ဒီမိုကရက်တစ်ပါတီ အနိုင်ရပေမဲ့ အမေရိကန်ရောက် ရွှေ့ပြောင်းမြန်မာတွေ စိုးရိမ်နေရဆဲ
အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့ပေမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်တော့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေသေးတယ်လို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့တာကြောင့် လွှတ်တော်နှစ်ရပ်လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေအပေါ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ အကူအညီပေးရေးအစီအစဉ်တွေ ပြောင်းလဲလာနိုင်တယ်လို့ မျှော်လင့်နေကြတာပါ။
ဒါပေမဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေမှာ သြဇာကြီးမားသူတစ်ဦးဖြစ်တဲ့ စတီဖင် မီလာ (Stephen Miller) ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာ အိမ်ဖြူတော်အကြီးအကဲအဖြစ် ပြန်လည်ခန့်အပ်ခဲ့တာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
“လွှတ်တော်ကနေ စောင့်ကြည့်ထိန်းကျောင်းနိုင်သွားပြီဆိုတော့ ဖမ်းဆီးတာတွေ လျော့လာမလားတော့ မသိဘူး။ ဒါပေမဲ့ စတီဖင် မီလာက အရမ်းတင်းကျပ်တဲ့သူပါ။ ထရမ့်ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရတယ်။ ထရမ့်နောက်ကွယ်မှာ စတီဖင် မီလာဆိုတဲ့သူက အရမ်းတင်းကျပ်တဲ့ မူဝါဒတွေကို ဦးဆောင်ခဲ့တာပါ။ အခု သူ့ကို အာဏာပြန်ပေးလိုက်ပြီဆိုတော့ စိုးရိမ်စရာရှိတယ်။ ၂၀၂၈ ခုနှစ်မှာ ရွေးကောက်ပွဲနိုင်ဖို့ မလွယ်တော့ဘူးဆိုတာ သိထားတဲ့အတွက် အခုအာဏာရှိတုန်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အတတ်နိုင်ဆုံး ဖယ်ရှားမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ကြားနေရတယ်” လို့ သူက ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လနဲ့ ဩဂုတ်လအတွင်း အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံက နိုင်ငံသားတွေရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်လွှာတွေကို စိစစ်တာ ရပ်ဆိုင်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်တရားရုံးနှစ်ခုက USCIS ရဲ့ မူဝါဒတွေကို ပယ်ဖျက်တာနဲ့ တားမြစ်တာဆိုင်ရာ အမိန့်တွေ ချမှတ်ခဲ့ပါတယ်။ USCIS ကလည်း တရားရုံးအမိန့်တွေကို လိုက်နာမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တရားရုံးအမိန့်တွေကြောင့် လျှောက်လွှာအားလုံးကို အလိုအလျောက် အတည်ပြုပေးမှာတော့ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ လူအုပ်စုတွေရဲ့ ဆိုင်းငံ့ထားတဲ့ လျှောက်လွှာတွေကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း ဆက်လက်စိစစ်ဖို့သာ ရည်ရွယ်တာဖြစ်ပါတယ်။
တရားရုံးအမိန့်တွေနဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေကြောင့် အခြေအနေတချို့ ပြောင်းလဲလာနိုင်ပေမဲ့ လက်ရှိမှာ ဘယ်လောက်အထိ သက်ရောက်လာမလဲဆိုတာ မသေချာသေးဘူးလို့ အမေရိကန်ရောက် မြန်မာ့အရေးလေ့လာသူ ဆရာ Ah Le (Steering Committee – Burma Advocacy Group) က ပြောပါတယ်။
“နိုင်ငံ ၃၉ နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကို ပြန်လည်ဆန်းစစ်မယ်ဆိုပေမဲ့ အခုအချိန်ထိတော့ ဘယ်လိုအဖြေထွက်လာမလဲဆိုတာ မသိရသေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရတာက လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်။ ၂၀၂၇ ခုနှစ် ဇန်နဝါရီလကစပြီး အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေ အလုပ်စလုပ်နိုင်မှာပါ။ Burma Act နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အကောင်အထည်ဖော်လာနိုင်ရင်တော့ အလုပ်ဖြစ်လာနိုင်တယ်။ မြန်မာနိုင်ငံ ပြောင်းလဲလာဖို့ စိတ်ဝင်စားတဲ့သူတွေ ဦးဆောင်လာရင် ဒီအရာတွေ ဖြစ်လာနိုင်တယ်။ ဒဏ်ခတ်အရေးယူတာတွေကိုတော့ ဆက်လုပ်သွားမယ်လို့ ယုံကြည်တယ်။ ဒုက္ခရောက်နေတဲ့သူတွေကိုလည်း အကူအညီပေးလာမယ်လို့ မျှော်လင့်တယ်။ နှစ်နှစ်လုံး ပိတ်ဆို့ထားတဲ့ အရာတွေကို လွှတ်တော်က ဦးဆောင်ပြီး ပြန်လည်လုပ်ဆောင်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးတာတွေကတော့ လက်ရှိအချိန်ထိ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်နဲ့ အင်တာဗျူးမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးတဲ့ မူဝါဒဟာ အလွန်တင်းကျပ်ခဲ့နိုင်ပြီး ရီပတ်ဘလစ်ကန်ပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် ရာဇဝတ်မှုကျူးလွန်ထားတာမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာကြောင့် မဲဆန္ဒရှင်တွေရဲ့ ဝေဖန်မှုတွေ ကြုံခဲ့ရတယ်လို့ ထရမ့်က ပြောပါတယ်။
ဒါကြောင့် တရားရုံးအမိန့်တွေနဲ့ လွှတ်တော်အပြောင်းအလဲတွေကြောင့် အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ ဖြေလျှော့မှုတချို့ ရှိလာနိုင်ပေမဲ့ စတီဖင် မီလာလို တင်းကျပ်တဲ့မူဝါဒကို ထောက်ခံသူတွေ အာဏာရှိနေသေးတာကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် အခြေအနေ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ စောင့်ကြည့်ရဦးမယ့် အခြေအနေ ဖြစ်ပါတယ်။
By – Hope



