လဂွေမှာ မိုင်းထုတ်လုပ်ရုံပေါက်ကွဲလို့  ၇ ဦးသေ၊  ၁၁ ဦး ထိခိုက်ဒဏ်ရာရ

ချီဖွေမြို့နယ် ပန်ဝါဒေသ လဂွေကျေးရွာမှာ တရုတ်နိုင်ငံသားပိုင် မိုင်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ်ပြီး ပညာရေးဝန်ထမ်းတွေအပါအဝင် လူ ၇ ဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လဂွေကျေးရွာ အလယ်တန်းစာသင်ကျောင်းအနီးမှာရှိတဲ့ မိုင်းထုတ်လုပ်သိုလှောင်ရုံဟာ အောက်တိုဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးတဝိုက်က အဆောက်အအုံတွေနဲ့ ပစ္စည်းတွေ တစ်စစီဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားမှာ ဖြစ်တာ။ စာသင်ကျောင်းနားက မိုင်းထုတ်လုပ်ရုံ ဟုတ်တယ်။ တရုတ်တွေရဲ့ မိုင်းရုံဖြစ်တယ်။ အဲဒီမှာ မိုင်းလာခိုးယူသူတွေကြောင့် စပြီးပေါက်ကွဲလာတာလို့ ပြောတယ်။ အဲဒီအနီးတဝိုက်အားလုံး တစ်စစီဖြစ်သွားတယ်။ မိုင်းထုတ်လုပ်ရုံက တရုတ်လုပ်ငန်းရှင်လည်း သေသွားတယ်။ လောလောဆယ် အလောင်းတွေ့ထားတာ ၇ ဦး၊ ထိခိုက် ၁၁ ဦးရှိတယ်။ မိုးတအားရွာနေလို့ နောက်နေ့တွေမှ ဆက်ရှာမယ်လို့ ပြောတယ်” လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ မိုင်းထုတ်လုပ်ရုံ ပေါက်ကွဲရတဲ့အကြောင်းရင်းဟာ မိုင်းလာခိုးယူသူတွေကြောင့် ပေါက်ကွဲတာဖြစ်ကြောင်း သတင်းတွေထွက်နေပေမယ့်  ဒီအကြောင်းရင်းကို KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပေါက်ကွဲမှုကြောင့် တရုတ်လုပ်ငန်းရှင်တစ်ဦးအပါအဝင် KIO ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ အလောင်း ၇ လောင်းတွေ့ရှိထားကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ လူ ၅ ဦးကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ထားပြီး ကျန်တဲ့သူတွေကို ဖရဲကျေးရွာရှိ KIO ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

PSA

 ဒဏ်ရာရသူတွေဟာ အသက် ၂၀ ကနေ ၅၈ နှစ်ကြားရှိပြီး အမျိုးသမီး ၅ ဦးခန့် ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၂၀ ကျော် အမျိုးသမီး ၂ ဦး ပါဝင်တယ်လို့ သိရပေမယ့် ကျန်သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ 

မနေ့ညအထိ မိုးအဆက်မပြတ်ရွာနေတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို ခေတ္တရပ်နားထားပြီး မိုးအခြေအနေကောင်းလာရင် ဆက်လက်ရှာဖွေသွားမယ်လို့ သိရပါတယ်။

“တရုတ်ကုမ္ပဏီတွေ ထုတ်တဲ့ မိုင်းတွေက များသောအားဖြင့် လမ်းလုပ်တဲ့နေရာတွေမှာသုံးတာ၊ ကျောက်မိုင်းတွေ ဟုတ်တယ်။ အဲဒီမိုင်းတွေ ဘာအတွက် ထုတ်လုပ်သိုလှောင်ထားလဲတော့ တိတိကျကျ မသိရသေးဘူး။ အခုဖြစ်တာက ရွာက စာသင်ကျောင်းမှာ ကလေးတွေ ကျောင်းပိတ်တဲ့အချိန်မို့ တော်သေးတယ်။ မဟုတ်ရင် ရာဂဏန်းထိ ထိခိုက်လာနိုင်တယ်” လို့ အထက်ဖော်ပြပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

 ပန်ဝါမြို့ကနေ ကား၊ ဆိုင်ကယ်နဲ့ ၂ နာရီခန့် သွားရတဲ့  လဂွေကျေးရွာက မိုင်းထုတ်လုပ်သိုလှောင်ရုံကို အလယ်တန်းစာသင်ကျောင်းအနီးမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပေါက်ကွဲမှုဖြစ်ချိန်မှာ ကျောင်းပိတ်ထားတာကြောင့် ကျောင်းသားတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကျေးရွာအနီးမှာ မိုင်းထုတ်လုပ်ရုံ မထားဖို့ သက်ဆိုင်ရာ KIO တာဝန်ရှိသူတွေက တရုတ်လုပ်ငန်းရှင်တွေကို ၂၀၂၃ ခုနှစ်ကတည်းက ပြောဆိုထားတယ်လို့ အဲဒီဒေသက KIA အမှုထမ်းတစ်ဦးက KNG ကို ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button