ရေပေါ် မီးတိုက်ပွဲမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို KIA ကယ်ထုတ်နိုင်

ဖားကန့် ဆယ်ဇင်းဒေသ တောင်ဦးအထက်ပိုင်း ရေပေါ် မီးတိုက်ပွဲမှာ  ပိတ်မိကျန်ရစ်နေတဲ့ အရပ်သားပြည်သူ ၅၀ ဦးခန့်ကို KIA တပ်ဖွဲ့တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

သုံးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရေပေါ် မီးတိုက်ပွဲမှာ အထိနာတဲ့ ရှမ်းနီ SNA တပ်တွေက ဒေသခံပြည်သူအများပိုင်းကို လူသားဒိုင်းခေါ်ဆောင်သွားပြီး ကျန်ဒေသခံတစ်ချို့ကိုတော့ KIA က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေပြောပါတယ်။

“ရှမ်းနီ SNA တပ်တွေနဲ့ ကျနော်တို့နဲ့ အပြန်အလှန်တိုက်ပွဲဖြစ်တဲ့အချိန် ဒေသခံပြည်သူတွေက ကြားမှာညှပ်သွားတာ။ SNA တပ်တွေ စစ်ရှုံးလို့ ထွက်ပြေးဖို့ လုပ်နေတဲ့အချိန် ဒေသခံပြည်သူတွေကို သူတို့နေရာယူထားတဲ့ဘက်ကို သွားဖို့ ပြောတယ်။ အများပိုင်းက ကြောက်ပြီး လိုက်သွားကြတယ်။ SNA အဖွဲ့ဘက် မလိုက်ချင်တဲ့ တစ်ချို့က အရင်က ရွှေတူးလိုက်တဲ့ ကျင်းဟောင်းနေရာတွေမှာ သွားပုန်းနေကြရင်း ကျန်ခဲ့တယ်”လို့ရေပေါ် မီးဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့ ရေပေါ် မီးကျေးရွာရှိ ရှမ်းနီ SNA စစ်ဗျူဟာကုန်းနေရာကို KIA သိမ်းပိုက်လိုက်ပြီးနောက် ၃၁ ရက်နေ့မှာ ရွှေကျင်းဟောင်းနေရာတွေမှာ ပိတ်မိနေတဲ့ ဒေသခံ ၅၀ ကျော်ခန့်ကို KIA က ကယ်ထုတ်နိုင်ခဲ့ပြီးတော့ လုံခြုံတဲ့နေရာကို ပို့ဆောင်ထားနိုင်ပြီလို့ သိရပါတယ်။

တပ်စခန်း လက်လွတ်လိုက်ရတဲ့ ရှမ်းနီ SNA အဖွဲ့က လူသားဒိုင်းခေါ်ဆောင်သွားတဲ့ ဒေသခံပြည်သူတစ်ချို့ကို လက်ရှိမှာ ဘယ်နေရာမှာ ထိန်းသိမ်းထားကြောင်းကို အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

PSA

ဖားကန့် ဥရုချောင်းအထက်ပိုင်း ဆယ်ဇင်းနှင့် ဟုမ္မလင်းဒေသနှစ်ခုကို အဓိက ဆက်သွယ်ထားတဲ့ ရေပေါ် မီးကျေးရွာကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာလ ၃၀ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက ရေပေါ် မီး ရှမ်းနီ SNA တပ်စခန်းနေရာကို သိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်ကျော်လောက်ကနေ ရေပေါ် မီးနဲ့ တစ်ဆက်တည်းရှိတဲ့ တောင်ဦး၊ သဲဇလောက် စတဲ့ကျေးရွာရှိ ရှမ်းနီ SNA တပ်စခန်းနေရာတွေကို တိုက်ပွဲဖော်ဆောင်ပြီး သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီကျေးရွာတွေကို သိမ်းပိုက်လိုက်ပြီးနောက် ဆင်းဇင်းနှင့် ဟုမ္မလင်း နှစ်ခုကို အဓိက ဆက်သွယ်ထားတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ ရေပေါ် မီး ကျေးရွာကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

ရေပေါ် မီး ရှမ်းနီ SNA တပ်နေရာကို KIA သိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက “အခုသိမ်းပိုက်လိုက်တဲ့နေရာတွေက အဓိက ရွှေမှော်ဒေသတွေဖြစ်တယ်။ အရင်ကတည်းက ဒီနေရာတွေကို သိမ်းပိုက်ဖို့ KIA က စီစဉ်ပြီးသားဖြစ်တယ်။ စစ်ရေးအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မသိနိုင်သေးတာ။ အခုက စီစဉ်ထားတဲ့အတိုင်း ဖော်ဆောင်လိုက်တယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။

အခု KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ရေပေါ် မီးကျေးရွာဟာ ဟုမ္မလင်းဘက်ခြမ်းကနေ ဆယ်ဇင်းကို သွားတဲ့အဝင်ပေါက်ဝဖြစ်သလို ဆယ်ဇင်းဒေသဘက်ခြမ်းကနေ ဟုမ္မလင်းကိုသွားတဲ့ ဂိတ်ဆုံးနေရာဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ ရှမ်းနီ SNA တပ်တွေ စစ်အာဏာသိမ်းပြီးနောက် အဓိက စစ်ရေးလှုပ်ရှားနေတဲ့ နေရာဖြစ်သလို SNA တပ်ဖွဲ့ရဲ့ ဗျူဟာကုန်းအခြေစိုက်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။

ရေပေါ် မီးကျေးရွာ တစ်ဖက်ကမ်းဆိုရင် ဟုမ္မလင်းဒေသဖြစ်ပြီး စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေ အဓိက ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button