တိုက်ပွဲတွေကြား ပျောက်ဆုံးလာတဲ့ ကလေးတွေရဲ့ ပညာသင်ခွင့်
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာနဲ့အမျှ ဒေသအလိုက် စာသင်ကျောင်းတွေပါ ပိတ်သွားခဲ့ရပါတယ်။
တချို့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ကျောင်းမဖွင့်နိုင်တော့သလို တချို့နေရာတွေမှာတော့ ၂၀၂၄၊ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေမှာ ပညာသင်ကြားမှု ရပ်တန့်သွားတာတွေ ရှိနေပါတယ်။
ကျောင်းတံခါးတွေပိတ်သွားတဲ့အခါ ကလေးတွေ ဆုံးရှုံးရတာက စာသင်ခန်းတစ်ခန်းတည်း မဟုတ်ပါဘူး။
စာသင်နှစ်တစ်နှစ်၊ စာမေးပွဲဖြေဆိုခွင့်နဲ့ အတန်းတက်ခွင့်တွေ ဆုံးရှုံးလာသလို နောင်မှာ ကိုယ့်ဘဝကိုယ် ရွေးချယ်နိုင်ဖို့ ပညာရေးကနေ ရရှိမယ့် အခွင့်အရေးတွေလည်း တဖြည်းဖြည်း နည်းလာပါတယ်။
ဒီလို ပညာရေးပြတ်တောက်မှုဟာ ကချင်ပြည်နယ်မှာပဲ ဖြစ်နေတာမဟုတ်ပါဘူး။ UNICEF Myanmar ရဲ့ လက်ရှိအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေး ၃ ဒသမ ၅ သန်းခန့်ဟာ ကျောင်းမတက်နိုင်တာ ဒါမှမဟုတ် သင်ယူခွင့် အကန့်အသတ်ရှိနေပြီး ပဋိပက္ခနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေ၊ ကျောင်းပိတ်တာနဲ့ ပညာရေးနေရာတွေ တိုက်ခိုက်ခံရတာတွေကြောင့် ကလေးတွေရဲ့ သင်ယူခွင့် ထိခိုက်နေပါတယ်။
UNICEF က လုံခြုံပြီး အဆက်မပြတ် သင်ယူနိုင်ခွင့်ဟာ ကလေးတိုင်းရဲ့ အခွင့်အရေး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျောင်းပိတ်ထားရတဲ့ နေရာတွေထဲမှာ ခေါင်လန်ဖူး၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်မြို့နယ်တွေနဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ကျေးရွာတွေ ပါဝင်ပါတယ်။
ဒါပေမယ့် တိုက်ပွဲရှိတဲ့ နေရာတိုင်းမှာ ကျောင်းတွေအားလုံး ပိတ်သွားတာမျိုးတော့ မဟုတ်ဘဲ အန္တရာယ်ကြားကနေ ကိုယ်ထူကိုယ်ထနဲ့ ဆက်ဖွင့်ထားတဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။
ခေါင်လန်ဖူးမှာ စစ်ရှောင်ရင်း စာသင်ဖို့ ကြိုးစားနေကြတဲ့ ကလေးတွေ
ခေါင်လန်ဖူးမြို့နယ်မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ဒုတိယပတ်လောက်ကစပြီး ရှိန်းခေါင်၊ အမှတ်ပေါ်နဲ့ မှတ်တိုင် ၃၀ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ပူတာအိုဘက်ကို ထွက်ပြေးခဲ့ရပြီး အဲဒီစစ်ဘေးရှောင်တွေထဲမှာ ကျောင်းတက်နေဆဲ ကလေးတွေလည်း အများအပြား ပါဝင်ပါတယ်။
ပူတာအိုကို ရောက်လာတဲ့ ကလေးတွေထဲက တချို့ဟာ အခက်အခဲတွေကြားကနေ ပညာဆက်သင်နိုင်ပေမယ့် တချို့ကတော့ စာအုပ်စာတမ်း မပါလာနိုင်တာ၊ ကျောင်းစရိတ် မထောက်ပံ့နိုင်တာနဲ့ မိသားစု ဘယ်လောက်ကြာကြာ စစ်ရှောင်နေရမလဲ မသိနိုင်တာတွေကြောင့် ကျောင်းဆက်မတက်နိုင်တော့ပါဘူး။
အဲဒီစစ်ဘေးရှောင်တွေကို သွားရောက်လှူဒါန်းခဲ့ဖူးတဲ့ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “ပြေးရလွှားရတဲ့ အခြေအနေတစ်ခုမှာ တချို့မိဘတွေက အခြေအနေဘာဖြစ်လာမယ်မှန်းမသိတော့ ဒီတစ်နှစ်တော့ နားလိုက်ခိုင်းမယ်ဆိုတဲ့ ကလေးတွေရှိတယ်။ စာအုပ်မပါလာလို့၊ ကျောင်းစရိတ် မထောက်ပံ့နိုင်လို့ စသဖြင့်ပေါ့။ တချို့မိဘတွေလည်း စာသင်နှစ်ပြီးတဲ့အထိ ပူတာအိုမှာပဲ ဆက်နေမယ်ဆိုပြီး ကလေးတွေကို ကျောင်းပြောင်းနေခိုင်းတာမျိုးတွေလည်း ရှိတယ်” လို့ KNG ကို ပြောပါတယ်။
အိမ်နဲ့ကျောင်းကို တစ်ပြိုင်တည်း စွန့်ခွာလာရတဲ့ ကလေးတွေအတွက် ပူတာအိုကို ရောက်လာတာနဲ့ ပညာရေး ဆက်လက်လွယ်ကူသွားတာ မဟုတ်ပါဘူး။
စစ်ရှောင်လာချိန်မှာ ကျောင်းသုံးပစ္စည်းတွေ မယူလာနိုင်တာ၊ မိသားစုစားဝတ်နေရေးအတွက် ကုန်ကျစရိတ်များလာတာနဲ့ ကျောင်းစရိတ်ကို မတတ်နိုင်တာတွေကြောင့် ကလေးတချို့ဟာ ပညာရေးကို ခဏနားထားရပါတယ်။
အထူးသဖြင့် မိသားစုတစ်ခုမှာ ကျောင်းတက်နေတဲ့ ကလေးအများအပြားရှိရင် စရိတ်က ပိုများလာပါတယ်။
“မိသားစုတစ်ခုမှာ ကလေးတစ်ယောက်လောက်ပဲရှိရင်တော့ ထားနိုင်ကြပေမယ့် ကျောင်းသား သုံးယောက်၊ လေးယောက်ရှိတဲ့ကလေးတွေက မထားနိုင်ကြဘူးလေ။ ကျောင်းစရိတ်က အခုကုန်ဈေးနှုန်းနဲ့ သိန်းကြီးပိုင်းပဲ။ အဲဒါကြောင့် ကလေးသုံး၊ လေးယောက်ရှိတဲ့ မိသားစုဆိုရင် တစ်ယောက်ပဲထားနိုင်ကြတယ်”လို့ အထက်ဖော်ပြပါ အမျိုးသမီးက ဆက်ပြောပါတယ်။
ပူတာအိုဒေသမှာ လက်ရှိ ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၃၀,၀၀၀ ကနေ ၃၅,၀၀၀၊ ကျောင်းစိမ်း/ဖြူ တစ်စုံကို အရွယ်အလိုက် ကျပ် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ရှိပါတယ်။
အဲဒီအပြင် စာရေးကိရိယာ၊ ပုံနှိပ်စာအုပ်၊ လွယ်အိတ်နဲ့ ကျောင်းအပ်ခ စတဲ့ ကုန်ကျစရိတ်တွေပါ ထည့်တွက်ရင် ကျောင်းသားတစ်ယောက်အတွက် ကျောင်းအပ်စရိတ် အနည်းဆုံး ကျပ်နှစ်သိန်းကနေ သုံးသိန်းကြား ရှိနေပါတယ်။
ရုတ်တရက် စစ်ဘေးရှောင်ပြီး ပူတာအိုကို ရောက်လာတဲ့ မိသားစုတွေအတွက် အဲဒီကုန်ကျစရိတ်တွေက ကလေးတွေကို ကျောင်းဆက်ထားဖို့ အခက်အခဲတစ်ခု ဖြစ်လာပါတယ်။
ခေါင်လန်ဖူးဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တာကြောင့် စစ်ရှောင်နေရတဲ့ မိသားစုတွေရဲ့ နေရပ်ပြန်နိုင်ရေးနဲ့ ကလေးတွေရဲ့ ပညာရေးပြန်လည်စတင်နိုင်ရေးက မသေချာသေးပါဘူး။
KIA ပူးပေါင်းတပ်တွေဟာ ဇွန်လကုန်ပိုင်းကစပြီး မြန်မာ–တရုတ်နယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်ကို ထိုးစစ်စတင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မှာ မှတ်တိုင် ၃၁ အနီးက စစ်ကောင်စီပူးပေါင်းတပ်တွေအတွက် စစ်ရေးအရ အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။
အဲဒီလို အခြေအနေမှာ ခေါင်လန်ဖူးနဲ့ အနီးဝန်းကျင်က ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ လုံခြုံတဲ့ သွားလာရေးလမ်းကြောင်းနဲ့ တည်ငြိမ်တဲ့ အခြေအနေတွေ လိုအပ်နေပါတယ်။
ရွှေကူမှာ ကိုယ်ထူကိုယ်ထကျောင်းတွေပါ ပိတ်လာရ
ခေါင်လန်ဖူးမှာ စစ်ရှောင်ရင်း ကျောင်းဆက်တက်ဖို့ အခက်အခဲတွေ ရှိနေသလို ရွှေကူမြို့နယ်မှာတော့ စစ်ရေးအခြေအနေကြောင့် ကျောင်းတွေကို ဆက်ဖွင့်ထားဖို့တောင် ခက်ခဲလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေကစပြီး ရွှေကူမြို့နယ်ထဲက ကျေးရွာတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ကြောင်း ရွှေကူမြို့နယ် ပ.က.ဖ အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စီသာ၊ စီသောင်၊ မံဝင်း၊ မံနား၊ မံခါး၊ နတ်လန်၊ နောင်လတ်ကြီး၊ စီမူလေး၊ စီမှုကြီး၊ ငှက်တံတား၊ ဆင်းခန်းနဲ့ စီကော် စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာအများစု ပါဝင်ပါတယ်။
အဲဒီကျေးရွာတွေမှာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေက NUG အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ NUG ကျောင်းတွေ ဆက်ဖွင့်ထားနိုင်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ် ပညာသင်နှစ်အစကတည်းက စစ်ရေးအခြေအနေကြောင့် ကျောင်းတွေ ပိတ်ထားရကြောင်း ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“ဒီနှစ်ကတော့ ကျောင်းတွေ မနှစ်ကလို မဖွင့်နိုင်ကြဘူး။ မြို့နဲ့ဝေးတဲ့ရွာတွေ မပြောနဲ့၊ မြို့နဲ့နီးတဲ့ လမ်းကူး၊ မြိုင်သာတွေတောင် ပိတ်ထားရတာ။ တိုက်ပွဲဖြစ်နေလို့ စာရင်းအတိအကျ မပြောနိုင်ပေမယ့် ခန့်မှန်း ကျောင်းပေါင်း ၃၀၊ ၄၀ လောက်ကတော့ ပိတ်ထားရတယ်။ ဘယ်ချိန် ပြန်ဖွင့်နိုင်မလဲဆိုတော့ သတ်မှတ်လို့မရဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ တော်လှန်၊ ဝဲမ၊ ကျွန်းတောနဲ့ ရွှေဘုန်းမြင့် စတဲ့ မြို့အနီးဝန်းကျင်က ကျောင်းတွေလည်း ဒီနှစ်မှာ ပိတ်ထားရကြောင်း သိရပါတယ်။
“ရွှေကူကတော့ ဒီနှစ် တစ်မြို့နယ်လုံးနီးပါးပဲ ကျောင်းတွေပိတ်ထားရတယ်။ ရွာတွေဘက်က ကျောင်းတွေမပြောနဲ့၊ အခုဖွင့်နေတဲ့ မြို့ပေါ်ကျောင်းတွေတောင် ဘယ်ချိန်ထပ်ပိတ်ရမလဲဆိုတဲ့ အခြေအနေဖြစ်နေတာ” လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။
ဒေသခံတချို့ရဲ့ အဆိုအရ အရင်နှစ်တွေမှာ ရွှေကူအရှေ့ဘက်ခြမ်းက ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ကျောင်းသား ၁၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။
အဲဒီကိန်းဂဏန်းဟာ အရင်နှစ်အခြေအနေကို ရည်ညွှန်းတာဖြစ်ပြီး လက်ရှိကျောင်းသားအရေအတွက်ကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ UNICEF ရဲ့ အစီရင်ခံစာမှာလည်း ရွှေကူမြို့နယ်အတွင်း တိုက်ပွဲနဲ့ နေရပ်စွန့်ခွာမှုတွေ ဆက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ကလေးတွေအတွက် လုံခြုံစွာ ဆက်လက်သင်ယူနိုင်ဖို့၊ ဆရာဆရာမတွေနဲ့ သင်ကြားရေးပစ္စည်း ရရှိဖို့ ခက်ခဲနေတယ်လို့ UNICEF က ဆိုပါတယ်။
၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း UNICEF နဲ့ မိတ်ဖက်အဖွဲ့တွေက မြန်မာနိုင်ငံတဝန်း ကလေး ၄၇၂,၇၄၂ ယောက်ကို ပညာရေးအထောက်အပံ့ ပေးနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီလို ကျောင်းတွေ ဆက်မဖွင့်နိုင်တော့တဲ့ အခြေအနေက စစ်ရှောင်နေရတဲ့ မိသားစုတွေအတွက် နောက်ထပ်ရွေးချယ်စရာတွေကိုပါ နည်းပါးစေပါတယ်။
“ရွာတွေဘက်ကတော့ NUG နဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေပဲ အားကိုးနေရတာ။ ဒါတွေပိတ်ထားရတော့ ကလေးတွေလည်း နစ်နာတော့ မိဘတွေအနေနဲ့လည်း ဘာမှမတတ်နိုင်ဘူး။ မြို့ပေါ်တက်ပြီး ကျောင်းထားမယ်ဆိုရင်လည်း မလွယ်လှဘူးလေ။ စစ်ရှောင်နေရတော့ ကလေးတွေပညာနှစ်တစ်နှစ် ဆုံးရှုံးတာက အနာဂတ်အတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုပါပဲ”လို့ စီသောင်ကျေးရွာနေ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ဗန်းမော်နဲ့ မိုးမောက်မှာ ကျောင်းတွေ ရွှေ့ပြောင်းသင်ကြားနေရ
ရွှေကူမှာ ကိုယ်ထူကိုယ်ထကျောင်းတွေပါ ပိတ်လာချိန်မှာ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာတော့ ကျောင်းပိတ်တာနဲ့အတူ ကလေးတွေကို အခြားဒေသတွေမှာ ရွှေ့ပြောင်းပညာသင်ကြားရတဲ့ အခြေအနေတွေ ရှိလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး အခြေခံပညာကျောင်းတွေ ရာနဲ့ချီ ပိတ်သွားခဲ့ရပါတယ်။
ပုံမှန်ဆိုရင် ကျောင်းသားကျောင်းသူတွေနဲ့ စည်ကားနေတဲ့ ကျောင်းဆောင်တွေထဲက တချို့ဟာ စစ်ဘေးရှောင်တွေအတွက် ခိုလှုံရာအဖြစ် အသုံးပြုရသလို ကျောင်းသားတွေကိုလည်း အခြားနေရာတွေမှာ ရွှေ့ပြောင်းသင်ကြားရတာတွေ ရှိလာပါတယ်။
KNG ရဲ့ စုံစမ်းချက်အရ ဗန်းမော်မြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် ကျောင်းပေါင်း ၁၀၀ နီးပါး ပိတ်ထားရပြီး ကျောင်းသားပေါင်း သောင်းနဲ့ချီ ပညာသင်ခွင့် ဆုံးရှုံးနေရပါတယ်။
မိုးမောက်နဲ့ ဗန်းမော်မြို့နယ်တွေမှာ ကျောင်းပေါင်း ရာနဲ့ချီ ပိတ်ထားရချိန် တချို့ကျောင်းသားကျောင်းသူတွေဟာ ရွှေကူ၊ မြစ်ကြီးနား၊ မန္တလေးနဲ့ ကသာ စတဲ့မြို့တွေဘက်ကို ပြောင်းရွှေ့ပြီး ပညာသင်နေရပါတယ်။
“တချို့ကတော့ တောတောင်တွေထဲမှာ ရွာတွေဘက်မှာ အဆင်ပြေရင်ပြေသလို ရှောင်နေကြတာရှိတယ်။ ကလေးတွေ ပညာသင်ခွင့်တော့ ဆုံးရှုံးသွားတာပေါ့။ ကျွန်တော်ကတော့ ကလေးတွေ မြစ်ကြီးနားဘက် ကျောင်းပြောင်းထားလိုက်တယ်။ တချို့ကတော့ ရွှေကူတို့၊ ကသာဘက်တို့ ပြောင်းထားကြတာရှိတယ်”လို့ မိုးမောက်ကနေ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှာ စစ်ရှောင်နေတဲ့ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ ကလေးတွေရဲ့ ပညာရေးအခက်အခဲက ကျောင်းတစ်နှစ်နောက်ကျရုံနဲ့ မပြီးပါဘူး။ အတန်းအဆင့် ပြန်လိုက်ဖို့၊ စာမေးပွဲဖြေဖို့နဲ့ နောက်တစ်ဆင့် ပညာရေးကို ဆက်တက်ဖို့ပါ အခက်အခဲတွေ ဖြစ်လာပါတယ်။
Finn Church Aid ရဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ သတင်းမှာလည်း မိုးမောက်မြို့နယ်က ကျောင်းတစ်ကျောင်းဟာ ကျောင်းသား ၉၃၉ ဦးအတွက် စာသင်ရာနေရာနဲ့ စစ်ဘေးရှောင်ခိုလှုံရာနေရာအဖြစ် တစ်ပြိုင်တည်း အသုံးပြုနေရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီကျောင်းကို ကျောင်းသုံးပစ္စည်းတွေ၊ စေတနာ့ဝန်ထမ်းဆရာတွေနဲ့ သင်ကြားရေးအထောက်အပံ့တွေ ပေးခဲ့ရကြောင်း သိရပါတယ်။
အင်းတော်ကြီးဒေသတစ်ခွင်က ကျေးရွာတွေမှာ ကျောင်းတွေပိတ်ခဲ့ရ
ဗန်းမော်နဲ့ မိုးမောက်မှာ ကျောင်းသားတွေ တခြားဒေသတွေကို ပြောင်းရွှေ့ပညာသင်နေရသလို မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာတော့ တိုက်ပွဲတွေက ကျောင်းတွေအပြင် ကျေးရွာတစ်ရွာနဲ့တစ်ရွာ သွားလာရေးလမ်းကြောင်းတွေအထိ သက်ရောက်လာပါတယ်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ကျောင်းတွေ မဖွင့်နိုင်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။
KNG ရဲ့ ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက် သတင်းမှာ မိုင်းနောင်၊ လုံးတုံ၊ နန့်မွန်း၊ ချောင်းဝနဲ့ ညောင်ပင်တို့မှာရှိတဲ့ အထက်တန်းကျောင်းတွေအပြင် အင်းတော်–ဝှေခါ ကားလမ်းတစ်လျှောက်နဲ့ အင်းတော်ကြီးအနောက်ဘက်ကမ်းက ကျေးရွာတွေမှာရှိတဲ့ ကျောင်းတွေလည်း ပိတ်ထားရကြောင်း ဖော်ပြခဲ့ပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ အင်းတော်ကြီးဒေသမှာ ကျောင်းပိတ်ထားရတဲ့ အရေအတွက်ဟာ ၃၅ ကျောင်းအထက် ရှိပြီး အဲဒီထဲမှာ အထက်တန်းကျောင်း ၅ ကျောင်းကနေ ၆ ကျောင်းလောက် ပါဝင်ပါတယ်။
အင်းတော်ကြီးဒေသက ကျောင်းပိတ်မှုဟာ မြို့ပေါ်ကျောင်းတစ်ကျောင်း ပိတ်သွားတာမျိုး မဟုတ်ပါဘူး။ ရွာတစ်ရွာနဲ့တစ်ရွာ ဆက်သွယ်သွားလာရတဲ့ လမ်းကြောင်းတွေအထိ တိုက်ပွဲတွေ သက်ရောက်လာတာကြောင့် ဒေသတစ်ခုလုံးမှာ ကလေးတွေ ကျောင်းတက်နိုင်ဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။
ဖားကန့်မှာ စစ်ရေးမတည်ငြိမ်ပေမယ့် ကျောင်းတွေ ဆက်ဖွင့်ထား
ဒါပေမယ့် ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်နေတဲ့ နေရာတိုင်းမှာ ကျောင်းတွေ ပိတ်ထားတာတော့ မဟုတ်ပါဘူး။ စစ်ရေးအခြေအနေ မတည်ငြိမ်သေးပေမယ့် ကလေးတွေရဲ့ ပညာသင်ခွင့် မပျောက်သွားအောင် ကိုယ်ထူကိုယ်ထနဲ့ ကျောင်းဆက်ဖွင့်ထားတဲ့ နေရာတွေလည်း ရှိနေပါတယ်။
အဲဒီနေရာတွေထဲမှာ ဖားကန့်မြို့နယ်က တာမခံ၊ ဟောင်ပါး၊ နန့်ယားနဲ့ အနီးဝန်းကျင်ကျေးရွာတွေ ပါဝင်ပါတယ်။
ဖားကန့်မြို့နယ်ထဲက တာမခံ၊ ဝှေခါ၊ နန့်တိန်း၊ နန့်ယား၊ ဆယ်ဇင်း၊ ဆိုင်းဖရာ၊ ကပ်မှော်ဇွပ်နဲ့ နတ်ရေတောင် စတဲ့ကျေးရွာတွေမှာ စစ်ရေးမတည်ငြိမ်ပေမယ့် ကိုယ်ထူကိုယ်ထကျောင်းတွေ ဆက်ဖွင့်ထားနိုင်ဆဲ ဖြစ်ပါတယ်။
Myitkyina News Journal ရဲ့ ဇွန် ၅ ရက် သတင်းမှာ နန့်ယားကျေးရွာမှာ KIO ပညာရေးစနစ်နဲ့ ဇွန် ၁၀ ရက်ကစပြီး ကျောင်းဖွင့်မယ်လို့ ဖော်ပြထားပါတယ်။ နန့်ယားအထက်တန်းကျောင်းမှာ နန့်ယား၊ ဆိုင်းဖရာနဲ့ ကပ်မှော်ဇွပ်က ကလေးတွေ တက်ရောက်ပြီး ကျောင်းသား ၅၀၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
KNG ရဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ သတင်းအရ ဟောင်ပါးကျေးရွာအုပ်စုအတွင်း တာမခံ၊ ခိုမ၊ ဟွေဆိုင်း၊ နတ်ရေတောင်၊ ရွှေတောင်ကျော်၊ နန့်ပါဟုတ်နဲ့ နန့်စပိန်းတို့မှာ အခြေခံပညာကျောင်း ၂၃ ကျောင်းခန့် ဖွင့်ထားကြောင်း ဖော်ပြခဲ့ပြီး အဲဒီကျောင်းတွေ လက်ရှိအချိန်အထိ ဖွင့်ထားနိုင်ကြောင်း သိရပါတယ်။
အဲဒီကျောင်းတွေဟာ NUG နဲ့ ချိတ်ဆက်ထားတဲ့ကျောင်း၊ KIO က တိုက်ရိုက်စီမံတဲ့ကျောင်းနဲ့ ဒေသပညာရေးကော်မတီက စီမံတဲ့ကျောင်းဆိုပြီး ပုံစံသုံးမျိုးနဲ့ လည်ပတ်နေပါတယ်။ CDM ဆရာ၊ ဆရာမ မလုံလောက်တာကြောင့် ရွာခံဘွဲ့ရသူတွေ၊ မိဘတွေက ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားနေရပြီး အတန်းအဆင့်နဲ့ သင်ရိုးညွှန်းတမ်းတွေဟာ ရွာတစ်ရွာနဲ့တစ်ရွာ မတူနိုင်ပါဘူး။
ဒါပေမယ့် အဓိကအားဖြင့် ကလေးတွေ စာသင်ခန်းနဲ့ မကွာဝေးစေဖို့ ရည်ရွယ်ပြီး ဖွင့်ထားကြတာ ဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။
စစ်ရေးမတည်ငြိမ်တဲ့ အခြေအနေမှာ ကျောင်းဆက်ဖွင့်ထားနိုင်ပေမယ့် အန္တရာယ်ကတော့ ရှိနေဆဲပါ။
“ကျွန်မတို့ တာမခံ၊ ဟောင်ပါးတကြောကတော့ ဖွင့်တယ်။ ကိုယ်ထူကိုယ်ထပါ။ ဒါပေမယ့် ဖွင့်တယ်ဆိုပေမယ့် လေယာဉ်လာရင် ပြေးလိုက်၊ ပြန်ဖွင့်လိုက်၊ သေနတ်သံကြားရင် ပြန်ပိတ်လိုက်၊ ငြိမ်သွားရင် ဖွင့်လိုက်ပဲ လုပ်နေရတာ”လို့ ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါကြောင့် အဲဒီဒေသတွေမှာ ကျောင်းတွေ ဆက်ဖွင့်ထားနိုင်တာဟာ တိုက်ပွဲတွေ မရှိတော့လို့ မဟုတ်ပါဘူး။ ဒေသခံတွေနဲ့ ပညာရေးလုပ်သားတွေက အန္တရာယ်တွေကြားကနေ ကလေးတွေရဲ့ ပညာသင်ခွင့် မပျောက်သွားအောင် ကြိုးစားထိန်းထားတာ ဖြစ်ပါတယ်။
ပိတ်သွားတဲ့ ကျောင်းတံခါးတွေ ပြန်ဖွင့်ဖို့ လွယ်ကူမလား
ကချင်ပြည်နယ်က တချို့ဒေသတွေမှာ ကျောင်းတွေ နှစ်နဲ့ချီ ပိတ်ထားရသလို တချို့နေရာတွေမှာတော့ စစ်ရေးအန္တရာယ်ကြားကနေ ဆက်ဖွင့်ထားရပါတယ်။ ဒါပေမယ့် ကျောင်းတွေ ပိတ်သွားတဲ့ အခြေအနေကနေ ပုံမှန်ပြန်ဖွင့်နိုင်ဖို့က တိုက်ပွဲရပ်သွားရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။
ရွှေကူ၊ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာ စစ်ရေးအခြေအနေ တည်ငြိမ်လာပြီး ဒေသခံတွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေ ရောက်လာရင်တောင် ကျောင်းတွေကို ချက်ချင်းပြန်ဖွင့်နိုင်ဖို့ မလွယ်ကူသေးပါဘူး။
တိုက်ပွဲတွေအတွင်း ကျောင်းအဆောက်အအုံတွေ ပျက်စီးတာ၊ မီးလောင်တာ၊ ကျောင်းနေရာတွေ စစ်ရေးအတွက် အသုံးပြုခံရတာနဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေ ရှိနေတာကြောင့် ကျောင်းပြန်ဖွင့်ဖို့ အဆောက်အအုံတွေ ပြန်ပြင်ရေးနဲ့ လုံခြုံရေးစစ်ဆေးတာတွေ အရင်လုပ်ရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် ဆရာ၊ ဆရာမတွေ ပြန်လည်စုစည်းရေး၊ စာအုပ်နဲ့ သင်ထောက်ကူပစ္စည်း ဖြည့်ဆည်းရေး၊ ယာယီစာသင်ခန်း စီစဉ်ရေးနဲ့ စစ်ရှောင်သွားတဲ့ ကျောင်းသားတွေ ပညာရေးလမ်းကြောင်းထဲ ပြန်ဝင်နိုင်ရေးတွေကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်၊ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး နိုင်ငံတကာနေ့အတွက် သတင်းစကားမှာ ပညာရေးဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကလေးတိုင်းရဲ့ ပညာသင်ခွင့်နဲ့ ကျောင်းနဲ့ ပညာသင်ယူရာနေရာတွေရဲ့ လုံခြုံရေးကို အာမခံဖို့ လိုတယ်လို့ ပြောထားပါတယ်။
ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးက ကျောင်းနဲ့ ပညာရေးအဖွဲ့အစည်းတွေကို တိုက်ခိုက်တာကို တားဆီးဖို့နဲ့ နိုင်ငံတကာဥပဒေအရ တာဝန်တွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါကြောင့် တိုက်ပွဲတွေ ရပ်သွားတာက ကျောင်းတံခါးပြန်ဖွင့်နိုင်ရေးရဲ့ အစပဲ ဖြစ်ပါတယ်။ နှစ်နဲ့ချီ ပညာသင်ခွင့်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေ စာသင်ခန်းထဲ ပြန်ဝင်နိုင်ဖို့၊ ဆရာဆရာမတွေနဲ့ သင်ကြားရေးပစ္စည်းတွေ ပြန်ရရှိဖို့နဲ့ ပညာရေးလမ်းကြောင်း ပုံမှန်ပြန်ဖြစ်ဖို့ကတော့ အချိန်ယူပြီး ပြန်တည်ဆောက်ရမယ့် အခြေအနေ ဖြစ်ပါတယ်။
By – Zaw Zaw




