ceasefire capitalism” နှင့် “land grabbing as a process of state-building in Kachin and northern Shan State” ဆိုင်ရာ သုတေသနများတွင် မြန်မာနိုင်ငံ၏ ယခင် အပစ်အခတ်ရပ်စဲရေးကာလအတွင်း Ledo Road၊ Hukawng Valley၊ Waingmaw နှင့် Bhamaw စသည့်ဒေသများတွင် ရာဘာ၊ ငှက်ပျောနှင့် ပီလောပီနံ စိုက်ခင်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားဖွံ့ဖြိုးရေးစီမံကိန်းများသည် နယ်မြေထိန်းချုပ်မှုနှင့် တန်ပြန်သူပုန် ချေမှုန်း ရေး လုပ်ငန်းစဉ်များနှင့် မည်သို့ဆက်စပ်ခဲ့ကြောင်း လေ့လာတင်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများသည် နိုင်ငံရေးနှင့် လုံးဝသီးခြားစီ ရှိမနေပေ။

လမ်းတစ်လမ်း၊ စိုက်ခင်းတစ်ခု၊ သတ္တုတွင်းတစ်ခု သို့မဟုတ် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုသည် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးနိုင်သည်။ သို့သော် ထိုစီမံကိန်းများသည် မြေယာကို မည်သူက ထိန်းချုပ်မည်၊ သယံဇာတများကို မည်သူက ရယူအသုံးပြုခွင့်ရှိမည်၊ လူထုများ မည်သည့် နေရာတွင် နေထိုင်ရမည်နှင့် သတ်မှတ်ထားသည့် နယ်မြေတစ်ခုအပေါ် မည်သည့်နိုင်ငံရေးအာဏာပိုင်က အာဏာသုံးနိုင်မည်ဆိုသည့် အခြေအနေများကိုလည်း ပြောင်းလဲနိုင်သည်။ ထို့ကြောင့် မြစ်ဆုံစီမံကိန်းကို ဤသမိုင်းကြောင်းရှည်အတွင်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ အရေးကြီးသည့် မေးခွန်းမှာ မြစ်ဆုံစီမံကိန်းကို “ဖွံ့ဖြိုးရေး” ဟု ရှုမြင်ခြင်း၊​ မရှုမြင်ခြင်း မဟုတ်ပါ။ ထိုဖွံ့ဖြိုးရေးနှင့်အတူ မည်သည့် နိုင်ငံရေးနှင့် နယ်မြေဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သနည်းဆိုသည်က ပိုမိုအရေးကြီးပါသည်။

မြစ်ဆုံစီမံကိန်းဆန့်ကျင်သူများအပေါ် သွေးခွဲသည့်နည်းဗျူဟာ

စီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးပမ်းမှုတွင် အခြားအရေးကြီးသည့် အချက်တစ်ရပ်မှာ ပြည်သူ့ သဘောထားဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် ကချင်ဒေသခံလူထုများသာမက မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများ၏ ပြင်းထန်သော ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့ရသည်။ စီမံကိန်းဆန့်ကျင်ရေး လှုပ်ရှားမှုသည် နိုင်ငံရေး၊ လူမှုရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးမှ လူများကို စုစည်းပေးခဲ့သည်။

သို့သော် ယနေ့တွင် ထိုကန့်ကွက်မှုသည် ပိုမိုကွဲပြားလာနေသည်။ စီမံကိန်းကို ပြန်လည်အသက်သွင်း နိုင်ရန် နေပြည်တော် နှင့် ကချင်ပြည်နယ်အစိုးရက မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဒေသခံထောက်ခံအကူပြုကော်မတီ ဟုခေါ်သည့် ကော်မတီ တစ်ရပ်ကိုကို ၂၀၂၅ခုနှစ်နောင်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ ၂၀၂၆ ခုနှစ်အစပိုင်းမှစ၍ ထိုကော်မတီသည် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ ၏ သဘောထား တိုင်ပင်ဆွေးနွေးပွဲ ဆိုသည့် ခေါင်းစဉ်ဖြင့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အသီးသီးတွင် လူထုတွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ထိုတွေ့ဆုံပွဲများသည် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး မြစ်ဆုံစီမံကိန်း နှင့် ပတ်သက်၍ ပြည်သူများ အကြား စိုးရိမ်မှုများလည်း တိုးပွားလာခဲ့သည်။ မြေပြင်တွင်သာမက လူမှုကွန်ရက်များပေါ်တွင်လည်း စီမံကိန်းအပေါ် မည်သို့ရပ်တည်သည်ဆိုသည့်အချက်နှင့် ပတ်သက်၍ အချင်းချင်း ဝေဖန်စွပ်စွဲခြင်းများ ပိုမိုဖြစ်ပေါ်လာသည်ကိုတွေ့ရသည်။ ယခင်က မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ရာတွင် အတူတကွ ရပ်တည်ခဲ့ကြသည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ်များသည် ယခုအခါ ပိုမိုကွဲပြားလာကြသည်။ ဤကွဲပြားမှု သည် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းလား၊ သို့မဟုတ် ပြောင်းလဲလာသော နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများမှ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းလားဆိုသည်ကို ဆက်လက်သုတေသနပြုရန် လိုအပ်သည်။ သို့သော် ထင်ရှားသည့်အကျိုးဆက်မှာ ယခင်က ကျယ်ပြန့်ပြီး အတော်အတန် စည်းလုံး ညီညွတ်ခဲ့သည့် စီမံကိန်းဆန့်ကျင်ရေး လှုပ်ရှားမှုသည် ယခုအခါ ပိုမိုအပိုင်းပိုင်းကွဲလာသည်ကို တွေ့လာရသည်။

ထို့ကြောင့် နေပြည်တော် နှင့် ကချင်ပြည်နယ်အစိုးရမှ ဖွဲ့စည်းပေးသည့် ဒေသခံကော်မတီအား  ပြည်သူများနှင့် တိုင်ပင်ဆွေးနွေးရန် ယန္တရားတစ်ရပ်အဖြစ်သာမက မြစ်ဆုံဆည်စီမံကိန်းကို ဆန့်ကျင် သည့်အင်အားစုများကို သွေးခွဲရန် အသုံးပြုသည့် ယန္တရားတစ်ရပ်အဖြစ်လည်း လေ့လာရန် လိုအပ် သည်။ ဥပမာအားဖြင့် ကော်မတီဝင်များဖြစ်ကြသည့် ဦးနော်ထွယ် နှင့် ဦးဂျန်ခုန်တို့သည် ယခုအခါ မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေးကို ဦးဆောင်မြှင့်တင်နေကြသော်လည်း ယခင်က စီမံကိန်းကို ဆန့်ကျင်ခဲ့သူများ ဖြစ်ကြသည်။ ယနေ့တွင်မူ စီမံကိန်းကို ဆက်လက်ဆန့်ကျင်နေသူများကို ပြန်လည်ဝေဖန်သူများ ဖြစ်လာကြသည်။ ဤပြောင်းလဲမှုသည်  ဒေသခံ အထောက်အကူပြု ကော်မတီ ဖွဲ့စည်းပြီးနောက် ယခင်မြစ်ဆုံစီမံကိန်း ဆန့်ကျင်သူများအကြားတွင်ပင် အပြန်အလှန် ဆန့်ကျင်မှုများ ဖြစ်ပေါ်လာသည်ကို ပုံဖော်ပြသနေသည်။

အလားတူဖြစ်ရပ်ကို ရခိုင်ပြည်နယ်တွင်လည်း တွေ့မြင်နိုင်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွင် တရုတ်နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ CITIC သည် ရခိုင်ပြည်နယ် ကျောက်ဖြူ တွင်  Kyaukphyu Socio-Economic Development and Assistance Association (KSEDAA) ဟု ခေါ်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ပံ့ပိုးပေးခြင်းများ ပြုလုပ် ခဲ့သည်။ KSEDAA သည် CITIC နှင့် ပူးပေါင်း၍ ရွေ့လျားဆေးခန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည် (Ta-Wei Chu et al., 2024)။

ထိုအဖွဲ့အစည်းနှင့် ပတ်သက်သည့် သုတေသနများတွင် ၎င်းတို့၏ ဝန်ဆောင်မှုများသည် စီမံကိန်းကို ထောက်ခံသူများအတွက် အဓိက အကျိုးရှိခဲ့ပြီး စီမံကိန်းကို ဆန့်ကျင်သူများကိုခွဲခြား ဖယ်ကျ​ဉ်ခြင်းများ ရှိခဲ့သည်ဟု ဖော်ပြထားသည် (Ta-Wei Chu et al., 2024)။ ကျောက်ဖြူ၏ အတွေ့အကြုံသည် ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ဆက်စပ်သည့် လူထုဖွံ့ဖြိုးရေးလုပ်ငန်းများကို အဘယ်ကြောင့် သေချာစွာ စိစစ်လေ့လာရန် လိုအပ်ကြောင်း ပြသသည်။ ဆေးဝန်ဆောင်မှုများ၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် အခြားလူထုအထောက်အပံ့များပေးခြင်းသည် ဒေသခံများ၏ အမှန် တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။ သို့သော် ထိုလုပ်ငန်းများသည် အငြင်းပွားဖွယ်ရာ စီမံကိန်းများအတွက် ပြည်သူ့လက်ခံမှုနှင့် တရားဝင်မှုကို တည်ဆောက်ပေးရန် ပိုမိုကျယ်ပြန့်သည့် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်လာနိုင်သည်။

ထို့ကြောင့် မြစ်ဆုံနှင့်ပတ်သက်၍လည်း အလားတူမေးခွန်းကိုမေးရန်လိုအပ်သည်။ လူထုနှင့် ထိတွေ့ ဆက်ဆံခြင်းသည် ဒေသခံပြည်သူများအား စီမံကိန်းနှင့်ပတ်သက်၍ အမှန်တကယ် အသံထုတ်ဖော်ခွင့် ပေးရန် ရည်ရွယ်ခြင်းလား၊ သို့မဟုတ် ကြိုတင်ချမှတ်ထားသော ဆုံးဖြတ်ချက်တစ်ရပ်ကို လက်ခံလာ စေရန် ရည်ရွယ်ခြင်းလားဆိုသည့် အချက်ဖြစ်သည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် ပြည်သူ့သဘောထားသည် စီမံကိန်းထောက်ခံသူများနှင့် ဆန့်ကျင်သူ များအကြား ဆက်ဆံရေးထက် ပိုမိုကျယ်ပြန့်သည်။ မြန်မာစစ်တပ်အစိုးရ၏ ချဉ်းကပ်ပုံကို ဒေသခံလူထု များအကြားနှင့် ဒေသခံလူထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ကွဲပြားမှုများကို ပိုမိုဖြစ်ပေါ် စေနိုင်သည့် ကျယ်ပြန့်သော ကြိုးပမ်းမှုများနှင့် ဆက်စပ်၍လေ့လာနိုင်သည်။ ဤအချက်သည် အထူးအရေးကြီးသည်။ အကြောင်းမှာ စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးအကျိုးဆက်များသည် စီမံကိန်း၏ တိုက်ရိုက်သက်ရောက်မှုဧရိယာထက် ကျော်လွန်သည့် လူမှုအသိုင်းအဝန်းကိုပါ ထိခိုက်နိုင် သော ကြောင့် ဖြစ်သည်။

မြန်မာစစ်အစိုးရက မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်လာသည့်အချိန်တွင် အနီးဝန်း ကျင်ဒေသရှိ ဒေသခံအချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များအား တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုထားခဲ့သည် (KNG, 2026)။ တစ်ချိန်တည်းတွင် ထိုလုပ်ငန်းများနှင့် ဆက်စပ်သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို အသုံးပြု၍ မြစ်ဆုံဒေသခံများနှင့် ဒေသစီးပွားရေးလုပ်ငန်း ရှင်များကို မြစ်ဆုံဒေသဖျက်ဆီးသူများအဖြစ် ပုံဖော်လာသည်ကိုတွေ့ရသည်။ ထိုအခြေအနေသည် ဒေသခံပြည်သူများကိုယ်တိုင် မြစ်ဆုံဒေသကိုဖျက်ဆီးနေသူများ (သို့မဟုတ်) မြစ်ဆုံဒေသ ပျက်စီးမှုတွင် တာဝန်ရှိသူများအဖြစ် ပုံဖော်ခံရသည့် ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေပြီး၊​ ပြည်သူလူထုအကြားအချင်းချင်း ပစ်တင်ဝေဖန်မှုများကိုဖြစ်ပေါ်စေသည်။

ဒေသအထောက်အကူပြုကော်မတီသည် မြစ်ဆုံစီမံကိန်း ပြန်လည်အသက်သွင်းရေးကို ဧရာဝတီမြစ်ကို ကာကွယ်ရေးစောင့်ရှောက်ရေးနှင့်လည်း ပိုမိုဆက်စပ်၍ တင်ပြလာသည်။ DVB ၏ ဆွေးနွေးပွဲ တစ်ခုတွင်  ဒေသအထောက်အကူပြုကော်မတီ အဖွဲ့ဝင်တစ်ဦးက ရွှေတူးဖော်မှုများသည် ဧရာဝတီမြစ် ကိုကြီးမားစွာ ထိခိုက်ပျက်စီးစေသည်ဟု ပြောကြားခဲ့ပြီး မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခြင်း သည် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ပျက်စီးမှုများကို တားဆီးရန်နှင့် မြစ်ကို ကာကွယ်ရန် နည်းလမ်းတစ်ခု ဖြစ်သည်ဟု တင်ပြဆွေးနွေးခဲ့သည် (DVB, 2026)။

ဤတင်ပြပုံသည် အရေးကြီးသည်။ အကြောင်းမှာ ဆွေးနွေးမှု၏ အာရုံစိုက်ချက်ကို မြစ်ဆုံစီမံကိန်း ကိုယ်တိုင်ဆက်လက်လုပ်ဆောင်သင့်၊ မလုပ်ဆောင်သင့်ဆိုသည့်မေးခွန်းမှ အခြားပတ်ဝန်းကျင် ပျက်စီးမှုများအတွက် စီမံကိန်းကို ဖြေရှင်းချက်တစ်ရပ်အဖြစ် မည်သို့တင်ပြနိုင်မည်ဆိုသည့် မေးခွန်းဘက်သို့ ရွှေ့ပြောင်းပေးသောကြောင့် ဖြစ်သည်။ ဤအယူအဆအရ ရွှေတူးဖော်မှုသည် ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဆက်စပ်နေပြီး ရေအားလျှပ်စစ်စီမံကိန်းကိုမူ မြစ်ကို ကာကွယ်ပေးနိုင်သည့် ယန္တရားတစ်ရပ်အဖြစ် ပုံဖော်တင်ပြလာခြင်း ဖြစ်သည်။

ထို့ကြောင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် သဘောထားကွဲလွဲမှုကို ဆည်ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ကွဲပြားမှုအဖြစ်သာ နားလည်ရန် မသင့်ပေ။ ပြည်သူ့သဘောထားကို ပုံဖော်ပေးသည့်၊ မဟာမိတ်ဖွဲ့စည်းပုံများကို ပြန်လည်ဖွဲ့စည်းစေသည့်၊ ဒေသခံလူထုများအတွင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ကွဲပြားမှုများကို ဖြစ်ပေါ်စေသည့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး နှင့် ဆက်ဆံရေးများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း လေ့လာတွေ့ရှိနိုင်သည်။

စီမံကိန်းဆန့်ကျင်သည့်အင်အားစုများ၏ တုံပြန်နိုင်စွမ်းအခြေအနေ

ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး နှင့် ဆက်ဆံရေးအခြေအနေကြောင့် ဤမေးခွန်းသည် ပိုမိုအရေးကြီး လာသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အစိုးရသည် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ပြင်းထန်စွာ ကန့်သတ်ထားသည် (Pen International, 2026)။ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည်လည်း နိုင်ငံရေးဖိအားများ ပိုမိုတိုးလာခြင်းနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ လျော့နည်းလာခြင်းတို့ကို ရင်ဆိုင်နေရသည် (United Nations, 2026)။

မြန်မာအစိုးရသည် မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်သူများအပေါ် ဥပဒေအရ အရေးယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည် (Network Media Group, 2025)။ ထိုအခြေအနေများအောက်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံလူထုများအနေဖြင့် ကြီးမားသော ဖွံ့ဖြိုးရေးစီမံကိန်းများကို လွတ်လပ်စွာ စောင့်ကြည့်ခြင်း၊ စုံစမ်းလေ့လာခြင်းနှင့် စိန်ခေါ်ခြင်းများ ပြုလုပ်ရန် ပိုမိုခက်ခဲလာသည်။

ထို့ကြောင့် စီမံကိန်းကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား အင်အားမညီမျှမှုသည် အရေးကြီး သည်။ အစိုးရအဖွဲ့အစည်းများ၊ ရင်းနှီးမြုပ်နှံသူများ နှင့် စီမံကိန်းကိုထောက်ခံသူများတွင် အုပ်ချုပ်ရေး အာဏာ၊ ဘဏ္ဍာရေးအရင်းအမြစ်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပလက်ဖောင်းများကို လွယ်ကူလွတ်လပ် စွာရရှိကြသည်။ ထိုအခြေအနေနှင့်ဆန့်ကျင်ဘက်တွင် ဒေသခံလူထုများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများသည် ကန့်သတ်ချက်များ၊ မလုံခြုံမှုများနှင့် လျော့နည်းလာသော အရင်းအမြစ်များကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် အမှန်တကယ် အများပြည်သူပါဝင်နိုင်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရန် ပိုမိုခက်ခဲလာသည်။

လူထုနှင့် တိုင်ပင်ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခြင်းတစ်ခုတည်းဖြင့် ပြည်သူများ၏ သဘောတူညီမှု ရှိကြောင်း သက်သေပြနိုင်မည် မဟုတ်ပေ။ စစ်မှန်သော တိုင်ပင်ဆွေးနွေးမှုတစ်ရပ် ဖြစ်ရန်အတွက် သဘောမတူကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်၊ လွတ်လပ်သော သတင်းအချက် အလက်များကိုရရှိနိုင်ခွင့်နှင့် စီမံကိန်းကြောင့် ထိခိုက်ခံရမည့် လူထုများအနေဖြင့် ဆုံးဖြတ်ချက်များ အပေါ် အဓိပ္ပာယ်ရှိစွာ လွှမ်းမိုးနိုင်သည့် အခွင့်အရေးတို့ လိုအပ်ကြောင်းကို သုံးသပ်တင်ပြ လိုက်ရပါသည်။

Ma Dee ရေးသားသည်။

ကိုးကားချက်များ

BBC News Burmese. (2026). မြစ်ဆုံစီမံကိန်းကို စာချုပ်ပြင်ပြီး ပြန်အသက်သွင်းဖို့ စစ်ကော်မရှင်ကြိုးပမ်း. BBC News.  https://www.bbc.com/burmese/articles/c3e0x17jj97o .

BBC News Burmese. (2025, March 10). ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတွေရောက်. BBC News. BBC Burmese article

Chu, T. W., Jonathan, S., & Lynn, K. (2024). The business practices of a Chinese state-owned enterprise in Myanmar’s Kyaukphyu special economic zone: Perspectives of local non-state stakeholders. Issues & Studies, 60(04), 2450016.

DVB TV News. (2026).  မြစ်ဆုံစီမံကိန်းဘယ်သူ့အတွက်လဲ [Video].YouTube.  https://www.youtube.com/watch?v=nU_pa3quoJM

Htung, L. G. J. (2018). Land grabbing as a process of state-building in Kachin Areas, North Shan State, Myanmar. Chiang Mai: Chiang Mai University Press.

Kachin News Group. (2026). ကြည့်ရက်စရာတောင် မရှိတော့တဲ့ မြစ်ဆုံ အခြေအနေ [Video]. Facebook.   https://web.facebook.com/reel/1614115920089672

Network Media Group. (2025). မြစ်ဆုံစီမံကိန်း ဝေဖန် ကန့်ကွက်သူကို အရေးယူမည်ဟု စစ်ကော်မရှင် ခြိမ်းခြောက် [Facebook post]. Facebook. Network Media Group Facebook post

PEN International. (2026, February 2). Myanmar: Five years after the coup, expression remains under attack. PEN International

Seng Li & Sydow, J. (2026, May 1). Myanmar: A hidden source of China’s most critical minerals. D+C Development and Cooperation. https://www.dandc.eu/en/article/myanmar-rare-earths-kachin-china

Ta-Wei Chu.et.al, (2026) rare earths mining after the coup in Myanmar. (Internal report).

United Nations. (2026, June). Myanmar: Aid decline compounds suffering amid ongoing military attacks. UN News. https://news.un.org/en/story/2026/06/1167777

Woods, K. (2011). Ceasefire capitalism: military–private partnerships, resource concessions and military–state building in the Burma–China borderlands. Journal of Peasant Studies, 38(4), 747-770.

Yao, K., & Aung Tun Lin, A. (2024). A study on involuntary resettlement outcomes of Myitsone, Upper Paunglaung and Tha Htay hydropower projects in Myanmar. International Journal of Environmental Sciences & Natural Resources, 33(2), 556361.  https://doi.org/10.19080/IJESNR.2024.33.556361

Show More

Leave a Reply

Back to top button