အမှိုက်မီးခိုးငွေ့ကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်
မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တချို့နဲ့ ဈေးတွေမှာ အမှိုက်မီးရှို့နေကြတာကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက် ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်မှာ အမှိုက်သိမ်းကား ပုံမှန်မလာတော့သလို ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး ရပ်ကွက်တချို့မှာ လုံးဝမလာတော့တာကြောင့် နေအိမ်ခြံဝင်းတွေနဲ့ ရပ်ကွက်ဈေးတွေမှာ အမှိုက်တွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမှိုက်တွေ ရက်ရှည်စုပုံလာတဲ့အခါ အနံ့ဆိုးတွေထွက်လာတာကြောင့် ပြည်သူတွေက ကိုယ်တိုင်မီးရှို့ရှင်းလင်းနေကြရပြီး ပလတ်စတစ်၊ တာယာနဲ့ အခြားအိမ်သုံးအမှိုက်တွေပါ မီးရှို့ကြတာကြောင့် မီးခိုးငွေ့တွေဟာ အနီးအနား နေအိမ်တွေနဲ့ ရပ်ကွက်လမ်းတွေအထိ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။
“အမှိုက်တွေက ကြာကြာထားရင် အနံ့ဆိုးထွက်လာတော့ မီးရှို့ရတာပေါ့။ မီးရှို့တဲ့အခါ ပလတ်စတစ်တွေလည်း ပါတယ်။ မီးခိုးတွေက အိမ်ထဲအထိ ဝင်လာတယ်။ အိမ်မှာ ကလေးတွေလည်း ရှိတော့ ဒီလိုမီးခိုးတွေကို ရှူနေရရင် ကျန်းမာရေးထိခိုက်မှာ စိုးရိမ်တယ်။ အမှိုက်သိမ်းကား ပုံမှန်လာပေးစေချင်တယ်” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

အမှိုက်မီးရှို့ရာက ထွက်လာတဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်မိရင် မျက်စိနဲ့ နှာခေါင်းယားယံတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူရခက်တာတွေ ဖြစ်နိုင်တဲ့အတွက် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေမှာ ကျန်းမာရေးထိခိုက်လာနိုင်တယ်လို့လည်း CDM ဆရာဝန်တစ်ဦး ပြောပါတယ်။
“အဓိက အဆုတ်မကောင်းတဲ့သူတွေ၊ ပန်းနာရင်ကျပ်ရောဂါရှိတဲ့သူတွေဆိုရင် ဒီအမှိုက်မီးရှို့တဲ့အငွေ့ကို ရှူလို့တောင် မရပါဘူး။ ရှူမိရင် မျက်စိစပ်တာ၊ မျက်ရည်ကျတာ၊ နှာခေါင်းနဲ့ လည်ချောင်းယားယံတာ၊ ချောင်းဆိုးတာ၊ သလိပ်ထွက်တာ၊ အသက်ရှူကျပ်တာနဲ့ ရင်ကြပ်တာတွေ ဖြစ်နိုင်ပါတယ်။ တချို့ဆိုရင် ခေါင်းကိုက်တာ၊ မူးဝေတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အဆုတ်ရောဂါရှိပြီးသားသူတွေမှာ ရောဂါလက္ခဏာ ပိုဆိုးလာနိုင်ပါတယ်”
ဒါ့အပြင် အိမ်အပြင်ထွက်သွားလာနေတဲ့ ပြည်သူတွေနဲ့ လမ်းသွားလမ်းလာတွေလည်း မီးခိုးငွေ့တွေကို ရှူရှိုက်မိနိုင်တာကြောင့် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်တဲ့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ရပ်ကွက်တိုင်းမှာ အမှိုက်သိမ်းကား ပုံမှန်လာရောက်နိုင်မယ့် အချိန်ဇယားနဲ့ စနစ်တကျ စီစဉ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
By – Zami




