ဗန်းမော်မြို့ကို ဘယ်သူက ဘာကြောင့် ထိန်းချုပ်ချင်တာလဲ

“မြုပ်ပြီ၊ မြုပ်ပြီ။ ရပြီ၊ လှဲသွားပြီ၊ လှဲသွားပြီ၊ ဟေးဟေး… နေရာကောင်းကောင်း ဆက်ယူကြ” ဆိုတဲ့ ဆူညံသံတွေဟာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအနီး စစ်သင်္ဘောတစ်စီးကို တိုက်ခိုက်ပြီး မြုပ်ပစ်နေတဲ့ အသံတွေပဲ ဖြစ်ပါတယ်။

 ဗန်းမော် မြို့သိမ်းတိုက်ပွဲဟာ မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲတစ်ခုတည်း မဟုတ်ပါဘူး။ ဧရာဝတီမြစ်ကြောင်းကို ထိန်းချုပ်နိုင်ရေး၊ စစ်ကောင်စီတပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ၊ ကချင်ပြည်နယ်အတွင်း စစ်ရေးအသာစီး ရရှိရေးနဲ့ မြန်မာ–တရုတ် ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ဗန်းမော်မြို့မှာ ဘာတွေဖြစ်နေတာလဲ

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲ ကြာရှည်လာတာနဲ့အမျှ မြို့တွင်းရှိ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်အင်အား ဖြည့်တင်းနိုင်ရေးက အရေးကြီးတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။

အထူးသဖြင့် မြစ်ကြီးနား–ဗန်းမော် ကုန်းလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ဗန်းမော်ဘက်ကို ထောက်ပံ့ရေးပို့ဆောင်ဖို့ ဧရာဝတီမြစ်ကြောင်းဟာ ပိုမိုအရေးပါလာပါတယ်။

ဒါကြောင့် ဗန်းမော်တိုက်ပွဲကို မြို့တွင်းမြေပြင်တိုက်ပွဲတစ်ခုအဖြစ်ပဲ ကြည့်လို့ မရပါဘူး။ ‘’မြစ်ကြောင်းကို ဘယ်သူက ထိန်းချုပ်နိုင်သလဲဆိုတာကလည်း ဗန်းမော်တိုက်ပွဲရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။’’ လို့ ဗန်မော်မြို့သမိုင်းကြောင်းကို သိရှိတဲ့ဆရာတစ်ဦးကပြောပါတယ်။

 ဘာကြောင့် ရေကြောင်းက အရေးကြီးလာတာလဲ

စစ်တပ် အာဏာသိမ်းပြီးနောက် ၊ ၂၀၂၃ ခုနှစ် တစ်နိုင်ငံလုံး တိုက်ပွဲဖြစ်ပွားနေချိန်  ဩဂုတ်လက စပြီး စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်း ကနေ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်လာခဲ့တယ်လို့ မြစ်ကမ်းနံဘေးမှာ နေထိုင်သူတွေက ပြောပါတယ်။

အဲဒီအချိန်က မြစ်ကြီးနား–ဗန်းမော် လမ်းမတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ကုန်းလမ်းထောက်ပံ့ရေးက ပိုမိုခက်ခဲ လာတဲ့အတွက် ရေကြောင်းဟာ အစားထိုးထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့တာပါ။ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၃ ရက်မှာလည်း မန္တလေး ဂေါ်ဝိန်ဆိပ်ကမ်းကနေ ရေယာဉ် ၂၁ စီးခန့်ဟာ ဗန်းမော်ဘက်ကို ဆန်တက်လာခဲ့ပါတယ်။

ဒေသခံနဲ့ ရှေ့တန်း သတင်းရင်းမြစ်တွေ ရဲ့ ပြောဆိုချက်အရ အဲဒီရေယာဉ်အုပ်စုဟာ မြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်ခံခဲ့ရပြီး ဗန်းမော်ဘက်ကို ၇ စီးခန့်သာ ရောက်ရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ကနေ စစ်သင်္ဘော ၂၁ စီးခန့် ဆန်တက်လာခဲ့ပေမယ့် ဗန်းမော်ဘက်ကို ၇ စီးခန့်သာ ဝင်ရောက်လာနိုင်ခဲ့ကြောင်း ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။

ဒီတိုက်ပွဲတွေဟာ ‘’ဗန်းမော်ကို ထောက်ပံ့ပေးနိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းဟာ ဘယ်လောက်အထိ အရေးပါလာသလဲ’’ ဆိုတာကို ပြသနေကြောင်း နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

ဗန်းမော်ကို သိမ်းနိုင်ဖို့ ဘာကြောင့် ခက်နေတာလဲ

 ဗန်းမော်မြို့ဟာ သာမန်မြို့ပြ ဧရိယာတစ်ခု မဟုတ်ပါဘူး။ မြို့အတွင်းမှာ ချိုင့်ခွက်တွေ၊ လျှိုမြောင်းတွေ၊ ရေအိုင်တွေ များပြားပြီး မြေပြန့်ဧရိယာလည်း အကန့်အသတ်ရှိပါတယ်။

PSA

ဒါကြောင့် မြို့တွင်းကို ထိုးစစ်ဆင်တဲ့ တပ်ဖွဲ့တွေအတွက် လှုပ်ရှားမှု နဲ့ စစ်ရေးစီမံခန့်ခွဲမှုမှာ အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ဗန်းမော်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ရှိနေပြီး ခိုင်မာတဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေ ရှိနေပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ၂၀၂၅ ခုနှစ်အတွင်း စကခ (၂၁) ဌာနချုပ်ကို အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် အထိနာပြီး ပြန်လည်နောက်ဆုတ်ခဲ့ရပါတယ်။

ဗန်းမော်မြို့တွင်းမှာရှိတဲ့ စကခ (၂၁) စစ်ဌာနချုပ် သည်  ဂျပန်ခေတ်တုန်းက အခိုင်အမာ ဆောက်ထားတဲ့ စနေရာ ဖြစ်တဲ့အတွက် အဲဒီခေတ်က ဂျပန်တွေ ထိုင်ထားတဲ့နေရာကို မဟာမိတ်ပူးပေါင်းတပ်ဘက်က လေကြောင်းအကူအညီယူပြီး အကြီးအကျယ် တိုက်ခဲ့ရတယ်။ တစ်လတိတိ ကြာတယ်။ ဒါကြောင့် မဟာမိတ်တပ်တွေ စစ်သမိုင်းထဲမှာ သိမ်းရအခက်ဆုံးသော မြို့အဖြစ် သမိုင်းမှတ်တမ်းစာတွေအရသိရှိရတယ်။’’ ဟု အထက်ပါ ဆရာကဆက်ပြောပါတယ်။

 ဗန်းမော်က စစ်ရေးအရ ဘာကြောင့် အရေးကြီးတာလဲ

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်အတွင်း စစ်ရေးကွပ်ကဲမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

စကခ (၂၁) တည်ရှိမှုကြောင့် ဗန်းမော်ဟာ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် အရေးပါသလို ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကို ထိန်းချုပ်နိုင်ရေးအတွက်လည်း အရေးပါတဲ့ နေရာဖြစ်ပါတယ်။

KIA ဘက်ကကြည့်ရင်တော့ ဗန်းမော်ကို ထိန်းချုပ်နိုင်ခြင်းဟာ KIA ဌာနချုပ်နဲ့ နီးစပ်တဲ့ ဒေသတစ်ဝန်းမှာ စစ်ရေးအရ လုံခြုံမှု ပိုမိုရရှိစေနိုင်ပါတယ်။

ဒါ့အပြင် ဗန်းမော်ဟာ တရုတ်နယ်စပ်နဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတွေနဲ့ နီးစပ်တာကြောင့် စီးပွားရေးနဲ့ ကုန်သွယ်ရေးအရလည်း အရေးပါပါတယ်။

စစ်ရေးတစ်ခုတည်း မဟုတ်တဲ့ ဗန်းမော်

ဗန်းမော်ရဲ့အရေးပါမှုကိုစစ်ရေးတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။

ဗန်းမော်မြို့ဟာ ရှေးဘုရင်ခေတ်ကတည်းက တရုတ်–မြန်မာ ကုန်သွယ်ရေးနဲ့ ဆက်စပ်ခဲ့တဲ့ နေရာဖြစ်ပြီး တာပိန်မြစ်ကို ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

တရုတ် ချင် (Qing) မင်းဆက်ချန်လုံဧကရာဇ်သည်မြန်မာနိုင်ငံကိုစစ်ကြောင်းများစွာခွဲပြီးချီတက်ခဲ့ရာတွင်ဒုတိယအကြိမ်နှင့်စတုတ္ထအကြိမ်တွေမှာဗန်းမော်လမ်းကြောင်းကိုအဓိကအသုံးပြုခဲ့တယ်လို့တရုတ်မြန်မာသမိုင်းမှတ်တမ်းတွေအရသိရပါတယ်။

တရုတ်တို့ ရည်ရွယ်ချက်မှာ ဗန်းမော်ကို ခြေကုတ်စခန်းပြုလုပ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း အင်းဝနေပြည်တော်သို့ တိုက်ရိုက်ဆင်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဗန်းမော်ဟာ ကချင်ပြည်နယ်အတွင်း ကုန်သွယ်ရေး၊ ရေကြောင်းနဲ့ ကုန်းလမ်း ဆက်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

သို့သော် KIA နဲ့ ပူးပေါင်းတပ်တွေက လွယ်ဂျယ်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်ခဲ့သလို ဗန်းမော်ဒေသတွင်း ကုန်သွယ်ရေး အားလုံးပိတ်သွားပါတယ်။

ဒီအခြေအနေက ဗန်းမော်တိုက်ပွဲဟာ ‘’စစ်ရေးထိန်းချုပ်မှုအပြင် ကုန်စည်စီးဆင်းမှုနဲ့ ဒေသတွင်းစီးပွားရေးအပေါ်ပါ သက်ရောက်နိုင်တဲ့ တိုက်ပွဲ’’ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ် တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။[SN1] 

တိုက်ပွဲရဲ့ အကြီးမားဆုံး သက်ရောက်မှုက ဘာလဲ

ဗန်းမော်တိုက်ပွဲရဲ့ အဓိကသက်ရောက်မှုကို စစ်ရေးအသာစီး ဘယ်သူရမလဲဆိုတာနဲ့ပဲ တိုင်းတာလို့ မရပါဘူး။

တိုက်ပွဲ စတင်ပြီးနောက် ဗန်းမော်မြို့ခံအများအပြားဟာ နေရပ်စွန့်ခွာပြီး မိုင်းခေါင်၊ တရုတ်နယ်စပ်တကြော KIA ထိန်းချုပ်ရာဒေသနဲ့ မြို့ပြကြီးတွေဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက တောလမ်းကနေ ကလေးတွေနဲ့အတူ ထွက်ပြေးခဲ့ရပြီး လမ်းခရီးမှာ စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

အခြားစစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ နေရပ်ပြန်နိုင်တဲ့နေ့မှာ မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်ချင်တယ်လို့ ဆိုပါတယ်။

ဒီအသံတွေက ဗန်းမော်တိုက်ပွဲရဲ့ နောက်ကွယ်မှာ စစ်ရေးရည်မှန်းချက်တွေရှိနေသလို နှစ်ရှည်စစ်ပွဲကြောင့် ပျောက်ဆုံးသွားတဲ့ လူနေမှုဘဝတွေ လည်း ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။

ရှေ့ဘာတွေဖြစ်လာနိုင်သလဲ

ဗန်းမော်မြို့ကို ဘယ်ဘက်က ထိန်းချုပ်နိုင်မလဲဆိုတာဟာ မြို့တွင်းတိုက်ပွဲရလဒ်တစ်ခုတည်းနဲ့ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။

စစ်အင်အား ဖြည့်တင်းနိုင်မှု၊ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပို့ဆောင်နိုင်မှု၊ ဧရာဝတီမြစ်ကြောင်းနဲ့ ကုန်းလမ်းတွေကို ထိန်းချုပ်နိုင်မှုတို့က အဓိကကျနေပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ကြာရှည်လာမယ်ဆိုရင် စစ်ရှောင်ပြည်သူအရေအတွက်၊ နေအိမ်နဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှု၊ ဒေသတွင်း စီးပွားရေးနဲ့ ကုန်သွယ်ရေးအပေါ် သက်ရောက်မှုတွေ ပိုမိုကြီးမားလာနိုင်ပါတယ်။

 ၁၇၆၄ မှ ၁၇၆၉ထိ ဖြစ်ပွားခဲ့သော တရုတ် ချင်အင်ပါယာ နှင့် မြန်မာ ကုန်းဘောင်အင်ပါယာ တို့အကြားဖြစ်ပွားခဲ့သော စစ်ပွဲအပါအဝင် ဒုတိယကမ္ဘာစစ် ဂျပန်နဲ့တွေအပါအဝင်ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေဟာ သမိုင်းတွင်ခဲ့ပါတယ်။

အခုလက်ရှိဗန်းမော်တိုက်ပွဲဟာ “ဘယ်သူက မြို့ကို သိမ်းမလဲ” ဆိုတဲ့ မေးခွန်းတစ်ခုတည်း မဟုတ်ပါဘူး။ ဧရာဝတီမြစ်ကြောင်း၊ ကချင်ပြည်နယ်ရဲ့ စစ်ရေးအနေအထား၊ တရုတ်–မြန်မာ ကုန်သွယ်ရေးနဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အနာဂတ်ကို တစ်ပြိုင်နက်တည်း သက်ရောက်စေနိုင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပါတယ်။

By – Lagwi

Show More

Leave a Reply

Back to top button