ရဲဂိတ်ထပ်တိုးလာတာကြောင့် ငွေကောက်ခံမှု များလာမှာကို ဒေသခံတွေ စိုးရိမ်

ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ ရဲစစ်ဆေးရေးဂိတ်အသစ်တစ်ခု ထပ်တိုးဖို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ပြင်ဆင်နေတဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ပြည်သူတွေအပေါ် ငွေကောက်ခံမှု ပိုများလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ပူတာအိုမြို့အရှေ့ဘက် လေဆိပ်ရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်ကြားမှာ နိုဝင်ဘာလဆန်းပိုင်းကစပြီး ရဲတပ်ဖွဲ့ဝင်တွေက ဂိတ်အသစ်ဆောက်လုပ်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး လက်ရှိမှာ ရဲကင်း၊ သံဆူးကြိုးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ နေထိုင်ဖို့ တဲတွေ ဆောက်လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီနေရာမှာ ပြည်သူ့စစ်ဂိတ်က ရှိပြီးသားပါ။ အခု ရဲတွေက နောက်ထပ်ဂိတ်တစ်ခု ဆောက်ဖို့ လုပ်နေတယ်။ ရဲစခန်းလေးတစ်ခုလည်း ဆောက်နေပြီး သံဆူးကြိုးတွေလည်း ကာထားတယ်။ ရဲတွေ နေဖို့ တဲတွေလည်း ဆောက်နေတယ်။ အမြဲတမ်းဂိတ်ဖွင့်တော့မယ့် ပုံစံမျိုးပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြည်သူ့စစ်ဂိတ်မှာတော့ ထင်းတင်လာတဲ့ သုံးဘီးယာဉ်တစ်စီးကို ငွေ ၅,၀၀၀ ကျပ် ကောက်ခံနေသလို စက်သုံးဆီနဲ့ ဆန်တင်လာတဲ့ ကုန်တင်ယာဉ်တွေကိုလည်း ငွေကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

PSA

“ထင်းတင်လာတဲ့ သုံးဘီးတစ်စီးကို ၅,၀၀၀ ကျပ် ကောက်တယ်။ စက်သုံးဆီနဲ့ ဆန်တင်လာတဲ့ ကားတွေကိုလည်း ကောက်တယ်။ အခု ရဲဂိတ်ပါ ထပ်တိုးလာရင် ကုန်တင်ကားတွေ ဂိတ်နှစ်ခုမှာ ဖြတ်ရမယ်။ ငွေထပ်ပေးရတာမျိုး ဖြစ်လာမှာကို စိုးရိမ်တယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရဲဂိတ်အသစ်ဟာ လက်ရှိပြည်သူ့စစ်ဂိတ်နဲ့ မီတာ ၅၀၀ ခန့်သာ ကွာဝေးပြီး ပူတာအိုကနေ မချမ်းဘော၊ နောင်မွန်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေကို သွားတဲ့ လမ်းဆုံအနီးမှာ တည်ရှိပါတယ်။

ပူတာအိုမြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးကတော့ မြို့လုံခြုံရေးအတွက် ဂိတ်အသစ်ဖွင့်ဖို့ စီစဉ်တာဖြစ်တယ်လို့ ပြောပါတယ်။

ပူတာအိုမြို့ကနေ အဲဒီမြို့နယ်တွေဘက်ကို ကုန်စည်သယ်ယူပို့ဆောင်ရာမှာ စစ်ဆေးရေးဂိတ်တွေ ထပ်တိုးလာရင် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိမှာ ပူတာအိုမြို့အတွင်း မူလာရှီဒီ ပူးပေါင်းစစ်ဆေးရေးဂိတ်နဲ့ ပြည်သူ့စစ်ဂိတ်တို့ ရှိနေပြီး ရဲဂိတ်အသစ်ပါ ဖွင့်လှစ်လာရင် မြို့ဝင်ထွက်သွားလာသူတွေအတွက် စစ်ဆေးမှုနဲ့ ငွေကြေးကုန်ကျမှု ပိုများလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button