စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ခြေထောက်ပြတ်ခဲ့ရ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း တိမ်းဖာတောင်နဲ့ ကျွန်းကြီးရွာဘက်မှာ နိုဝင်ဘာ ၁၄ ရက်က စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံနဲ့ လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွှေဖောင်တွေနဲ့ မွေးမြူထားတဲ့ နွားတွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ Banmaw Scout Team ကနိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်တပ်က ဂျက်ဖိုက်တာ နဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ၁၀ ဦးထဲမှာ နှစ်ဦးကခြေထောက်ဖြတ်လိုက်ရတယ်လို့ Banmaw Scout Team က တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

“ဆုံးသွားတာမျိုး မကြားမိသေးဘူး။ ခြေထောက်ပြတ်သွားတဲ့ လူနာတော့ နှစ်ယောက်ရှိတယ်။ ဒီနေရာတွေက ကပ်လျက် လောက် အနေအထားပဲ။ ၅ မိနစ်၊ ၁၀ မိနစ်လောက် မောင်းရင် ရောက်တဲ့နေရာတွေကြီးပဲ”လို့ သူက ပြောပါတယ်။

ထုတ်ပြန်ချက်နဲ့အတူ တွေ့ရတဲ့ ဓာတ်ပုံထဲမှာလည်း ဒေသခံတစ်ဦးဟာ နားရွက်ပြတ်ရှဒဏ်ရာရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

တိမ်းဖာတောင်နဲ့ ကျွန်းကြီးဘက်ကို ဆောင်းတွင်းကာလရေကျချိန်မှာ ကားတွေ သွားလာနိုင်ဖို့ မိုးလဲချောင်းကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့လမ်းပိုင်းကို ၂ ကြိမ်တိတိ ပထမဆုံးဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အဲ့ဒီနောက် တစ်ဆက်တည်းမှာပဲ Y-12 လေယာဉ်နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ငှက်ပျောတောနဲ့ သဖန်းပင်ကျေးရွာ အနီးက ရွှေဖောင်တွေကိုလည်း အကြိမ် ၃၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ရှိခဲ့ပြီး ခြေထောက်ပြတ်တောက်သွားသူ ၂ ဦးလည်း ပါဝင်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြစ်ကြီးတစ်လျှောက်မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ရွှေဖောင်တွေ ထိခိုက်ပျက်စီးခဲ့သလို မွေးမြူထားတဲ့ နွားတွေလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တိုက်ခိုက်ခံရတဲ့နေရာတစ်ဝိုက်က ရွှေဖောင်တွေ ရပ်နားထားရပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေလည်း ယာယီ ရပ်တန့်နေတဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ရွှေဖောင်တွေကတော့ ရပ်ထားတယ်ပေါ့။ လောလောဆယ် ရပ်သွားတယ်ဆိုတာထက်ကို ရပ်ထားရတဲ့ အနေအထားမျိုး ဖြစ်မှာပေါ့။ ခါတိုင်းလည်း ဖြစ်နေကျဆိုတော့ ကျနော်တို့ အထင်တော့ ဒီကြားထဲ ပြန်တူးကြလိမ့်မယ်ထင်တာပဲ”လို့ သူက ပြောပါတယ်။

ဗန်းမော်မြို့နယ်အတွင်း တိမ်းဖာတောင်၊ ကျွန်းကြီးနဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေရဲ့ သွားလာရေးနဲ့ ဒေသတွင်း ရွှေတူးဖော်ရေးလုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။

လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူတွေရဲ့ စာရင်း ထပ်တိုးမှုမရှိသလို သေဆုံးသူလည်း မရှိခဲ့ပေမဲ့ ဒေသခံနှစ်ဦးကတော့ ခြေထောက်ဖြတ်လိုက်ရပါတယ်။

ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွှေတူးဖော်ရေးလုပ်ငန်းနေရာတွေဟာ အရင်ကလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့နေရာတွေ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းကျေးရွာအနီးက ရွှေလုပ်ကွက်နေရာ တွေကို စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ KNG က ဖော်ပြခဲ့ပါတယ်။

အလားတူ ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာလည်း ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား စင်းခန်းဒေသ ဧရာဝတီမြစ်ကြောင်းပေါ်က ရွှေဖောင်တွေကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၆ ရက်နေ့မှာလည်း ကသာ–ဗန်းမော်လမ်းပေါ်က စင်းခန်းဧရာဝတီမြစ်ကူးတံတားကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တံတားပျက်စီးပြီး သွားလာလို့မရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button