လဝါယန်ပြည်သူ့စစ်ခေါင်းဆောင် စက်သုံးဆီမှောင်ခိုမှုနဲ့ မပခမှာ ထိန်းသိမ်းထားခံရဟုဆို
ဝိုင်းမော်မြို့နယ် ဂွေထူဒေသမှာ အခြေစိုက်တဲ့ လဝါယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးနော်လီကို စက်သုံးဆီမှောင်ခိုသယ်ယူမှုနဲ့ ဂိတ်ကြေး အဆမတန်ကောက်ခံမှုတွေကြောင့် စစ်တပ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
“လဝါယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးနော်လီကို မပခမှာ ခေါ်ထိန်းထားတယ်လို့ သတင်းကြားတယ်။ ဂိတ်ထိုင်ပြီး ငွေကြေးအဆမတန်ကောက်တယ်။ မှောင်ခိုဆီ သယ်ယူမှုတွေလည်းပါတယ်” လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလောက်ကစပြီး တရုတ်ဘက်က တင်သွင်းလာတဲ့ စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတွေကို ဝိုင်းမော်–မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားပေါ်ကနေ သယ်ယူဖြတ်သန်းခွင့်ကို စစ်တပ်က ပိတ်ထားတာဖြစ်ပါတယ်။
တရုတ်နယ်စပ် ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်လာတဲ့ ကုန်ကားတွေကို ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာမှာ ကုန်စည်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြစ်ကြီးနားမြို့ထဲကို ကုန်ပစ္စည်းဝင်ရောက်ခွင့် ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ခံရပြီးနောက် လဝါယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးနော်လီဟာ ဂွေထူနဲ့ ဝါရှောင်ကြားက လမ်းပိုင်းမှာ ဂိတ်ကြေးတွေ အဆမတန်ကောက်ခံတာနဲ့ စက်သုံးဆီတွေ မှောင်ခိုသယ်ယူတာတွေ လုပ်ဆောင်နေတယ်လို့ နောင်းချိန်းဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“ဆီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်အထိ သိသွားပုံရတယ်။ ဒါကြောင့် တိုင်းမှူးကလည်း ဖမ်းဆီးထားရင်တောင် ဖမ်းဆီးပြတဲ့သဘောပဲ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဦးနော်လီနဲ့ သူတို့က တစ်ဖွဲ့တည်းပဲလေ။ သတင်းတွေ တအားထွက်လာတော့ ထိန်းသိမ်းပြတဲ့သဘောလို့ ထင်ရပါတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။
လက်ရှိ ဦးနော်လီဟာ စက်သုံးဆီမှောင်ခိုသယ်ယူမှုနဲ့ ဂိတ်ကြေးအဆမတန်ကောက်ခံမှုတွေကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အရေးယူခံထားရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခုလို ထိန်းသိမ်းခံထားရပြီးနောက် ဦးနော်လီဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အဝင်အထွက်ရှိနေပြီး ဂွေထူနဲ့ နောင်းချိန်းကျေးရွာဘက်မှာလည်း အသွားအလာ နည်းသွားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်မှာ ဝိုင်းမော်မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုအတွက် အဓိကအသုံးပြုတဲ့ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းရှေ့က ပြင်မကားလမ်းမကြီးကို စစ်တပ်က သွားလာခွင့် ပိတ်ထားပါတယ်။ ဒါ့အပြင် ဝူယာန်ကျေးရွာအထက်ပိုင်းကို KIA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် တရုတ်နယ်စပ် ကန်ပိုင်တည်ဘက်က ဝင်လာတဲ့ ဆီဘောက်ဆာကားတွေနဲ့ ကုန်တင်ကားတွေဟာ ဝိုင်းမော်မြို့တွင်းက အဓိကကားလမ်းမကြီးကို ရှောင်ကွင်းပြီး ဝါရှောင်နဲ့ ဂွေထူကြားက လမ်းပိုင်းကို အသုံးပြုကာ မိုင်းနားကျေးရွာအထိ သွားလာနေရတာ ဖြစ်ပါတယ်။
အဲဒီလမ်းကြောင်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေရတဲ့ ဂွေထူနဲ့ ဝါရှောင်ကြားမှာ လဝါယန်ပြည်သူ့စစ်အဖွဲ့က ဂိတ်ချထားပြီး ဆီဘောက်ဆာကားနဲ့ ကုန်တင်ကားတွေထံကနေ ဂိတ်ဖြတ်ခအဖြစ် ငွေကျပ်သိန်းရာနဲ့ချီ ကောက်ခံနေတယ်လို့ သိရပါတယ်။
ကားသမားတွေရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်ဂိတ်ကို ဖြတ်သန်းတဲ့ ဆီဘောက်ဆာကားတစ်စီးအတွက် ဂိတ်ဖြတ်ခအဖြစ် ငွေကျပ်သိန်း ၂၀၀ ကနေ ၃၀၀ ကြား ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
ဦးနော်လီရဲ့ ဂိတ်ကြေးကောက်ခံနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ခံတစ်ဦးကလည်း အခုလို ပြောပါတယ်။
“အဓိကတော့ တရုတ်ပြည်က ဝင်လာတဲ့ ဆီတွေကို ဗလမင်းထင်တံတားဖြတ်ပြီး ဒီတိုင်းမဝင်ခိုင်းဘူးထင်တယ်။ ဟိုဘက်ကမ်း ဆီဘောက်ဆာကားတွေအများကြီးပဲ။ နော်လီက ဆီကားတွေကနေ အခွန်ကောက်စားနေတာ အရမ်းအဆင်ပြေနေပြီလေ။ ဆီကားတွေကလည်း အဲဒီပြည်သူ့စစ်ဂိတ်ရှိတဲ့ နေရာကနေပဲ ဖြတ်နေရတယ်ဆိုတော့ ဆီကားတစ်စီးကို သိန်း ၂၀၀၊ ၃၀၀ ကောက်နေတာ” လို့ ပြောပါတယ်။
အလားတူ ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကုန်ကားကြီးတွေဟာလည်း ဂိတ်ဖြတ်ခအဖြစ် ငွေကျပ်သိန်းရာနဲ့ချီ ပေးဆောင်နေရတယ်လို့ သိရပါတယ်။
အဲဒီကုန်ကားတွေဟာ မိုင်းနားကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကုန်စည်စစ်ဆေးရေးဂိတ်မှာ အခွန်ပေးဆောင်ပြီး စစ်ဆေးမှုခံယူရသလို မြစ်ကြီးနားမြို့ထဲကိုလည်း တခြားကုန်ကားအသေးတွေနဲ့ ပြန်လည်သယ်ယူတင်သွင်းနေရတာ ဖြစ်ပါတယ်။
စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေကို အဆင့်ဆင့် အခွန်ကောက်ခံနေတာကြောင့် လက်ရှိမှာ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နှစ်မြို့အကြား ကုန်ဈေးနှုန်းတွေ ကွာဟနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



