မြစ်ကြီးနားမှာ ဆန်ဈေး သိသိသာသာမြင့်တက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်တချို့ရဲ့ ဈေးနှုန်းတွေ ဩဂုတ်လနဲ့နှိုင်းယှဉ်ရင် ပြန်ကျလာပေမယ့် ဆန်ဈေးနှုန်းကတော့ သိသိသာသာ မြင့်တက်လာပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခက်အခဲတွေလည်း ဆက်ရှိနေတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာ မြစ်ကြီးနားဈေးကွက်အတွင်း KNG စုံစမ်းရရှိထားတဲ့ ဈေးနှုန်းတွေအရ အာလူးတစ်ပိဿာ ၃,၅၀၀ ကျပ်၊ ကြက်သွန်နီ ၁၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁၀,၀၀၀ ကျပ်၊ ကြက်ဥ ၁၈,၀၀၀ ကျပ်၊ ဂျင်း ၁၀,၀၀၀ ကျပ်နဲ့ ခရမ်းချဉ်သီး ၇,၀၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။

အိုင်အိုဒင်းဆားတစ်ထုပ် ၂,၅၀၀ ကျပ်၊ သကြား ၈,၀၀၀ ကျပ်၊ အချိုမှုန့် ၁၁,၀၀၀ ကျပ်၊ ရွှေတောင်ဆီ ၂၅,၀၀၀ ကျပ်၊ ဆားကြမ်း ၅,၀၀၀ ကျပ်၊ ကုလားပဲ ၁၅,၀၀၀ ကျပ်၊ ထောပတ်ပဲနဲ့ မြေတောက်ပဲ တစ်ပြည်ကို ၁၂,၀၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။

ဩဂုတ် ၁၈ ရက်ကသတင်းတွေအရ လက်ရှိဈေးနှုန်းကို နှိုင်းယှဉ်ကြည့်ရင် အာလူး၊ ကြက်သွန်ဖြူနဲ့ ခရမ်းချဉ်သီးတို့ ဈေးပြန်ကျ လာတာ တွေ့ရပါတယ်။

တစ်ဖက်မှာတော့ ကုလားပဲနဲ့ ဆီဈေးက အနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီကတော့ ဈေးနှုန်းတည်ငြိမ်နေပေမဲ့ နေ့စဉ် စားသုံးမှုမှာ အဓိကကျတဲ့ ဆန်ဈေးနှုန်းကတော့ မြင့်တက်လာတာ သိသိသာသာဖြစ်နေပါတယ်။

မြစ်ကြီးနားမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက“ကုန်တွေကတော့ပုံမှန်အတိုင်းတက်နေတာပဲ။ ဆန်ကတော့ တော်တော်လေးကိုတက်သွားတာ။ အရင်က ငွေတိုးက ၁ သိန်း လောက် ရှိတာ။ အခုက ၁ သိန်း ၇ သောင်းလောက်တက်သွားတာ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကဆို ပေါ်ဆန်းမွေးဆို ၃ သိန်း ၂ သောင်းလောက်ရှိပေါ့။”လို့ ပြောပါတယ်။

ငွေတိုးဆန်ဈေးက အရင် ၁ သိန်းကျပ်ဝန်းကျင် ရှိရာကနေ အခု ၁ သိန်း ၇ သောင်းကျပ်ဝန်းကျင် အထိ မြင့်တက်လာပြီး ၇ သောင်း ကျပ်ခန့် ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန DOCA က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် မြို့နယ်အလိုက် ထုတ်ပြန်ထားတဲ့ ဈေးနှုန်းစာရင်းအရ တစ်နိုင်ငံလုံးအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း မြစ်ကြီးနားရဲ့ ဆန်ဈေးနှုန်းတွေက အမြင့်ဆုံးမှာ ရှိနေတာပါ။


ဒါ့အပြင် အဲဒီစာရင်းမှာ မြစ်ကြီးနားရဲ့ အခြားမီးဖိုချောင်သုံးပစ္စည်းနဲ့ အသားငါးဈေးနှုန်းတချို့လည်း အခြားမြို့တွေထက် မြင့်နေ တာကို တွေ့ရပါတယ်။ ဥပမာ ကြက်သား တစ်ပိဿာ ၄၀,၀၀၀ ကျပ်၊ ဝက်သား ၄၅,၀၀၀ ကျပ်နဲ့ ငါးမြစ်ချင်း ၄၅,၀၀၀ ကျပ် ရှိနေပါတယ်။

အဓိကအကြောင်းရင်းကတော့ မြစ်ကြီးနားကို ကုန်စည်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေမှာ အခက်အခဲတွေ ဆက်ရှိ နေတာကြောင့်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းသတင်းအရ အင်းတော်မြို့နယ်ဘက်မှာ မိုးကြောင့် လမ်းပျက်စီးတာနဲ့ ကွင်းလမ်းတွေ အသုံးပြု နေရတာတွေရှိပြီး ကုန်တင်ယာဉ်တွေ သွားလာရာမှာ အခက်အခဲရှိခဲ့ပါတယ်။

ဒါ့အပြင် လက်တလောမှာလည်း လမ်းပိုင်းတွေဟာပျက်စီးနေဆဲ၊ ပြုပြင်နေဆဲအခြေနေဖြစ်တာကြောင့် ကုန်စည်သယ်ယူရာမှာ လမ်းကြောင်းအမျိုးမျိုးကို အသုံးပြုသွားလာနေရဆဲဖြစ်ပါတယ်။

လက်ရှိ စက်တင်ဘာလမှာလည်း မန္တလေး–မြစ်ကြီးနား အဓိကလမ်းပိုင်းကို ပုံမှန်အတိုင်း အသုံးပြုသွားလာနိုင်ခြင်း မရှိသေး တာကြောင့် ခရီးသည်တင်ကားတွေဟာ လမ်းကြောင်းပြောင်းပြီး ကသာဘက်ကို ဇက်ကူးသွားလာနေရပါတယ်။

ဒါပေမဲ့ဧရာဝတီမြစ်ကိုဇက်ကူးတာဟာ ကုန်တင်ကားတွေအတွက်လည်း အခက်အခဲပိုရှိနေပြီး လက်ရှိအသုံးပြုနေတဲ့ ဇက်တွေက ၆ ဘီးကားအရွယ်အစားလောက်သာ ကူးနိုင်ကာ ၁၂ ဘီးနဲ့ တွဲဘီးကားတွေ ကူးလို့မရပါဘူး။ ဇက်ကူးဖို့ စောင့်ဆိုင်းရတာကြောင့် မန္တလေးကနေ မြစ်ကြီးနားအထိ ခရီးစဉ်ဟာ ၅ ရက်ကနေ တစ်ပတ်အထိ ကြာနိုင်တယ်လို့ ကားသမားတွေက ပြောထားပါတယ်။

ဒါ့အပြင် တစ်ခါတစ်ရံဇက်ကူးခွင့်တွေဟာ စစ်ရေးအခြေနေပေါ်မူတည်ပြီး နှစ်ဖက်တပ်တွေက သွားလာခွင့်ကန့်သတ်တာမျိုးတွေ လည်းရှိနေတာဖြစ်ပါတယ်။

ဒီရက်သတ္တပတ်အတွင်းမှာတော့ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန (DOCA) ရဲ့ စက်တင်ဘာ တတိယပတ် ထုတ်ပြန် ချက်အရ မြစ်ကြီးနားဈေးကွက်မှာ အခြေခံစားဖိုဆောင်သီးနှံတချို့ရဲ့ ဈေးနှုန်းတွေ ယခင်လထက် အနည်းငယ် ပြန်ကျလာ ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးခြောက်တို့အပြင် ခရမ်းချဉ်သီးနဲ့ အာလူးဈေးတွေပါ လျော့ကျလာတယ်လို့ ဖော်ပြထား ပါတယ်။ စက်တင်ဘာအတွင်း လမ်းကြောင်းပေါ်က ယာဉ်တချို့ မြစ်ကြီးနားကို ရောက်ရှိလာတာကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အနည်းငယ်ကျဆင်းလာတယ်လို့ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန (DOCA) ရဲ့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့မန္တလေး–မြစ်ကြီးနား လမ်းကြောင်းမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်ဝင်ရောက်မှု အလွန်နည်းပါး နေဆဲဖြစ်တယ်လို့သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button